ၾကားသိရသမွ်

NUG Radio စမ်းသပ်ထုတ်လွှင့်မှု ခေတ္တရပ်ဆိုင်းလိုက်ရတဲ့ အကြောင်းအရင်း

Radio NUG စမ်းသပ်ထုတ်လွှင့်မှု အစီအစဉ်ကို ခဏရပ်နားထားမှာဖြစ်ပြီး မကြာခင် ရက်အနည်းငယ်အတွင်း စမ်းသပ်ထုတ်လွှင့်မှုတွေ ပြန်လုပ်သွားမယ်လို့ NUG အစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Radio NUG လို့အမည်ပေးထားတဲ့ လှိုင်းတို ရေဒီယိုအစီအစဉ်သစ်တစ်ခုကို ဩဂုတ် ၂၀ ရက် မနက် ၈ နာရီမှာ တစ််ကြိမ် ည ၈ နာရီမှာ တစ်ကြိမ် အောင်မြင်စွာစမ်းသပ်ထုတ်လွှင့်ပြီးနောက် ခဏရပ်နားထားလိုက်တာပါ။

အခက်အခဲ အတားအဆီးတွေကြားထဲက တင်ဆက်ကြရတာဖြစ်သလို ရေဒီယို အစီအစဉ်ကို ဖမ်းယူနားဆင်ကြတဲ့ ပြည်သူတွေရဲ့ အားပေးမှုနဲ့ ထိုက်တန်အောင် ပေးဆပ်ဖို့ ဆက်ကြိုးစားထားပေမဲ့ ဖမ်းယူနားဆင်ရာမှာ အဆင်မပြေချို့ယွင်းမှုတွေ ရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ထားပြီး ဒီထက်ပိုကောင်းအောင် ဆက်လက်ကြိုးစား နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူလူထုနဲ့ အဆက်အသွယ်မပြတ်စေဖို့နဲ့ NUG အစိုးရရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ပြည်သူသို့ အသိပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြီး Radio NUG ကို ထုတ်လွှင့်တာလို့ ဆိုပါတယ်။

Radio NUG လှိုင်းတိုရေဒီယို အစီအစဉ်သစ် ထုတ်လွှင့်ဖို့သတင်းထွက်လာပြီးနောက် မြန်မာပြည်တွင်းမှာ ရေဒီယိုဝယ်ယူသူများလာတယ်လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေထံကနေ သိရပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကတော့ Radio NUG ရေဒီယိုလိုင်းဟာ တရားဝင်ထုတ်လွှင့်ခွင့်ပြုထားတဲ့ ရေဒီယိုမဟုတ်ကြောင်းနဲ့ ခွင့်ပြုချက်မရရှိဘဲ မည်သူမဆို လုပ်ငန်းဆောင်ရွက်တာနဲ့ ထောက်ပံ့ကူညီတာတွေ ပြုလုပ်ပါက တည်ဆဲတရားဥပဒေနဲ့ အညီ အရေးယူခံရမယ်လို့သတိပေးကြေညာထားပါတယ်။

——————

Radio NUG စမ္းသပ္ထုတ္လႊင့္မႈ အစီအစဥ္ကို ခဏရပ္နားထားမွာျဖစ္ၿပီး မၾကာခင္ ရက္အနည္းငယ္အတြင္း စမ္းသပ္ထုတ္လႊင့္မႈေတြ ျပန္လုပ္သြားမယ္လို႔ NUG အစိုးရ ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္နဲ႔ နည္းပညာဝန္ႀကီးဌာနက ဩဂုတ္ ၂၁ ရက္ ဒီကေန႔ ထုတ္ျပန္ပါတယ္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က Radio NUG လို႔အမည္ေပးထားတဲ့ လႈိင္းတို ေရဒီယိုအစီအစဥ္သစ္တစ္ခုကို ဩဂုတ္ ၂၀ ရက္ မနက္ ၈ နာရီမွာ တစ္္ႀကိမ္ ည ၈ နာရီမွာ တစ္ႀကိမ္ ေအာင္ျမင္စြာစမ္းသပ္ထုတ္လႊင့္ၿပီးေနာက္ ခဏရပ္နားထားလိုက္တာပါ။

အခက္အခဲ အတားအဆီးေတြၾကားထဲက တင္ဆက္ၾကရတာျဖစ္သလို ေရဒီယို အစီအစဥ္ကို ဖမ္းယူနားဆင္ၾကတဲ့ ျပည္သူေတြရဲ႕ အားေပးမႈနဲ႔ ထိုက္တန္ေအာင္ ေပးဆပ္ဖို႔ ဆက္ႀကိဳးစားထားေပမဲ့ ဖမ္းယူနားဆင္ရာမွာ အဆင္မေျပခ်ိဳ႕ယြင္းမႈေတြ ရွိခဲ့ပါက နားလည္ခြင့္လႊတ္ေပးဖို႔ ေတာင္းပန္ထားၿပီး ဒီထက္ပိုေကာင္းေအာင္ ဆက္လက္ႀကိဳးစား ေနတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ျပည္သူလူထုနဲ႔ အဆက္အသြယ္မျပတ္ေစဖို႔နဲ႔ NUG အစိုးရရဲ႕ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြကို အခ်ိန္နဲ႔ တေျပးညီ ျပည္သူသို႔ အသိေပးႏိုင္ဖို႔ အတြက္ ရည္႐ြယ္ၿပီး Radio NUG ကို ထုတ္လႊင့္တာလို႔ ဆိုပါတယ္။

Radio NUG လႈိင္းတိုေရဒီယို အစီအစဥ္သစ္ ထုတ္လႊင့္ဖို႔သတင္းထြက္လာၿပီးေနာက္ ျမန္မာျပည္တြင္းမွာ ေရဒီယိုဝယ္ယူသူမ်ားလာတယ္လို႔ လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္ေတြထံကေန သိရပါတယ္။

စစ္ေကာင္စီ ျပန္ၾကားေရးဝန္ႀကီးဌာနကေတာ့ Radio NUG ေရဒီယိုလိုင္းဟာ တရားဝင္ထုတ္လႊင့္ခြင့္ျပဳထားတဲ့ ေရဒီယိုမဟုတ္ေၾကာင္းနဲ႔ ခြင့္ျပဳခ်က္မရရွိဘဲ မည္သူမဆို လုပ္ငန္းေဆာင္႐ြက္တာနဲ႔ ေထာက္ပံ့ကူညီတာေတြ ျပဳလုပ္ပါက တည္ဆဲတရားဥပေဒနဲ႔ အညီ အေရးယူခံရမယ္လို႔သတိေပးေၾကညာထားပါတယ္။