အလွပေရးရာ

“မျက်နှာသစ်ရာမှာ သတိထားဖို့ “…

ကလေးဘဝအရွယ်ကတည်းက “စောစောထ၊ သွားတိုက်၊ မျက်နှာသစ်၊ အိပ်ရာသိမ်း၊ အစာစား၊ ကျောင်းသွား” ဆိုတဲ့ ကလေးငယ်တွေဆောင်ရွက်ရမယ့် ဝတ္တရားတွေကို ဆရာသမားတွေက သင်ကြားပေးခဲ့ကြတယ်။

ကလေးငယ်ဘဝကတည်း က မနက်တိုင်း မျက်နှာသစ်ခဲ့ရတာ အခုရောက်နေတဲ့ အသက်အရွယ်အထိပါပဲ။ တချို့ဆို ညဘက်အိပ်ရာဝင်ခါနီးမှာတောင် မျက်နှာသစ်၊ သွားတိုက်တဲ့ အလေ့အကျင့်လုပ်ထားတာ တွေ့ရပါတယ်။

ဒီနေရာမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက မျက်နှာကို အချိန်ကြာမြင့်စွာ ဆပ်ပြာ၊ သန့်စင်ဆီတွေနဲ့ သစ်နေတာကို သတိပြုမိတယ်။

တကယ်တော့ လူတစ်ယောက်အတွက် မျက်နှာအသားအရေဟာ အရေးအကြီးဆုံးပါ။ အဲဒါကြောင့် အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် မိမိရဲ့မျက်နှာအသားအရေကို ဂရုစိုက်ကြရပါမယ်။

တချို့မိန်းကလေးတွေက မျက်နှာသစ်ရုံမက လှချင်လွန်းလို့ ဆိုင်မှာ မျက်နှာကိုပေါင်းတင်တာ၊ မျက်နှာအကြောတွေ နှိပ်နယ်တာ၊ အကြောလျှော့တာ၊ မျက်ရိုးတွေနှိပ်နယ်အကြောလျှော့တာတွေကို ပြုလုပ်တတ်ကြပါတယ်။

အမှန်ဆိုရင် မျက်နှာအသားအရေဟာ ပါးလွှာတဲ့အတွက် မျက်နှာကို ဓာတုဆေးတွေနဲ့ မကြာခဏ ဆေးကြော မပစ်သင့်ပါ ဘူး။ မျက်နှာအသားအရေကို ပျက်စီးစေတာ ဘယ်သူမှ သတိမထားမိကြပါဘူး။

မျက်နှာကို တစ်လ တစ်ကြိမ်လောက် နှိပ်နယ်၊ အကြောလျှော့၊ ပေါင်းတင်တာတွေက စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ခန္ဓာကိုယ်အတွင်းပိုင်း အကြောတွေနဲ့ လည်း ဆက်စပ်နေတာမို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

မျက်နှာမသစ်မီ မျက်နှာသစ်မယ့်ရေရဲ့အပူချိန်ကို သတိပြုပါ။ လူတွေထင်နေကြတာက အေးတဲ့ရေက ချွေးပေါက်ပိတ်စေ ပြီး ရေနွေးစပ်ထားတဲ့ရေက ချွေးပေါက်ပွင့်စေတယ်ဆိုတာ မဟုတ်ပါဘူး။

ချွေးပေါက်တွေမှာ အဲသလို ဖွင့်ပိတ်ဖို့ ကြွက်သား တွေမရှိတာကို မသိကြလို့ပါ။ အမှန်တော့ ရေနွေးစပ်ထားတဲ့ရေက အသားအရေကိုခြောက်သွေ့စေပြီး မျက်နှာအသားအရေ ကိုပျက်စီးတာမို့ အကောင်းဆုံးကတော့ မပူမအေး ကြက်သီးနွေးအပူချိန်ရှိတဲ့ရေပါပဲ။

မျက်နှာသစ်တဲ့အခါ ရေခပ်များများနဲ့ ပြောင်စင်အောင်သစ်ပါ။ နဖူးပြင်၊ ပါးပြင်၊ နှာခေါင်း၊ မေးစေ့တွေကို လက်ချောင်းလေး တွေနဲ့ ပွတ်တိုက်ဆေးကြောပါ။

ဆပ်ပြာနဲ့ပွတ်တိုက်ပြီးမှ ဆပ်ပြာအချွဲတွေကုန်စင်အောင် ရေနဲ့ဆေးကြောပေးပါ။ မိမိ အသုံးပြုတဲ့ဆပ်ပြာဟာ မိမိအသားအရေနဲ့ ဓာတ်တည့်မတည့်ကိုလည်း ဆန်းစစ်ရပါမယ်။

မျက်နှာကို ဆပ်ပြာနဲ့ ပွတ်တိုက် မျက်နှာသစ်ပြီးရင် မျက်နှာကျိန်းစပ်စပ်ဖြစ်နေရင် ဓာတ်မတည့်သလား ချင့်ချိန်ပြီး အခြားဆပ်ပြာ ပြောင်းလဲအသုံးပြုပါ။

မျက်နှာကို ဆပ်ပြာနဲ့ချေးချွတ်တာ ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ နုဖတ်တဲ့ အဝတ်စလေးကို ရေစွတ်ပြီး မျက်နှာကို ပွတ်တိုက်ပေးတာကတော့ အကောင်းဆုံးပါပဲ။

မျက်နှာသစ်ပြီးပြီဆိုရင် မျက်နှာပေါ်က ရေစက်တွေကိုသုတ်တဲ့ မျက်နှာသုတ်ပဝါက နူးညံ့နေဖို့လိုပါတယ်။ မျက်နှာကို မျက်နှာသုတ်ပုဝါနဲ့ အားရပါးရခပ်ကြမ်းကြမ်းမသုတ်ဘဲ ခပ်ဖွဖွလေးသာသုတ်ပေးသင့်ပါတယ်။

ပြီးရင်တော့ သန့်စင်နေတဲ့ မျက်နှာပြင်ပေါ် သနပ်ခါးပါးပါးလေး ဒါမှမဟုတ် သနပ်ခါးထူထူလိမ်းပေးတာက မျက်နှာကို အေးမြစေပါတယ်။

မျက်နှာသစ်တယ်ဆိုတာ ခန္ဓာကိုယ်သန့်ရှင်းရေးအတွက် လုပ်ဆောင်ရာမှာ အလွယ်ကူဆုံးအလုပ်လို့ ထင်ရပေမယ့် မျက်နှာ ကို သန့်ရှင်းအောင်လုပ်တဲ့ နည်းလမ်းအချို့ဟာ မှားယွင်းနေရင် မျက်နှာအသားအရေကို ပျက်စီးစေတယ်ဆိုတာ သတိပြု ပါ။

မျက်နှာကို သန့်ရှင်းစင်ကြယ်အောင်ဆိုပြီး မကြာခဏ မျက်နှာသစ်နေရင်တော့ မျက်နှာကျိန်းစပ်စေပြီး မျက်နှာအတွက် လိုအပ်တဲ့ အဆီတွေကို ခန္ဓာကိုယ်တွင်းက ပိုထုတ်နေရတယ်ဆိုတာကိုလည်း သတိပြုပါ။

Crd;