ၾကားသိရသမွ်

မနက် ၄ နာရီ ဒေါ်စုခြံကိုဝင်လိုက်တဲ့အချိန်မှာ ဂိတ်မှာလူမရှိဘူး၊ အရာရှိဆောင်ရော၊ ကိုယ်ရေးအရာရှိဆောင်မှာရော

စစ်တပ်အာဏာသိမ်းစဉ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဝင်ရောက်စီးနင်းရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များရှိမနေ ဘဲ စကားပြောစက်များသာတွေ့ခဲ့သည်ကို ယနေ့တရားခွင် စစ်မေးမှုများအရ ပေါ်ပေါက်ကြောင်း ရှေ့နေများက ပြောသည်။

ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့သည့် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ဝင်းထွဋ်ဦး အား စစ်မေးခဲ့ခြင်းဖြစ်ပြီး ဝင်ရောက်ရှာဖွေမှုအတွက်လည်း ဝရမ်းမပါရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ရှေ့နေတဦး က “မနက် ၄ နာရီ ဒေါ်စုခြံကိုဝင်လိုက်တဲ့အချိန်မှာ ဂိတ်မှာလူမရှိဘူး၊ အရာရှိဆောင်ရော၊ ကိုယ်ရေးအရာရှိဆောင်မှာရော လူမရှိဘူး၊ ဒါကထူးခြားတာပေါ့၊ လူမရှိဘဲ စက်တွေပဲမိတယ်ပေါ့၊ ဝန်ထမ်းတွေက ရှိနေရမှာပေါ့၊ ဒါဘာအ ဓိပ္ပါယ်လဲ စဉ်းစားကြည့်ပေါ့၊ ဒါကြောင့် အမှုပေါ်သွားပြီလို့ ပြောတာ၊ လာရှာတာ ဝရမ်းလဲမပါဘူး” ဟု ပြောသည်။

စကားပြောစက်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၎င်းတို့ကိုယ်တိုင် ဝယ်ယူကိုင်ဆောင်ကြောင်း သက်သေပြနိုင်သည့် ပြေစာများလည်း ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်းလည်း ထွက်ဆိုချက်များအရ သိရသည်။

အဆိုပါ စကားပြောစက်များ သိမ်းဆည်းရမိသည့် အကြောင်းကိုလည်း မနက် ၉ နာရီခွဲခန့်မှသာ ဒေါ်အောင်ဆန်း စုကြည်ထံ သတင်းပို့ခဲ့ကြောင်းလည်း ရှေ့နေများ၏ ပြောပြချက်အရသိရသည်။

ဖမ်းမိသည့် စကားပြောစက်များအားလုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းမှ ဖမ်းမိခဲ့ခြင်းမဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနက ခန့်အပ်တာဝန်ပေးထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေထိုင်သည့်အဆောင်များထဲ တွေ့ရှိခဲ့ခြင်းသာ ဖြစ်ကြောင်းလည်း ပြီးခဲ့သည့်အပတ်ရုံးချိန်းတွင် ထွက်ဆိုချက်များရှိထားသည်။

ယနေ့တရားခွင်တွင် ၎င်းစကားပြောစက်များ ဖမ်းမိမှုပတ်သက်ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲထားမှုမှ တရားလိုပြသက်သေ ၃ ဦးအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဆက်လက်စစ်ဆေး ရန် တရားလိုပြသက်သေ အမှုစစ်ရဲအရာရှိတဦးသာ ကျန်ရှိတော့သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုအတွက် တရားလိုပြသက်သေ ၂ ဦးစစ်ဆေးရန် ခေါ်ယူထားသော်လည်း တဦးသာ လာရောက်နိုင်ခဲ့သည့်အတွက် တရားလိုပြသက်သေအနေဖြင့် ယနေ့တဦးသာ စစ်ဆေးနိုင်ခဲ့သည်။

ယနေ့တရားခွင်မစတင်မီ တွေ့ဆုံရာ၌လည်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု မြင့်တက်နေသည့် အခြေအနေများ နှင့် ပတ်သက်ပြီး စိုးရိမ်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့က ပြောကြားခဲ့ကြောင်းလည်း ရှေ့နေများကပြောသည်။

ယင်းအပြင် တရားခွင့်အတွင်း အမှုစစ်ဆေးမေးမြန်ရာတွင်းလည်း စိတ်ရှည်ရှည်ထား စစ်မေးကြဖို့ ဒေါ်အောင် ဆန်းစုကြည် က သတိပေးကြောင်းလည်း ရှေ့နေများကပြောသည်။

———————–

စစ္တပ္အာဏာသိမ္းစဥ္ ေဒၚေအာင္ဆန္းစုၾကည္ေနအိမ္သို႔ ဝင္ေရာက္စီးနင္းရာမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားရွိမေန ဘဲ စကားေျပာစက္မ်ားသာေတြ႕ခဲ့သည္ကို ယေန႔တရားခြင္ စစ္ေမးမႈမ်ားအရ ေပၚေပါက္ေၾကာင္း ေရွ႕ေနမ်ားက ေျပာသည္။

ယေန႔တရားခြင္တြင္ ေဒၚေအာင္ဆန္းစုၾကည္ေနအိမ္သို႔ ဝင္ေရာက္စီးနင္းရွာေဖြခဲ့သည့္ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္မႉး ဝင္းထြဋ္ဦး အား စစ္ေမးခဲ့ျခင္းျဖစ္ၿပီး ဝင္ေရာက္ရွာေဖြမႈအတြက္လည္း ဝရမ္းမပါရွိခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္ဟု သိရသည္။

ေရွ႕ေနတဦး က “မနက္ ၄ နာရီ ေဒၚစုၿခံကိုဝင္လိုက္တဲ့အခ်ိန္မွာ ဂိတ္မွာလူမရွိဘူး၊ အရာရွိေဆာင္ေရာ၊ ကိုယ္ေရးအရာရွိေဆာင္မွာေရာ လူမရွိဘူး၊ ဒါကထူးျခားတာေပါ့၊ လူမရွိဘဲ စက္ေတြပဲမိတယ္ေပါ့၊ ဝန္ထမ္းေတြက ရွိေနရမွာေပါ့၊ ဒါဘာအ ဓိပၸါယ္လဲ စဥ္းစားၾကည့္ေပါ့၊ ဒါေၾကာင့္ အမႈေပၚသြားၿပီလို႔ ေျပာတာ၊ လာရွာတာ ဝရမ္းလဲမပါဘူး” ဟု ေျပာသည္။

စကားေျပာစက္မ်ားႏွင့္ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ၎တို႔ကိုယ္တိုင္ ဝယ္ယူကိုင္ေဆာင္ေၾကာင္း သက္ေသျပႏိုင္သည့္ ေျပစာမ်ားလည္း ရွာေဖြေတြ႕ရွိျခင္း မရွိခဲ့ေၾကာင္းလည္း ထြက္ဆိုခ်က္မ်ားအရ သိရသည္။

အဆိုပါ စကားေျပာစက္မ်ား သိမ္းဆည္းရမိသည့္ အေၾကာင္းကိုလည္း မနက္ ၉ နာရီခြဲခန႔္မွသာ ေဒၚေအာင္ဆန္း စုၾကည္ထံ သတင္းပို႔ခဲ့ေၾကာင္းလည္း ေရွ႕ေနမ်ား၏ ေျပာျပခ်က္အရသိရသည္။

ဖမ္းမိသည့္ စကားေျပာစက္မ်ားအားလုံးသည္ ေဒၚေအာင္ဆန္းစုၾကည္၏ ေနအိမ္အတြင္းမွ ဖမ္းမိခဲ့ျခင္းမဟုတ္ဘဲ ျပည္ထဲေရးဝန္ႀကီးဌာနက ခန႔္အပ္တာဝန္ေပးထားသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ေနထိုင္သည့္အေဆာင္မ်ားထဲ ေတြ႕ရွိခဲ့ျခင္းသာ ျဖစ္ေၾကာင္းလည္း ၿပီးခဲ့သည့္အပတ္႐ုံးခ်ိန္းတြင္ ထြက္ဆိုခ်က္မ်ားရွိထားသည္။

ယေန႔တရားခြင္တြင္ ၎စကားေျပာစက္မ်ား ဖမ္းမိမႈပတ္သက္ၿပီး ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၇ တို႔ျဖင့္ တရားစြဲထားမႈမွ တရားလိုျပသက္ေသ ၃ ဦးအား စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး ဆက္လက္စစ္ေဆး ရန္ တရားလိုျပသက္ေသ အမႈစစ္ရဲအရာရွိတဦးသာ က်န္ရွိေတာ့သည္။

ယင္းအျပင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတဦးဝင္းျမင့္တို႔အား သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ ျဖင့္ တရားစြဲဆိုထားမႈအတြက္ တရားလိုျပသက္ေသ ၂ ဦးစစ္ေဆးရန္ ေခၚယူထားေသာ္လည္း တဦးသာ လာေရာက္ႏိုင္ခဲ့သည့္အတြက္ တရားလိုျပသက္ေသအေနျဖင့္ ယေန႔တဦးသာ စစ္ေဆးႏိုင္ခဲ့သည္။

ယေန႔တရားခြင္မစတင္မီ ေတြ႕ဆုံရာ၌လည္း ကိုဗစ္-၁၉ ကပ္ေရာဂါကူးစက္မႈ ျမင့္တက္ေနသည့္ အေျခအေနမ်ား ႏွင့္ ပတ္သက္ၿပီး စိုးရိမ္ေနေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးဝင္းျမင့္တို႔က ေျပာၾကားခဲ့ေၾကာင္းလည္း ေရွ႕ေနမ်ားကေျပာသည္။

ယင္းအျပင္ တရားခြင့္အတြင္း အမႈစစ္ေဆးေမးျမန္ရာတြင္းလည္း စိတ္ရွည္ရွည္ထား စစ္ေမးၾကဖို႔ ေဒၚေအာင္ ဆန္းစုၾကည္ က သတိေပးေၾကာင္းလည္း ေရွ႕ေနမ်ားကေျပာသည္။

Credit – ဧရာ၀တီ