ၾကားသိရသမွ်

နိုင်ငံခြားကုမ္ပဏီတချို့ ဆိုင်ပိတ်သိမ်းပြီး မြန်မာနိုင်ငံက ထွက်ခွာမည်

မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေတွေကြောင့် နိုင်ငံတွင်းမှာ ဖွင့်လှစ်ထားတဲ့ နာမည်ရှိ နိုင်ငံခြားကုမ္ပဏီ တချို့ ရုံးနဲ့ ဆိုင်ခွဲတွေ ပိတ်သိမ်းတော့မယ်ဆိုတဲ့ ကြေညာချက်တွေ အသီးသီး ဒီနေ့ ထုတ်ပြန်ခဲ့ကြပါတယ်။

၂ဝ၁၉ ခုနှစ်က မြန်မာနိုင်ငံမှာ ဆိုင်ခွဲစဖွင့်ခဲ့တဲ့ အမေရိကန်အခြေစိုက် Auntie Anne’s ပေါင်မုန့်ဆိုင်က… ပြောင်းလဲလာတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ဆိုင်တွေပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။

ရန်ကုန်မြို့တွင်းမှာ Auntie Anne’s Myanmar ပေါင်မုန့်ဆိုင်ခွဲ သုံးဆိုင် ဖွင့်လှစ်ထားတာပါ။ Junction Square ဈေးဝယ်စင်တာက ဆိုင်ခွဲကို ဇွန်လ ၃ဝ ရက်နေ့မှာ ပိတ်သိမ်းခဲ့ပြီဖြစ်ပြီး မြန်မာပလာဇာဆိုင်ခွဲကို ဇူလိုင် ၁၆ ရက်၊ Junction City က ဆိုင်ခွဲကိုတော့ သြဂုတ်လ ၁၆ ရက် နောက်ဆုံးထား ပိတ်သိမ်းသွားမယ်လို့လည်း ဆိုပါတယ်။

ထိုင်းအခြေစိုက် Jelly Bunny အိတ်နဲ့ ဖိနပ် ကုမ္ပဏီကလည်း ကိုဗစ်ကူးစက်မှုနဲ့ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကြားမှာ မြင့်တက်နေတဲ့ ငွေလဲနှုန်း၊ သယ်ယူပို့ဆောင်စရိတ်နဲ့ အခွန်အခတွေကြောင့် ပစ္စည်းတွေကို ဈေးနှုန်း သင့်တင့်အောင် ထပ်မသွင်းပေးနိုင်တာကြောင့် Jelly Bunny Myanmar ဆိုင်ခွဲတွေ ပိတ်သိမ်းတော့မယ်ဆိုပြီး ဒီနေ့မှာ ကြေညာခဲ့ပါတယ်။

Jelly Bunny ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လေးနှစ်ခွဲကြာ ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ထိုင်ဝမ်အခြေစိုက် KOI The’ Myanmar Bubble Tea ရဲ့ ဆိုင်ခွဲတွေလည်း မနက်ဖြန်ကစ ပိတ်သိမ်းတော့မယ်ဆိုတာ ဟုတ်မှန်ကြောင်း စားသုံးသူတွေရဲ့ မေးမြန်းမှုတွေကို KOI The’ Myanmar က အတည်ပြု ဖြေကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စီးပွားရေးအများစု အရှုံးပေါ်ခဲ့ကြပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဘဏ်စနစ်အပါအဝင် အခက်အခဲတွေကြောင့် ပိုမိုကျပ်တည်းသွားခဲ့ပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေးကျပ်တည်းလာမှုနဲ့ တစ်ကျော့ပြန် ကိုဗစ်ရောဂါလှိုင်းကြောင့် လုပ်ငန်းနဲ့ အရောင်းအဝယ် ရပ်နားထားရတဲ့ နိုင်ငံခြားကုမ္ပဏီ အများအပြား ရှိနေပါတယ်။ ဒီအခြေအနေတွေကြောင့် နိုင်ငံခြားကုမ္ပဏီတွေရော ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေပါ ပုံမှန်အတိုင်း ပြန်လည်ပတ်လို့ မရသေးတဲ့ အခြေအနေမှာပဲရှိနေပြီး တချို့လုပ်ငန်းတွေ ဖျက်သိမ်းလိုက်ရတဲ့အထိ ရှိလာနေကြပါတယ်။

————————-

ျမန္မာႏိုင္ငံမွာ လက္ရွိရင္ဆိုင္ေနရတဲ့အေျခအေနေတြေၾကာင့္ ႏိုင္ငံတြင္းမွာ ဖြင့္လွစ္ထားတဲ့ နာမည္ရွိ ႏိုင္ငံျခားကုမၸဏီ တခ်ိဳ႕ ႐ုံးနဲ႔ ဆိုင္ခြဲေတြ ပိတ္သိမ္းေတာ့မယ္ဆိုတဲ့ ေၾကညာခ်က္ေတြ အသီးသီး ဒီေန႔ ထုတ္ျပန္ခဲ့ၾကပါတယ္။

၂ဝ၁၉ ခုႏွစ္က ျမန္မာႏိုင္ငံမွာ ဆိုင္ခြဲစဖြင့္ခဲ့တဲ့ အေမရိကန္အေျခစိုက္ Auntie Anne’s ေပါင္မုန႔္ဆိုင္က… ေျပာင္းလဲလာတဲ့ အေျခအေန အရပ္ရပ္ေၾကာင့္ ဆိုင္ေတြပိတ္သိမ္းေတာ့မွာ ျဖစ္ေၾကာင္း သူတို႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေၾကညာခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕တြင္းမွာ Auntie Anne’s Myanmar ေပါင္မုန႔္ဆိုင္ခြဲ သုံးဆိုင္ ဖြင့္လွစ္ထားတာပါ။ Junction Square ေဈးဝယ္စင္တာက ဆိုင္ခြဲကို ဇြန္လ ၃ဝ ရက္ေန႔မွာ ပိတ္သိမ္းခဲ့ၿပီျဖစ္ၿပီး ျမန္မာပလာဇာဆိုင္ခြဲကို ဇူလိုင္ ၁၆ ရက္၊ Junction City က ဆိုင္ခြဲကိုေတာ့ ၾသဂုတ္လ ၁၆ ရက္ ေနာက္ဆုံးထား ပိတ္သိမ္းသြားမယ္လို႔လည္း ဆိုပါတယ္။

ထိုင္းအေျခစိုက္ Jelly Bunny အိတ္နဲ႔ ဖိနပ္ ကုမၸဏီကလည္း ကိုဗစ္ကူးစက္မႈနဲ႔ ႏိုင္ငံတြင္း မတည္မၿငိမ္ျဖစ္ေနတဲ့ အေျခအေနၾကားမွာ ျမင့္တက္ေနတဲ့ ေငြလဲႏႈန္း၊ သယ္ယူပို႔ေဆာင္စရိတ္နဲ႔ အခြန္အခေတြေၾကာင့္ ပစၥည္းေတြကို ေဈးႏႈန္း သင့္တင့္ေအာင္ ထပ္မသြင္းေပးႏိုင္တာေၾကာင့္ Jelly Bunny Myanmar ဆိုင္ခြဲေတြ ပိတ္သိမ္းေတာ့မယ္ဆိုၿပီး ဒီေန႔မွာ ေၾကညာခဲ့ပါတယ္။

Jelly Bunny ကုမၸဏီဟာ ျမန္မာႏိုင္ငံမွာ ေလးႏွစ္ခြဲၾကာ ဆိုင္ခြဲေတြ ဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။ထိုင္ဝမ္အေျခစိုက္ KOI The’ Myanmar Bubble Tea ရဲ႕ ဆိုင္ခြဲေတြလည္း မနက္ျဖန္ကစ ပိတ္သိမ္းေတာ့မယ္ဆိုတာ ဟုတ္မွန္ေၾကာင္း စားသုံးသူေတြရဲ႕ ေမးျမန္းမႈေတြကို KOI The’ Myanmar က အတည္ျပဳ ေျဖၾကားထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ စီးပြားေရးအမ်ားစု အရႈံးေပၚခဲ့ၾကၿပီး အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာေတာ့ ဘဏ္စနစ္အပါအဝင္ အခက္အခဲေတြေၾကာင့္ ပိုမိုက်ပ္တည္းသြားခဲ့ပါတယ္။

ႏိုင္ငံေရး မတည္ၿငိမ္မႈ၊ စီးပြားေရးက်ပ္တည္းလာမႈနဲ႔ တစ္ေက်ာ့ျပန္ ကိုဗစ္ေရာဂါလႈိင္းေၾကာင့္ လုပ္ငန္းနဲ႔ အေရာင္းအဝယ္ ရပ္နားထားရတဲ့ ႏိုင္ငံျခားကုမၸဏီ အမ်ားအျပား ရွိေနပါတယ္။ ဒီအေျခအေနေတြေၾကာင့္ ႏိုင္ငံျခားကုမၸဏီေတြေရာ ျပည္တြင္းစီးပြားေရးလုပ္ငန္းေတြပါ ပုံမွန္အတိုင္း ျပန္လည္ပတ္လို႔ မရေသးတဲ့ အေျခအေနမွာပဲရွိေနၿပီး တခ်ိဳ႕လုပ္ငန္းေတြ ဖ်က္သိမ္းလိုက္ရတဲ့အထိ ရွိလာေနၾကပါတယ္။