နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ကို ချိုးဖောက်တယ် ဆိုတဲ့အမှုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကတဦးဖြစ်သူ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေလိုက်ပေးဖို့ ရှေ့နေကတဆင့် တရားရုံးကိုတင်ပြထားတယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ဦးဝင်းထိန်က သက်သေထွက်ဆိုမယ့် တင်ပြချက်အပေါ် တရားရုံးက လက်ခံ လက်မခံဆိုတာနဲ့ ဘယ်တော့စစ်ဆေးမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်ကနေ ထောင်ပြောင်းမယ့် အစီအစဉ်ရှိပေမဲ့ ခုချိန်ထိတော့ သူ့ကို ထောင်မပြောင်းသေးပါဘူး။ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေလိုက်ပေးဖို့ တရားရုံးကလက်ခံလို့ မပြောင်းသေးတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိပေမယ့် ဒါနဲ့ပတ်သက်ပြီး ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်နေတဲ့ အကျိုးဆောင်ရှေ့နေတွေကို ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြီး သတင်းဌာနတွေကိုမပြောဖို့စစ်ကောင်စီဘက်က တားမြစ်ထားတာကြောင့်လည်း အသေးစိတ်တွေကို မေးမြန်းခွင့်မရပါဘူး။
နေပြည်တော် အထူးတရားရုံးမှာတော့ ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့မှာ သောကြာနေ့တိုင်း စစ်ဆေးနေကျ ဒေါ်အောင်ဆန်းစုကြည်ပေါ် အဂတိလိုက်စားမှုစွဲချက်တွကို ဆက်ပြီးစစ်ဆေးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
အဂတိလိုက်စားမှုတမှုအတွက် စစ်ကောင်စီဘက်က သက်သေအဖြစ် ထွက်ဆိုဖို့ခေါ်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်ကတော့ ဒီနေ့လည်း တရားရုံးကို လာရောက်ထွက်ဆိုခဲ့ခြင်း မရှိပါဘူး။ တရားရုံးမှာ သက်သေထွက်ဆိုဖို့ ဒေါ်ခင်မိမိကြွယ်ရောက်မလာတာ ဒါဟာ တတိယအကြိမ်ဖြစ်ပါတယ်။
ဒီနေ့အတွက် အမှု ၄ မှုမှာ ၂ မှုအတွက်ကိုပဲ တရားရုံးမှာ ကြားနာစစ်ဆေးနိုင်ခဲ့ပါတယ်။ ဒီနေ့တရားခွင်မှာ ပူးတွဲ ၂ မှု အတွက် နေပြည်တော် စည်ပင်ဌာနမှူးဟောင်း ဦးစိုးနိုင်ကို ရှေ့နေတွေ အဓိက မေးခွန်းထုတ်ခဲ့ကြတယ်လို့ နေပြည်တော်ကလာတဲ့သတင်းတွေအရ သိရပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိအမှု ၄ မှု အပါအဝင်အမှုပေါင်း ၁၁ မှုနဲ့ တရားရင်ဆိုင်နေရပြီး ဒီထဲက အမှု ၅ မှုအတွက် စွဲချက်တင်ခံထားရပြီးဖြစ်ပါတယ်။
————————-
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရင္ဆိုင္ေနရတဲ့အမႈေတြထဲက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒ ပုဒ္မ ၂၅ ကို ခ်ိဳးေဖာက္တယ္ ဆိုတဲ့အမႈအတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) နာယကတဦးျဖစ္သူ ဦးဝင္းထိန္က ေဒၚေအာင္ဆန္းစုၾကည္ဘက္က သက္ေသလိုက္ေပးဖို႔ ေရွ႕ေနကတဆင့္ တရား႐ုံးကိုတင္ျပထားတယ္လို႔ ဗီြအိုေအက စုံစမ္းသိရွိရပါတယ္။
ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈနဲ႔ ေထာင္ဒဏ္ အႏွစ္ ၂၀ ခ်မွတ္ခံထားရတဲ့ ဦးဝင္းထိန္က သက္ေသထြက္ဆိုမယ့္ တင္ျပခ်က္အေပၚ တရား႐ုံးက လက္ခံ လက္မခံဆိုတာနဲ႔ ဘယ္ေတာ့စစ္ေဆးမလဲ ဆိုတာကိုေတာ့ မသိရေသးပါဘူး။
ဦးဝင္းထိန္ကို ေနျပည္ေတာ္အခ်ဳပ္ေထာင္ကေန ေထာင္ေျပာင္းမယ့္ အစီအစဥ္႐ွိေပမဲ့ ခုခ်ိန္ထိေတာ့ သူ႔ကို ေထာင္မေျပာင္းေသးပါဘူး။ေဒၚေအာင္ဆန္းစုၾကည္ဘက္က သက္ေသလိုက္ေပးဖို႔ တရား႐ုံးကလက္ခံလို႔ မေျပာင္းေသးတာျဖစ္ႏိုင္တယ္လို႔ သုံးသပ္မႈေတြရွိေပမယ့္ ဒါနဲ႔ပတ္သက္ၿပီး ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမႈေတြကို လိုက္ပါေဆာင္႐ြက္ေနတဲ့ အက်ဳိးေဆာင္ေရွ႕ေနေတြကို ပုဒ္မ ၁၄၄ အမိန႔္ထုတ္ၿပီး သတင္းဌာနေတြကိုမေျပာဖို႔စစ္ေကာင္စီဘက္က တားျမစ္ထားတာေၾကာင့္လည္း အေသးစိတ္ေတြကို ေမးျမန္းခြင့္မရပါဘူး။
ေနျပည္ေတာ္ အထူးတရား႐ံုးမွာေတာ့ ဒီကေန႔ ႏိုဝင္ဘာ ၅ ရက္ေန႔မွာ ေသာၾကာေန႔တုိင္း စစ္ေဆးေနက် ေဒၚေအာင္ဆန္းစုၾကည္ေပၚ အဂတိလိုက္စားမႈစြဲခ်က္တြကို ဆက္ၿပီးစစ္ေဆးခဲ့တယ္လို႔ စံုစမ္းသိရွိရပါတယ္။
အဂတိလိုက္စားမႈတမႈအတြက္ စစ္ေကာင္စီဘက္က သက္ေသအျဖစ္ ထြက္ဆိုဖုိ႔ေခၚထားတဲ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းရဲ႕ဇနီး ေဒၚခင္မိမိႂကြယ္ကေတာ့ ဒီေန႔လည္း တရား႐ံုးကို လာေရာက္ထြက္ဆိုခဲ့ျခင္း မ႐ွိပါဘူး။ တရား႐ံုးမွာ သက္ေသထြက္ဆိုဖို႔ ေဒၚခင္မိမိႂကြယ္ေရာက္မလာတာ ဒါဟာ တတိယအႀကိမ္ျဖစ္ပါတယ္။
ဒီေန႔အတြက္ အမႈ ၄ မႈမွာ ၂ မႈအတြက္ကိုပဲ တရား႐ံုးမွာ ၾကားနာစစ္ေဆးႏိုင္ခဲ့ပါတယ္။ ဒီေန႔တရားခြင္မွာ ပူးတြဲ ၂ မႈ အတြက္ ေနျပည္ေတာ္ စည္ပင္ဌာနမႉးေဟာင္း ဦးစိုးႏိုင္ကို ေ႐ွ႕ေနေတြ အဓိက ေမးခြန္းထုတ္ခဲ့ၾကတယ္လို႔ ေနျပည္ေတာ္ကလာတဲ့သတင္းေတြအရ သိရပါတယ္။ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိအမႈ ၄ မႈ အပါအဝင္အမႈေပါင္း ၁၁ မႈနဲ႔ တရားရင္ဆိုင္ေနရၿပီး ဒီထဲက အမႈ ၅ မႈအတြက္ စြဲခ်က္တင္ခံထားရၿပီးျဖစ္ပါတယ္။



