အချစ်နှင့်ဘဝ

အချစ်ကိုပဲ အာရုံစိုက် အချိန်ပေးမိရင် သင် ဆုံးရှုံးသွားတတ်တဲ့ အရာများ

အချစ်ဆိုတာ ဘဝကြီး တစ်ခုလုံး မဟုတ်ပါဘူး။ ဘဝထဲက အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ အချစ်ဆိုတဲ့ ခံစားမှုက ကိုယ့်ကို လွှမ်းမိုးပြီး အချစ်ကလွဲပြီး ဘာမှမသိတာမျိုး ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ အဲ့အတိုင်း စိတ်အလိုလိုက်မိရင်တော့ ဒီအရာတွေကို သင် တဖြည်းဖြည်း ဆုံးရှုံးလိုက်ရမှာပါ။

(၁) ခင်မင်ရင်းနှီးမှု

ချစ်သူဆိုတာက ဘဝမှာ အခေါက်ခေါက်အခါခါ ကြုံနိုင်တာမျိုးပါ။ သူငယ်ချင်းမိတ်ဆွေတွေကတော့ အမြဲ ရေရှည် ကိုယ့်ဘဝထဲ ရှိနေကြမယ့် သူတွေ ဖြစ်ပါတယ်။ အချစ်ကို တွေ့ပြီး သူငယ်ချင်းမိတ်ဆွေတွေကို အချိန်မပေးတော့တာ အဖက်မလုပ်တော့တာမျိုးက ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးတွေကို ထိခိုက်သွားနိုင်တဲ့ အခြေအနေ ဖြစ်သွားစေပါတယ်။

Photo by Andie Venzl from Pexels

(၂) သင့်အချိန်တွေ

သင် အရမ်းချစ်မိနေတဲ့သူက သင့်ရဲ့ ဖူးစာဖက် ဟုတ်ချင်မှ ဟုတ်မှာပါ။ သင့်အချိန်တွေကို သူ့အတွက်ပဲ ပေးပြီး သင့်စိတ်ထဲ သူကပဲ အမြဲ လွှမ်းမိုးနေရင် သင့်ရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေက နှမြောစရာကောင်းလှပါတယ်။ အချိန်တွေဆိုတာ ကုန်ပြီးရင် ပြန်မရနိုင်တော့ပါဘူး။

(၃) လေ့လာစရာတွေ

လေ့လာတယ်ဆိုတာကလည်း သူ့အချိန်အခါနဲ့အညီ လေ့လာရတာပါ။ ပညာယူတယ်ဆိုတာ နောက်ကျတယ်ဆိုတာ မရှိပေမယ့် အရွယ်အလိုက် သင်ယူရမှာတွေတော့ ရှိပါတယ်။ ဒီလေ့လာစရာတွေကို မေ့ပြီး အချစ်နောက်ကို လိုက်နေရင်တော့ ဆုံးရှုံးရမှာ သင်ပါပဲ။

Photo by Mẫnn Quang from Pexels

(၄) ဘဝရည်မှန်းချက်

အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ သင့်ရည်မှန်းချက်တွေအတွက် ကြိုးစားနေတာတွေကို မေ့ပြီး အာရုံမစိုက်နိုင်လောက်တဲ့အထိ အချစ်ကိုပဲ အချိန်တွေပေး ဖြတ်သန်းနေရင်တော့ အခွင့်အရေးတွေလည်း လက်လွှတ်ရနိုင်သလို ရည်မှန်းချက်တွေလည်း နောက်ကျသွားနိုင်ပါတယ်။

(၅) သင့်ကို ချစ်တဲ့သူတွေ

သင့်ကို ချစ်တဲ့သူတွေဆိုတာ သင့်အတွက် အမြဲ ရှိတဲ့သူတွေပါ။ ကိုယ့်ကို ချစ်တဲ့သူတွေကို ဂရုမစိုက်ဘဲ ပစ်ထားတာမျိုး မဖြစ်သင့်ပါဘူး။ ချစ်သူဆိုတာ သင့်ကို အမြဲချစ်မယ်ဆိုတာ သင် မသိရနိုင်ပါဘူး။ သင့်ရဲ့ right person မဟုတ်တဲ့သူကြောင့် လျစ်လျှူရှုမိပြီးရင်တော့ နောင်ကျရင် သင် နောင်တရနိုင်ပါတယ်နော်။

Kham