အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလ ပထမပတ်ကစလို့ အခေါက်ရွှေတစ်ကျပ်သား ၁၄ သိန်း၂ သောင်းနဲ့ တရိပ်ရိပ်တက်လာတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ မေလမှာ ၁၅သိန်း ၉သောင်းကျော်ဖြစ်ခဲ့ပါတယ်။
သြဂုတ် ၁၆ရက်မှာ ပြည်တွင်းအခေါက်ရွှေဈေးနှုန်း တစ်ကျပ်သားကို ကျပ် ၁၇ သိန်းခန့်အထိ စံချိန်တင်မြင့်တက်ခဲ့ပေမယ့် နောက်ရက်မှာ တစ်ကျပ်သားကို ကျပ် ၁၆ သိန်း ၅ သောင်းကို ပြန်လည်ကျဆင်းခဲ့ပါသေးတယ်။
အဲဒီနောက် တရိပ်ရိပ် ပြန်တက်လာပြီး အခု စက်တင်ဘာ ၄ရက် ပြည်တွင်းရွှေဈေးနှုန်းဟာ ဈေးကွက်ပိတ်ချိန်မှာ အခေါက်ရွှေတစ်ကျပ်သားကို ၁,၇၇၈,၀၀၀ ကျော် အထိ ဈေးကွက်ပေါက်ဈေးရှိပါတယ်။
ဒါဟာ အခေါက်ရွှေတစ်ကျပ်သားကို ၁၈သိန်း နားကပ်လာလို့ မြန်မာ့ရွှေဈေးသမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဝင်တဲ့ဈေးလည်းဖြစ်ပါတယ်။
ရွှေလုပ်ငန်းရှင်အချို့ကတော့ နောက်ရက်မှာ ကျရိပ်ရှိနိုင်တယ်လို့ ခန့်မှန်းပေမယ့်အမေရိကန်ဒေါ်လာငွေတန်ဖိုးမြင့်တက်နေတဲ့အတွက် ပြောရခက်တဲ့ အခြေအနေလို့ ဆိုပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းဟာ မေလမှာ ၁၅သိန်း ၉သောင်းကျော်ဖြစ်ခဲ့
ပြည်တွင်းရွှေဈေးနှုန်း တရိပ်ရိပ်စေတဲ့ အချက်တွေ
ပြည်တွင်းရွှေဈေးနှုန်း ဟာ ဒေါ်လာငွေဈေးနဲ့ ကမ္ဘာ့ရွှေဈေးအပေါ်မှာ အဓိကမှီတည်ပြီး ပြည်တွင်းငွေတန်ဖိုး ကျဆင်းတဲ့အခါ ရွှေမှာ ရင်းနှီးမြုပ်နှံမှု ပိုလုပ်တာ နဲ့ လက်ရှိ ဈေးကွက်ထဲကိုရွှေ အဝင်နည်းမှုတွေကလည်း ရွှေဈေးမြင့်တက်စေတဲ့အဓိကအချက်တွေဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ၇ လအတွင်း မြန်မာငွေတန်ဖိုး ကျပြီး အမေရိကန်ဒေါ်လာငွေတန်ဖိုး တရိပ်ရိပ်မြင့်တက်ခဲ့တာဟာ ပြည်တွင်းရွှေဈေးတက်စေတဲ့ အဓိကအချက်လို့ပြောကြပါတယ်။
စက်တင်ဘာ ပထမပတ်မှာတော့ ဗဟိုဘဏ်ရဲ့ ဒေါ်လာရည်ညွှန်းငွေလဲလှယ်နှုန်းသတ်မှတ်ဈေးမှာတင် တစ်ဒေါ်လာငွေလဲနှုန်းဟာ ၁၇၀၇ ကျပ် ရှိနေပြီး ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ ပေါက်ဈေးဟာ ကျပ် ၁၈၀၀ ဝန်းကျင်အထိ ဈေးပေါက်နေတာပါ။
ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ ပေါက်ဈေးဟာ ကျပ် ၁၈၀၀ ဝန်းကျင်အထိ ဈေးပေါက်
ဒီလို ဒေါ်လာငွေလဲနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းငွေထက် ခိုင်မာတဲ့ရွှေဈေးကွက်မှာ ပိုပြီးရင်းနှီးမြှုပ်နှံလာကြပါတယ်။ အဲဒီအခါ ဝယ်လိုအားများပြီးရွှေဈေးမြင့်တက်ပါတယ်။
ကမ္ဘာ့ရွှေဈေးကိုကြည့်ရင်လည်း စက်တင်ဘာ ၄ ရက်မှာ ၁ အောင်စ ကို ၁၈၂၇ ဒေါ်လာ ဈေးပေါက်ပြီး ဒါဟာပြီးခဲ့တဲ့ရက်တွေနဲ့နှိုင်းယှဉ်ရင် ဒေါ်လာ ၂၀ ခန့်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
“ကမ္ဘာ့ရွှေဈေးတက်ပေမယ့် ပြည်တွင်းမှာ ဝယ်လိုအားရှိသလောက် ရောင်းလိုအားရှိရင် ဈေးက ဒီလောက် မတက်နိုင်ဘူး။ အခုကျတော့ ဝယ်လိုပေမယ့် ရောင်းမယ့်သူက မရောင်းတော့ ဈေးကပိုတက်တယ်။ မရောင်းတာကလည်း ကမ္ဘာ့ရွှေဈေးတက်နေတော့ ရောင်းတဲ့သူက အရမ်းကာရောမရောင်းရဲဘူး။သူပြန်ဝယ်ရင် ဈေးတက်နဲ့ပြန်ဝယ်ရရင် သူရှုံးမှာကိုး။အဲဒီတော့ ဝယ်လိုအားများရွှေဈေးတက်တာ” လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က ပြောပါတယ်။
အခုလို ရွှေဈေးနှုန်း မြင့်တက်တာများပြီး မတည်မငြိမ်ဖြစ်တာက ဗဟိုဘဏ်က စက်တင်ဘာ ၃ရက်မှာ ထပ်မံထုတ်ပြန်လိုက်တဲ့ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ဘဏ်ငွေစာရင်းတွေထဲကို နိုင်ငံခြားသုံးငွေ ဝင်လာတာနဲ့ ရတဲ့ငွေထဲက မသုံးဘဲကျန်တဲ့ပို့ကုန်ရငွေတွေကို သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေရောင်းဝယ်ရေးဘဏ်မှာ ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းချဖို့ ဆိုတာကြောင့်လည်း ပါပါတယ်။
ပြည်တွင်းရွှေဈေးကွက်ထဲ ရွှေဝင်နည်းနေ
ပုံမှန်မိုးကာလမှာ ရွှေထွက်နည်းလို့ ဈေးကွက်ထဲ ရွှေဝင်နည်းတာ ရှိပါတယ်။ ဒါပေမယ့်အခုတော့ ရွှေထွက်တဲ့နေရာတွေမှာ တိုက်ပွဲတွေ ရှိနေတာ။ နောက် အာဏာသိမ်းပြီးတဲ့နောက် လမ်းခရီးမှာ အစစ်အဆေးတွေတင်းကြပ်တာနဲ့ ကိုဗစ်ကြောင့် ရွှေချွတ်တဲ့လုပ်ငန်းတွေ ပိတ်ထားကြတာက ဈေးကွက်ထဲမှာ ရွှေအရနည်းပါး ရွှေဈေးတက်စေတဲ့အချက် ဖြစ်နေပြန်ပါတယ်။
“အဓိက အကြောင်းအချက်မျိုးစုံနဲ့ ရွှေဈေးကွက်ကိုရွှေဝင်ရောက်တာနည်းနေတယ်။ ကိုဗစ်ကာလမှာ ကျန်းမာရေးအရ ရွှေချွတ်ခန်းတွေက အလုပ်နားထားရတဲ့ အခြေအနေရှိတယ်။အဲဒီတော့ ရွှေက ဈေးကွက်ထဲ နည်းတော့ ဈေးတက်စေတာလည်းပါတယ်” လို့ နှစ် ၃၀ ကျော် ရွှေဈေးကွက်ကျွမ်းကျင်သူ ကိုဇော်လင်းက ပြောပါတယ်။
ပြည်တွင်းရွှေဈေးကွက်ကို စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးစားနေ
ပြည်တွင်းရွှေဈေးနှုန်းနဲ့ ပတ်သက်ပြီး ရွှေဈေးကွက်ကို အရင်စစ်အစိုးရလက်ထက်က ပုံစံအတိုင်း ထိန်းဖို့ စစ်ကောင်စီဘက်က ကြိုးစားလာပါတယ်။
တရားဝင် ရွှေလေလံဆွဲတဲ့နေရာကို စုံစမ်းစစ်ဆေးရေးအဖွဲ့- စစစ ကလာပြီး စာရင်းယူတာ၊ စောင့်ကြည့်သတိပေးတာတွေလုပ်တယ်လို့ ရွှေလုပ်ငန်းရှင်တချို့က ပြောကြောင်း ဘီဘီစီသတင်းမှာဖော်ပြထားပါတယ်။
ဒါပေမယ့် အဲဒီလို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ကြားထဲမှာပဲ ပြည်တွင်းရွှေဈေးက တရိပ်ရိပ် မြင့်တက်နေတာပါ။
“စစစ ကတော့ ဒေါ်လာသမားတွေကို အဓိကကြည့်တာပေါ့။ ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းတယ်။ အဲဒီဒေါ်လာတွေကို ဘယ်နေရာမှာသုံးနေကြလဲဆိုတာ အဓိကကြည့်တဲ့ သဘောပေါ့။ ထုတ်ရောင်းတဲ့ဒေါ်လာတွေကို အမှန်တကယ်လိုအပ်တဲ့သူက ဝယ်တာလား။ ဈေးကွက်ကို ကစားဖို့ ဝယ်တာလားဆိုတာ ကြည့်တဲ့သဘောနဲ့ ရွှေဈေးကွက်ကို စောင့်ကြည့်လာတာပေါ့ ‘‘ လို့ ရွှေဈေးကွက်အတွင်း ရွှေဝယ်ရောင်းလုပ်နေသူတစ်ဦးက ရှင်းပြပါတယ်။
နယ်စပ်ကုန်သွယ်ရေးတွေပြန်ဖွင့်ရင် ရွှေဈေးကျရိပ်ရှိ
ကိုဗစ်ကြောင့် ကာလအတန်ကြာပိတ်ထားတဲ့ တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေကို စက်တင်ဘာ ၁၅ ရက်မှာ ပြန်ဖွင့်ဖို့ တရုတ်အစိုးရဘက်က ပြောလာပါတယ်။ အဲဒီလို နယ်စပ်ကုန်သွယ်ရေးဂိတ်တွေပြန်ဖွင့်ရင်တော့ ရွှေဈေးကျရိပ်ရှိတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။
“တရုတ်နယ်စပ်ပြန်ဖွင့်ရင်တော့ အဲဒီမှာကုန်သွယ်ရေး ပြန်ဖြစ်မယ်။ ဈေးကွက်ထဲကငွေက အဲဒီဘက်ကို ရောက်မယ်ဆိုရင် တရုတ်ငွေဈေး၊ ဒေါ်လာငွေဈေး ပြန်ကျမယ်လေ။ ငွေက လည်ပတ်ပြီဆိုတော့ အဲဒါရွှေဈေးက ပြန်ကျမှာပဲ။ ရင်းနှီးမြှုပ်နှံမှု နဲ့ငွေလည်ပတ်မှုက အဲဒီဘက်မှာရောက်ရင် ငွေဈေးပြန်ကျရင် ရွှေဈေးပြန်ကျမယ်။ ရွှေ ဘက်မှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားတဲ့သူတွေလည်း ကုန်သွယ်ရေးဘက် ပြန်ရောက်ရင် ရွှေဈေးကျမှာပဲ” လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
ဒုံးဈေးကွက်လို့ခေါ်တဲ့ အခေါက်ရွှေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုများပြီး ရွှေအထည်ဈေးကွက်မှာတော့ ဈေးကွက်ပျက်သလောက်ရှိနေတယ်လို့ ရွှေဆိုင်လုပ်ငန်းလုပ်ကိုင်သူအများစုက ပြောပါတယ်။
ကိုဗစ်ကြောင့် ပွဲလမ်းသဘင်တွေ မရှိသလို၊ ကိုဗစ်ကြောင့် ရွှေဆိုင်တွေ ပိတ်ရတာ နောက် အာဏာသိမ်းပြီးတဲ့နောက် အခြေအနေတွေကြောင့် ရွှေအထည်ဈေးကွက်မှာ ဝယ်လိုအားထိုးကျသွားတာပါ။
“လက်ဝတ်လက်စားလိုင်းမှာတော့ အရောင်းအဝယ်က မသွက်ဘူး။ မရှိသလောက်ပဲ ပြောရမယ်။ ရွှေဈေးကောင်းတဲ့အချိန် ကိုယ့်ဆိုင်မှာဝယ်ထားတဲ့သူတွေ ပြန်ရောင်းချင်ရင် အဆင်ပြေအောင်လောက်သာ တခြမ်းဖွင့်တဲ့ အနေအထားနဲ့ ဖွင့်တာပေါ့။ အထည်ရောင်းကောင်းလို့ ဖွင့်တဲ့ဆိုင်ဆိုတာ ဆယ်ဆိုင် တစ်ဆိုင်ပဲရှိတာပါ” လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က ပြောပါတယ်။
လင်မယားရန်ဖြစ်တာကနေ ကမ္ဘာစစ်ပွဲကြီးအဆုံး အောက်ပါ မျဉ်းကွေးလေးအတိုင်း သွားကြပါတယ်။ ပုံကိုကြည့်ပါ။ခေါင်းလောင်းပုံ ရိုးရိုးမျဉ်းကွေးလေးပါပဲ။ မကြေမလည်တွေ စဖြစ်မယ်။တစ်ယောက်က အလျှော့ပေးရင်းပေး။ ဒါမှမဟုတ်။အင်အားကြီးသူက ငယ်သူကို ပြတ်အောင်ဆော်နိုင်ရင် ဆော်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ လုံးလားထွေးလား ပဋိပက္ခဖြစ်တော့တာပါပဲ။
ဒီကနေ မျဉ်းကွေးလေး စတင်အသက်ဝင်လာတော့တာပေါ့။ ရွှေဈေး။ငွေဈေးတွေကလည်း ဒီမျဉ်းကွေးအတိုင်းပဲ ပဋိပက္ခနောက်ကို ကောက်ကောက်ပါအောင်လိုက်ကြတယ်လို့ ယူဆရပါတယ်။ ဒီမှာ အလွယ်မြင်နိုင်တာက အမြင့်ဆုံးရောက်ပြီးရင် ပြန်ကျ မယ်ဆိုတာပါပဲ။ အမြဲတမ်း ရန်ကြီးဖြစ်နေလို့ကလည်း မဖြစ်သေးဘူးကိုး။
လွယ်ကူတဲ့ နိဂုံးအမှတ်ကို အရင်ကြည့်စို့။ 2020 မှာ 1USD = 1330 MMK ဟာ အနိမ့်ဆုံးအမှတ်ဖြစ်ခဲ့တဲ့တိုင် မြန်မာ့စီးပွားရေးအခြေခံသဘော Fundamental Analysis အရ 1 USD = 1525 MMK လို့ စီမံ/ဘဏ္ဍာတွက်ချက်မှုကဆိုထားပါတယ် ။
လက်ရှိပဋိပက္ခကြောင့် စီးပွားရေးထိခိုက်မှုကို ထည့်တွက်ရင် ပဋိပက္ခအလွန် အနိမ့်ဆုံးပြန်ကျ ငွေဈေးဟာ 1USD = 1600 MMK ဖြစ်နိုင်ပါတယ်။ အလယ်အလတ်ကာလ medium term ( လာမယ့် ခြောက်လအတွင်း ) ဖြစ်နိုင်ချေ ပျမ်းမျှ နုန်းကမ္ဘာ့ရွှေဈေးက $1800 ဖြစ်နိုင်ပါတယ်။
အဲဒီတော့ မြန်မာ့ရွှေဈေး အနိမ့်ဆုံးပြန်ကျ နိုင်ချေက ( 15 )သိန်းအောက်ခံဖြစ်နိုင်တာပါ။ စီးပွားရေးသမားများ အကြောက်ဆုံးဟာ ဘယ်သူနိုင်ခြင်း။ ရှုံးခြင်းကအဓိက မဟုတ်ဘူး။ ဘာဆက်ဖြစ်လို့ ဖြစ်မယ်မှန်း မသိနိုင်ခြင်းကသာလျှင် အဓိကဖြစ်ပါတယ်။
ဒီအတွက် အခိုင်မာဆုံးပိုင်ဆိုင်မှုကို ဆုပ်ကိုင်ဖို့ကြိုးစားခြင်းနှင့်အတူ ရွှေဈေး။ငွေဈေးတွေ ထိုးတက်မယ်။ ခိုင်မာတဲ့ အရင်းအနှီးတွေ အမိမြေကို စွန့်ခွာသွားခြင်း Capital Flight ဟာ အမြင့်ဆုံး ထိုကာလမှာဖြစ်နိုင်ပါတယ်။
August မှာ ဘဏ်ဈေးကွက်ဒေါ်လာဈေးဟာ August 2. မှာ 1 USD = 1647 MMK ကနေ August 27 မှာ 1 USD = 1663 MMK နဲ့ မထူးခြား ငြိမ်နေခဲ့ရာက August 30 ကနေ ခုန်တက်ခဲ့တာ September 3 မှာ 1 USD = 1708.4 MMK နဲ့မနေ့က ဈေးပိတ်ခဲ့ကြောင်း တွေ့ရပါတယ်။
ပြင်ပငွေဈေးက 1USD = 1830 ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ငွေဈေးဟာ သမိုင်းတလျှောက်အမြင့်ဆုံးစံချိန်တင်ရောက်ခဲ့တာပါ။ August 28 တရုတ်အထူးကိုယ်စားလှယ်ပြန်ပြီး ခုလို ဒေါ်လာဈေးတက်ခဲ့တာကို တိုက်ဆိုင်မှုအဖြစ်တွေ့ရပါတယ်။ လာမယ့် September လလယ်မှာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂကိုယ်စားပြု ခွင့်ကို မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။
ဒီဆုံးဖြတ်မှုဟာ ဖြစ်နိုင်ချေ အမျိုးမျိုးရှိနေသလို ပဋိပက္ခတစ်ခုရဲ့အမြင့်ဆုံးအမှတ်(Stalemate) ကို အမြင့်ဆုံးတွန်းပို့နိုင်ပါတယ်။ ပြီးရင် ရွှေဈေး။ငွေဈေးတွေ အမြင့်ဆုံးအမှတ်ကို နမ်းရှိုက်ပြီး တဖြည်းဖြည်း ပြန်အိကျ လာတာကို မြင်ရမလား။
Ref: BBC and Aung Kyaw Win