ၾကားသိရသမွ်

NUG ရပ်တည်ချက် အမေရိကန်ကြိုဆို

ရိုဟင်ဂျာတွေအပါအဝင် လူနည်းစု လူ့အခွင့်အရေးကိုအကာကွယ်ပေးဖို့နဲ့ ၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေတွေကို ပြန်လည်ပြင်ဆင်နိုင်ရေး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဒီမိုကရေစီရေးလိုလားတဲ့အစုအဖွဲ့တွေရဲ့ မေ ျှာ်မှန်းချက်နဲ့ ကတိကဝတ်တွေကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price ရဲ့ သြဂုတ်လ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးစုအလိုက် ရှင်းလင်းရေးဖယ်ရှားမှုအဖြစ် အမေရိကန်ကသတ်မှတ်ထားတဲ့ လုပ်ရပ်တွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ၄ နှစ်မြောက်နှစ်ပတ်လည်အဖြစ် သြဂုတ်လ(၂၄)ရက်နေ့က ထုတ်ပြန်ချက်မှာ အဲဒီလိုပြောထားတာပါ။

ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံတွင်း လူအားလုံးရဲ့လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့လည်း ကြေငြာချက်မှာ ပြောထားပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ ဆယ်စုနှစ်တွေနဲ့ချီ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသလို လွန်ခဲ့တဲ့ ၄ နှစ်က စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အထိတ်တလန့်ဖြစ်ခဲ့ရပြီး ဒီကနေ့ထိလည်း အဲဒီလို အနိုင်ကျင့်မှုတွေ ဆက်ပြီးပေါ်ပေါက်နေတယ်လို့ ပြောထားပါတယ်။

အလားတူအဖြစ်မျိုး ထပ်ပြီးပေါ်ပေါက်မလာအောင် အခြေခံအကြောင်းရင်းကို ဖော်ထုတ်ဖို့လိုတယ်လို့လည်း ဆိုထားပါတယ်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ရက်စက်ခဲ့တဲ့ တပ်ဖွဲ့တွေရဲ့လုပ်ရပ်အတိုင်း ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ၊ လူမှုအသိုင်းအဝိုင်းတွေအပေါ် မြန်မာစစ်တပ်က အနိုင်ကျင့်ဖိနှိပ်နေတယ်လို့လည်း ကြေငြာချက်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံတွင်း ကြမ်းကြုတ်ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတွေ သူတို့လုပ်ရပ်အတွက် တာဝန်ခံမှုရှိအောင်ဆောင်ရွက်ပေးဖို့ နိုင်ငံခြားရေးဌာနရဲ့အဲဒီထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ တရားမ ျှတမှုရှိရေး၊အရေးကြီးလှတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေး၊ ဒီမိုကရေစီစနစ်ပြန်လည်ဖော်ဆောင်ရေး၊ အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာရေး မြန်မာပြည်သူတွေနဲ့အတူပူးပေါင်းပြီး ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒီအချိန်မှာပဲ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၁၁) မှာပါတဲ့ ပုဒ်မခွဲ (က)နဲ့ (ခ)တို့ကို ဖြည့်စွက်ပြင်ဆင်ကြောင်း စစ်ကောင်စီက သြဂုတ်လ ၂၄ ရက် အင်္ဂါနေ့က သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ ICJ နိုင်ငံတကာတရားရုံးနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်ကောင်စီအနေနဲ့ သူတို့အပေါ် စွဲချက်တွေသက်သာရာရအောင် ကာကွယ်ကြိုးပမ်းနေတာဖြစ်တယ်လို့ နော်ဝေးအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ဗွီအိုအေကို ပြောပါတယ်။