အချိန်နဲ့အမျှ လူတွေဟာ ကိုယ်စားသောက်တဲ့ အစားအစာအပေါ်မှာ သတိထားမှုတွေ လျော့နည်းလာပြီး ကျန်မာရေးနဲ့ သင့်တော်မှုရှိမရှိကို စမ်းစစ်ဖို့အတွက် မေ့လာတတ်ကြပါတယ်။
ပုံမှန်အချိန်မျိုးတွေမှာ စားသုံးမှုပြုလုပ်တာမျိုးက အန္တရာယ်မဖြစ်နိုင်စေမယ့် မသင့်တော်တဲ့အချိန်မျိုးမှာစားသုံးမိလိုက်ရင်တော့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ မှားယွင်းတဲ့အချိန်တွေမှာ စားသုံးမိတဲ့အခါမှာ သင့်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဌက်ပျောသီး
ဌက်ပျောသီးဟာ မနက်ခင်းကိုအစပြုနိုင်တဲ့ အစားအစာတစ်ခုဖြစ်ပေမယ့် အစာအိမ်ထဲမှာ ဘာအစားအစာမှ မရှိသေးတဲ့အချိန်မျိုးတွေမှာ စားသုံးလိုက်မယ်ဆိုရင်တော့ တစ်နေ့တာကို စတင်နိုင်မယ့် ခွန်အားတွေကိုယုတ်လျှော့သွားစေနိုင်ပါတယ်။
ဌက်ပျောသီးမှာ ပါဝင်တဲ့ သကြားဓာတ်ပမာဏကြောင့် စားသုံးလိုက်တဲ့အချိန်မှာ ခွန်အားပြည့်ဝလာသလို ခံစားရမှာဖြစ်ပေမယ့် နှစ်နာရီလောက်ကြာပြီးတဲ့အချိန်မှာတော့ ရုတ်တရက် ပင်ပန်းနွမ်းနယ်လာပြီး ဗိုက်ပြန်ဆာလာပါတယ်။ သတိထားသင့်တဲ့အချက်ကတော့ အူသိမ်လှုပ်ရှားမှုမမှန်ကန်တဲ့သူတွေ ဌက်ပျောသီးစားသုံးခြင်းဟာ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်လို့ သတိထားစားသုံးသင့်ပါသေးတယ်။
တကယ်လို့ ဌက်ပျောသီးကို မနက်စာအဖြစ် စားသုံးချင်တယ်ဆိုရင်တော့ ဌက်ပျောသီးအပြင် တခြားသော အစားအစာတွေကိုပါ ရောပြီး စားသုံးပေးနိုင်ပါတယ်။ ဌက်ပျောသီးနဲ့ တွဲဖက်စားသုံးဖို့အတွက် ကျန်းမာစေတဲ့ အဆီဖြစ်တဲ့ မြေပဲထောပတ်ယိုလည်း သင့်တော်ပါတယ်။
(၂) ကော်ဖီ
တချို့သော လူတွေအတွက် မနက်မိုးလင်းလင်းချင်း ကော်ဖီတစ်ခွက်လောက်သောက်သုံးလိုက်တာက အလေ့အကျင့်ဖြစ်နေကြပါပြီ။ အိပ်ရာနိုးနိုးချင်း ကော်ဖီတစ်ခွက် သောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် အကျိုးလုံးဝမရှိစေပါဘူး။ လေ့လာချက်တွေအရ မနက်စာမစားခင် ကော်ဖီသောက်သုံးခြင်းက ခန္ဓာကိုယ်က ကဖိန်းဓာတ်ကို လက်ခံနိုင်တယ်လို့ဆိုပါတယ်။
ဒါပေမယ့်လည်း မနက်အိပ်ရာနိုးနိုးချင်းမှာ ခန္ဓာကိုယ်မှာ ကော်တီဆိုးတွေ ထွက်ရှိလာပြီး အဲ့ဒီအချိန်မျိုးမှာ ခန္ဓာကိုယ်က ကဖိန်းဓာတ်တွေ သောက်သုံးပြီး အလုပ်ထပ်မပေးမိစေဖို့လိုအပ်ပါတယ်။ အဲ့ဒါမှလည်း ခန္ဓာကိုယ်က စနစ်ကျကျပုံမှန် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဒီတော့ အိပ်ရာနိုးနိုးချင်း ကော်ဖီတန်းသောက်တာမျိုးမလုပ်ဘဲ နာရီအနည်းငယ်လောက်စောင့်ဆိုင်းပြီးမှ ကော်ဖီသောက်သုံးတာက အသင့်တော်ဆုံးလို့ အကြံပေးချင်ပါတယ်။ ကဖိန်းပါဝင်တဲ့ ကော်ဖီတို့အအေးတို့ကို သောက်သုံးရာမှာလည်း တစ်နေ့တာရဲ့ လိုအပ်ချက်ကို မကျော်လွန်စေဖို့နဲ့ အိပ်စက်မှုကိုမနှောင့်ယှက်နိုင်ဖို့အတွက် ညနေဘက်တွေမှာ သောက်သုံးခြင်းလည်း မပြုသင့်ပါ။
(Shwe Nyan Shin)
(၃) ထမင်း
မြန်မာလူမျိုးတွေဆိုတော့ ထမင်းက နေ့စဉ် စားသုံးတဲ့နေရာမှာ မပါမဖြစ်ပါပဲ..တစ်နေကုန် အလုပ်ပင်ပင်ပန်းပန်းလုပ်ပြီးသွားကြရင် ညနေဘက်ရောက်မှ ဗိုက်ဆာဆာနဲ့ထမင်းအများကြီးစားသုံးမိတာတွေကို ကြုံဖူးကြမှာပါ။
ထမင်းမှာပါဝင်တဲ့ ကာဗွန်ဟိုက်ဒရိတ်ဓာတ်ဟာ အစာခြေဖျက်ဖို့အတွက် အချိန်အကြာကြီး ယူရပါတယ်။ ဒါကြောင့်လည်း တစ်နေကုန် ခွန်အားအပြည့်နဲ့သွားလာလှုပ်ရှားနိုင်တာပဲဖြစ်ပါတယ်။မနက်ခင်းဘက်မှာ ထမင်းစားသုံးလိုက်တာက ဘာမှမဖြစ်ပေမယ့် ညနေဘက်နဲ့ညဘက်တွေမှာ ထမင်းစားသုံးခြင်းက အစာခြေဖျက်ဖို့အတွက်ပိုကြာမြင့်စေတဲ့အပြင် ကယ်လိုရီတွေကြောင့်ကိုယ်အလေးချိန်ကို တက်လာစေပြီး အဝလွန်စေနိုင်ပါတယ်။
ထမင်းစားသုံးဖို့အတွက် အသင့်တော်ဆုံးအချိန်ကတော့ နေ့လည်ဘက်ပဲဖြစ်ပါတယ်။နေ့လည်ခင်းမှာ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်တွေက မှန်ကန်ပြီး အစာခြေဖျက်ဖို့အတွက် အကောင်းဆုံးအချိန်ပါ။ ဒီကနေ ရတဲ့ခွန်အားတွေက တစ်နေ့တာလုံးကို အင်အားဖြည့်ပေးနိုင်ပါလိမ့်မယ်။
(၄) အချို
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ စားချင်တယ်ဆိုရင်တော့ သကြားကို ပြုပြင်ပြောင်းလဲထားတဲ့ အချိုတွေကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း တစ်ခါတစ်လေ စားချင်စိတ်ပေါ်လာရင်တော့ ဘယ်သူမှ မဆိုစားမိမှာပါ။
စားချင်စိတ်ပေါ်လာလို့ စားလိုက်မိတဲ့ သကြားဓာတ်ပါဝင်သော မုန့်တွေကို စားသုံးမှုတွေက အလွန်အကျွန်ဖြစ်သွားတတ်ပါတယ်။ သကြားဓာတ်အများအပြားပါဝင်တဲ့ အချိုမုန့်တွေကို အလွန်အကျွန်စားသုံးမိတဲ့အခါမှာတော့ သွေးတွင်းသကြားဓာတ်ကို မြင့်တက်လာစေပြီး ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ရှုပ်ထွေးမှုတို့ကို ခံစားလာရပါတော့တယ်။
တကယ်လို့ အချိုစားချင်စိတ်ကို မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ နေ့လည်စာစားသုံးပြီးတဲ့အခါမျိုးတွေမှာ အချိုမုန့်အနည်းငယ်ကို အာသာပြေ အနည်းငယ်လောက် စားသုံးပေးနိုင်ပါတယ်။ အခုလိုစားသုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ်တွေ ပြင်းပြင်းထန်ထန်မတက်သွားနိုင်ပါဘူး။
(Shwe Nyan Shin)
(၅) နွားနို့
တစ်ချို့သော သူတွေဟာ အားအင်ပြည့်ဝတဲ့ မနက်ခင်းဖြစ်ဖို့အတွက် နွားနို့တစ်ခွက်နဲ့အစပြုကြလေ့ရှိပါတယ်။ ဒါပေမယ့် မနက်ခင်းမှာ နွားနို့တစ်ခွက်သောက်ခြင်းက ကလေးတွေအတွက်ပဲ ကောင်းကျိုးပေးနိုင်ပေမယ့် လူကြီးတွေအတွက် မဟုတ်ပါဘူး။
နွားနို့ဟာ အစာခြေဖျက်ဖို့အတွက် ခက်ခဲနိုင်ပါတယ်။ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ် နှေးကွေးလာတဲ့ လူကြီးတွေအနေနဲ့ မနက်ခင်းမှာ မနက်စာနဲ့အတူနွားနို့သောက်သုံးလိုက်မယ်ဆိုရင် ရင်ဘတ်အောင့်ခြင်းနဲ့ အစာအိမ့်အောင့်ခြင်းတို့ကို ခံစားရပါလိမ့်မယ်။
နွားနို့သောက်ရတာ ကြိုက်တယ်ဆိုရင်တော့ ညနေခင်းဟာ နွားနို့ပူပူလေးတစ်ခွက်ကို သောက်သုံးဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်ပြီး အကျိုးကျေးဇူးကတော့ ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး ညဘက်တွေမှာ ကောင်းကောင်းမွန်မွန်အိပ်စက်အနားယူနိုင်ပါလိမ့်မယ်။
(၆) အသား
အသားဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် ဘီနဲ့ ပရိုတိန်းဓာတ်ကို အဓိကထောက်ပံ့ပေးနိုင်တဲ့ အစားအစားတစ်ခုပါ။ ဒါပေမယ့် အသားများများစားသုံးခြင်းက အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာဝင်ခါနီးအချိန်မျိုးတွေမှာ အသားစားသုံးခြင်းကို ရှောင်ကြဉ်သင့်တာပဲဖြစ်ပါတယ်။
တကယ်လို့ အသားစားသုံးချင်စိတ် ပေါ်လာရင် ပါးလွှာတဲ့အသားကိုပဲ ညအိပ်ရာမဝင်ခင် သုံးနာရီလောက်ကြိုစားသုံးခြင်းက အစာခြေဖို့အတွက်လည်းများပြားတဲ့ ပမာဏမဟုတ်သလို စိတ်ကျေနပ်စေပါလိမ့်မယ်။
တစ်နေ့တာလုံးရဲ့ အသားစားသုံးဖို့အတွက် သတိပြုသင့်တဲ့အချိန်တွေကတော့ မနက်ခင်းနဲ့ ညအိပ်ရာဝင်ခါနီးဖြစ်ပြီး အဲ့ဒီအချိန်တွေကလွဲရင် တစ်နေကုန် နှစ်သက်သလို သုံးဆောင်နိုင်ပါတယ်။
(Shwe Nyan Shin)
(၇) အစေ့အဆန်များ
ကျန်းမာတဲ့အဆီနဲ့ ကယ်လိုရီတို့ကို အဓိက ရရှိစေတာက အစေ့အဆန်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် အစေ့အဆန်တွေကို ညဘက်မှာ သွားရည်စာအဖြစ် စားသုံးခြင်းက ကောင်းမွန်တဲ့ ရွေးချယ်ခြင်းတော့မဟုတ်ပါဘူး။
အနည်းငယ်လောက်စားသုံးခြင်းက ကျန်းမာရေးအတွက် သင့်တော်ပေမယ့် ပမာဏများများစားသုံးမယ်ဆိုရင်တော့ အစာခြေဖျက်ဖို့အတွက် အချိန်အတော်ကြာယူရပြီး ညဘက်မှာကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် ခက်ခဲလာပါလိ့မ်မယ်။
အစေ့အဆန်များကို မနက်စာနဲ့ ကျန်းမာစေတဲ့ အစားအစာအဖြစ် ရွေးချယ်မယ်ဆိုရင်တော့ အကျိုးကျေးဇူးအဖြစ် နှလုံးကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေခြင်း၊ကိုလက်စထရောပမာဏမှန်ကန်စေခြင်း၊ကိုယ်အလေးချိန်လျှော့ချခြင်းမှာ အထောက်အကူပြုပေးနိုင်ခြင်းတို့အပြင်အသားအရည်နဲ့ ဆံသားအလှအပတို့အတွက်ပါ အထောက်အကူပြုပေးနိုင်တာပဲဖြစ်ပါတယ်။
(၈) အဆီများတဲ့ ချိစ့်
ညအိပ်ရာမဝင်ခင် ချိစ်နဲ့ ပေါင်မုန့်လေး စားချင်စိတ်တွေ ဖြစ်ပေါ်ဖူးကြမှာပါ။ ဒါပေမယ့် ညဘက်မှာတော့ အဆီများတဲ့ ချိစ့်တွေကို ဝေးဝေးမှာထားတာအကောင်းဆုံးပါပဲ။
အဆီဓာတ်များတဲ့ ချိစ့်တွေဟာ အစာခြေဖို့အတွက် ခက်ခဲပြီး ခန္ဓာကိုယ်ကို မအီမသာဖြစ်စေတာကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်ခြင်းတွေကို ကြုံတွေ့ရတာပဲဖြစ်ပါတယ်။
တခြားတစ်ဖက်မှာတော့ ချိစ့်ကို မနက်စာအဖြစ် စားသုံးပေးခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ပေးစွမ်းနိုင်ပြီး အရိုးနဲ့ ကြွက်သားများသန်စွမ်းရေးအတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ (Shwe Nyan Shin)
(၉) စစ်ထရစ်အချဉ်သီးများ
မနက်ခင်းကို အစပြုတဲ့အနေနဲ့ စစ်ထရစ်အသီးဖြစ်တဲ့ လိမ္မော်ရည်၊သံပုရာရည်တို့ကို သောက်သုံးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်နိုင်ပါတယ်။
ဒါပေမယ့် စစ်ထရစ်အသီးတွေဟာ အချဉ်ဓာတ်ပါဝင်မှုများပြားတာကြောင့် မနက်စာစားသုံးပြီးနောက် အချဉ်ဓာတ်မှီဝဲခြင်းက အစာအိမ်အတွက် အနှောင့်အယှက်ဖြစ်သွားစေနိုင်ပြီး ရင်ဘက်အောင့်ခြင်း၊ ဗိုက်ထဲမှာ မအီမသာခံစားရခြင်း၊အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်းလျော့သွားခြင်း စတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် စစ်ထရစ်အချဉ်သီးကို စားသုံးချင်တယ်ဆိုရင် အစားစားသုံးပြီးနောက်အချိန်အနည်းငယ် စောင့်ဆိုင်းပြီးမှ စားသုံးသင့်ပါတယ်။
(၁၀) ပဲအမျိုးမျိုး
အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ပဲကို ညဘက်တွေမှာ စားသုံးခြင်းဟာ ဝမ်းဗိုက်ထဲ လေကယ်ခြင်းကိုဖြစ်စေနိုင်တာကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
ပဲစားသုံးဖို့အတွက် အသင့်တော်ဆုံးအချိန်တွေကတော့ နေ့လည်စာနဲ့ ညနေဘက်အစောပိုင်းစာတွေအတွက် စားသုံးဖို့အသင့်တော်ဆုံးပါပဲ။ ဒီလိုအချိန်မျိုးတွေမှာ စားသုံးလိုက်မယ်ဆိုရင် အစာကြေညက်စွာ ခြေဖျက်နိုင်ပြီး ဗိုက်ထဲတွင် မအီမသာခံစားရခြင်းနဲ့လေကယ်ခြင်းတို့ကို မခံစားရနိုင်ပါဘူး။
(Shwe Nyan Shin)
(၁၁) ပန်းသီး
ပန်းသီးဟာ အမျှင်ဓာတ်ပါဝင်တဲ့ အပြင် သဘာဝအက်စစ်ဓာတ်ပါဝင်တဲ့ အသီးဖြစ်တာကြောင့် အစာခြေဖျက်မှု ကိုထောက်ပံ့ပေးနိုင်တဲ့အပြင် အူမကြီးလုပ်ငန်းစဉ်အတွက်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမယ့် ပန်းသီးကို ညနေဘက်မှာ စားသုံးမယ်ဆိုရင်တော့ ပန်းသီးမှာပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် အစာအိမ်ထဲမှာ သက်တောင့်သက်သာမရှိတာမျိုးကို ခံစားရပါလိမ့်မယ်။
ညဘက်မှာ ပန်းသီးစားသုံးခြင်းက ဂတ်စ်အလွန်အကျွန်ဖြစ်ပေါ်လာစေပြီး အူသိမ်လှုပ်ရှားမှုနဲ့ ပတ်သတ်လို့ ပြသာနာရပ်တွေကို ကြုံတွေ့လာရစေပါတော့တယ်။ အဲ့ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ညဘက်တွေမှာ အစာခြေစနစ်က နှေးကွေးလာတာကြောင့် ဘယ်အစားအစာကိုမဆို ခြေဖျက်ဖို့အတွက် ခက်ခဲနေတာပဲဖြစ်ပါတယ်။
ပန်းသီးစားသုံးဖို့အတွက် အသင့်တော်ဆုံးအချိန်ကတော့ မနက်ခင်းဖြစ်ပြီး အချိန်ကြာမြင့်စွာအိပ်စက်ပြီးနောက် အူသိမ်နဲ့ အူမကြီး ပြန်လည်လှုပ်ရှားဖို့အတွက် လှုံ့ဆော်ပေးနိုင်လို့ပဲဖြစ်ပါတယ်။ ညဘက်တွေမှာ အလွန်အကျွန်စားသုံးပြီးနောက် မနက်ခင်းမှာ ပန်းသီးကို ပြန်လည်စားသုံးပေးသင့်ပါတယ်။
(၁၂) ဒိန်ချဉ်
ဗိုက်ထဲ အစားအစာ လုံးဝမရှိသေးခင်အချိန်မျိုးတွေမှာ ဒိန်ချဉ်စားသုံးခြင်းကို လုံးဝရှောင်ကြဉ်လိုက်ရင် အကောင်းဆုံးပါပဲ။ ဒိန်ချဉ်မှာပါဝင်တဲ့ လက်တစ်အက်ဆစ်ဟာ အစာအိမ်ရှိ အက်စစ်ဓာတ်ကို လျော့ကျသွားစေနိုင်လို့ပဲဖြစ်ပါတယ်။ အက်စစ်ဓာတ်လျော့နည်းသွားခြင်းကြောင့် အစာခြေစနစ်ကို နှေးကွေးသွားစေနိုင်ပါတယ်။
အဓိက အစားအစာ စားသုံးပြီးနောက် ၁ နာရီကနေ ၂နာရီခန့်ကြာပြီးနောက်မှ ဒိန်ချဉ်စားသုံးမယ်ဆိုရင်တော့ အစာအိမ်အတွက် အထောက်အကူပြုပေးနိုင်မှာပဲဖြစ်ပါတယ်။
ညအိပ်ရာမဝင်ခင် ဒိန်ချဉ်ပမာဏ အနည်းငယ်ကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်ကို ဖြည့်တင်းပေးနိုင်ပြီး ကြွက်သားများတည်ဆောက်ရာမှာ အထောက်အကူပြုပေးနိုင်မှာပဲဖြစ်ပါတယ်။
(Shwe Nyan Shin)
ဘယ်အချက်က ပရိသတ်တွေအတွက် လိုက်နာဖို့ အခက်ခဲဆုံးဖြစ်မလဲ..ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်နေထိုင်မှုရဖို့အတွက် ပရိသတ်တွေ ကျင့်သုံးတဲ့ နည်းလမ်းတွေ ရှိရင်လည်း မျှဝေပေးခဲ့ကြပါအုံးနော်.
Written By Yoshi (Shwe Nyan Shin)
Ref:Brightside



