မြန်မာကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းသော်လည်းစစ်ကောင်စီမှ ကျပ်ငွေအသစ် များဆက်လက်ထုတ်လုပ်၊ ဂျပန်ခေတ် (ဒုတိယကျပ်ငွေ) “ထောင်မလဲသဲကော်စက္ကူကျပ်ငွေ”လို ဖြစ်လာတော့မည်။
မြန်မာနိုင်ငံသို့ ဖက်ဆစ်ဂျပန်တို့ ဝင်ရောက်လာသည့်(၁၉၄၂-မှ ၁၉၄၅-ခုနှစ်အထိ)အချိန်တွင် အိန္ဒိယငွေစက္ကူ များကို တရားဝင်အဖြစ်မှ ဖျက်သိမ်းခဲ့သည်။
ထို့နောက် ကျောထောက်နောက်ခံမရှိဘဲ ထောင်မလဲသဲကော် ဂျပန်ငွေစက္ကူများကို အတိုင်းအဆမရှိ အမြောက်အမြား ရိုက်နှိပ်သုံးစွဲခဲ့သည်။အကျိုးဆက်အနေနဲ့မြန်မာ့စီးပွါးရေးပြိုကျခဲ့ရသည်။
ယခုလည်း ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်ခေတ် ဂျပန်ပိုက်ဆံလို စစ်ကောင်စီ၏ အသစ် ရိုက်ထုတ်နေတဲ့ကျပ်ငွေတွေဟာ “ထောင်မလဲသဲကော်” ဖြစ်လာပြီလားဆိုတာ စိုးရိမ်စရာအခြေအနေဖြင့် စောင့်ကြည့်ရတော့မည်ဖြစ်သည်။
ယခု မြန်မာကျပ်ငွေတန်ဖိုးသည် ဆက်တိုက်ကျဆင်းနေကာ ကန် တစ်ဒေါ်လာလျှင် ၁၇၂၀ ကျပ်အထိ ရှိခဲ့ပြီဖြစ်သည်။
စစ်ကောင်စီမှ ဒေါ်လာဈေး မြင့်တက်မှုကို ထိန်းချုပ်ရန် ဗဟိုဘဏ်မှ နေ၍ ဒေါ်လာများ မကြာခဏဆိုသလို ရောင်းချပေးနေပေမယ့် ကျပ်တန်ဖိုးမှာ ဆက်လက် ကျဆင်းနေဆဲဖြစ်သည်။
ထပ်တိုးလာသော ကိုဗစ် ရုံးပိတ်ရက်တွင် ဘဏ်များပါ ထည့်သွင်း ပိတ်ခဲ့သည့်အပြင် ကျပ်တသောင်းတန်၊ ငါးထောင်တန်များ တရားမဝင် အဖြစ် သတ်မှတ်မည်၊ဘဏ်များ ဒေဝါလီ ခံတော့မည် ဟူသော သတင်းများကြောင့် သြဂုတ်လ(၁၄)ရက်နေ့တုန်းက ပြည်သူများ ကြား လှုပ်ခတ်မှုများ ဖြစ်ခဲ့သော်လည်း ဗဟိုဘဏ် ကတော့ အဆိုပါ ကိစ္စရပ်များ ဖြစ်လာမှာ မဟုတ်ဟု ခိုင်မာစွာအတည်ပြုပြောကြားခဲ့သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ စီမံမှု အောက်မှာ မြန်မာငွေတန်ဘိုးဟာစံချိန်တင်ကျဆင်းနေသလိုငွေကြေးဖေါင်းပွမှုကတော့ Super High Level ဖြစ်နေပြီဖြစ်သည်။
သို့သော်လည်း ဝါဇီစက်ရုံကို ပုံမှန်လည်ပတ်နေပြီး ငွေသားလိုအပ်ချက်နှင့် ငွေကြေးဖောင်ပွမှုနှုန်းကို တွက်ချက်ကာ ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေနေကြောင်း စစ်ကောင်စီခန့် ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ယမန်နေ့က အတည်ပြု ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာရယူခဲ့သည့်အချိန်မှစ၍ အလုပ်အကိုင်ဆုံးရှုံးခဲ့ရသူ လူဦးရေမှာ (၁•၂)သန်းအထိ အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။
PTT@Media9



