မကြာခင်ကျင်းပမဲ့ UN အထွေထွေညီလာခံမှာ မြန်မာကိုယ်စားပြုအမြဲတမ်းကိုယ်စားလှယ်နေရာအတွက်အဆိုတင်သွင်းဖို့ အာဏာသိမ်းစစ်တပ်မှာ ပြင်ဆင်ထားတာ မရှိသေးဘူးလို့ အမည်မဖေါ်လိုတဲ့ အာဆီယံသံတမန်တွေပြောစကားကိုရည်ညွှန်းပြီး ထိုင်း PBS သတင်းက ဖေါ်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကမ္ဘာ့စင်မြင့်ထက်မှာ နိုင်ငံတကာက အာရုံစိုက်မယ့်အရာတွေကို ဆောင်ရွက်လိုတဲ့ဆန္ဒမရှိဘူးလို့ သတင်းမှာ ဖေါ်ပြထားပါတယ်။
BNN ကဆက်သွယ်မေးမြန်းတဲ့ အမည်မဖေါ်လိုတဲ့ ဘန်ကောက်အခြေစိုက် အာဆီယံသံတမန်တဦးကတော့ အာဏာသိမ်းစစ်တပ်ဟာ မော်စီတုံးရဲ့ တရုတ်နိုင်ငံပုံစံမျိုး ချိုးဖို့ကြံစည်နေတယ်ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပြီး ကွန်မြူနစ်တွေအာဏာရချိန်မှာ UN က တရုတ်ကွန်မြူနစ်အစိုးရကို အသိအမှတ်မပြုပဲ တိုင်ဝမ်ကိုပဲ အသိအမှတ်ပြုခဲ့တာပါ။ စစ်အေးကာလ ၁၉၇၁ ခုနှစ်ကျမှ ဆိုဗီယက်အကူအညီနဲ့ တရုတ်ကွန်မြူနစ်အစိုးရကို UN က အသိအမှတ်ပြုခဲ့တာပါ။
UN က အသိအမှတ်မပြုပဲ ရပ်တည်နိုင်ခဲ့တဲ့ ကွန်မြူနစ်တရုတ်ရဲ့နမူနာကို အာဏာသိမ်းစစ်တပ်က အားကျနေတဲ့ပုံရှိတယ်လို့ အဆိုပါ သံတမန်က ယူဆပါတယ်။
ဂျာကာတာအခြေစိုက် အာဆီယံသံတမန်တဦးကတော့”ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့အစီအစဉ်ကို အမေရိကန်အစိုးရက ဖေါ်ထုတ်လိုက်ကတည်းက UN နေရာကို ဝင်ပြိုင်ဖို့ စစ်ခေါင်းဆောင်တွေက အာရုံမထားတော့တဲ့ပုံရှိတယ်လို့ ကျနော်နဲ့ရင်းနှီးတဲ့ နေပြည်တော်ကအဆင့်မြင့်နိုင်ငံခြားရေးဌာနအရာရှိတွေကပြောပါတယ် ။ ထပ်အရှက်ကွဲမှာလည်း စိုးရိမ်နေတယ်ပြောတာပဲ” လို့ BNN ကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်က UN နေရာအတွက် တကယ်ပဲ ဝင်မပြိုင်တော့ဘူးလားဆိုတာကတော့ မကြာခင် သိရတော့မှာဖြစ်ပါတယ်။
———-
မၾကာခင္က်င္းပမဲ့ UN အေထြေထြညီလာခံမွာ ျမန္မာကိုယ္စားျပဳအၿမဲတမ္းကိုယ္စားလွယ္ေနရာအတြက္အဆိုတင္သြင္းဖို႔ အာဏာသိမ္းစစ္တပ္မွာ ျပင္ဆင္ထားတာ မရွိေသးဘူးလို႔ အမည္မေဖၚလိုတဲ့ အာဆီယံသံတမန္ေတြေျပာစကားကိုရည္ၫႊန္းၿပီး ထိုင္း PBS သတင္းက ေဖၚျပထားပါတယ္။
အာဏာသိမ္းစစ္တပ္ဟာ ကမာၻ႔စင္ျမင့္ထက္မွာ ႏိုင္ငံတကာက အာ႐ုံစိုက္မယ့္အရာေတြကို ေဆာင္႐ြက္လိုတဲ့ဆႏၵမရွိဘူးလို႔ သတင္းမွာ ေဖၚျပထားပါတယ္။
BNN ကဆက္သြယ္ေမးျမန္းတဲ့ အမည္မေဖၚလိုတဲ့ ဘန္ေကာက္အေျခစိုက္ အာဆီယံသံတမန္တဦးကေတာ့ အာဏာသိမ္းစစ္တပ္ဟာ ေမာ္စီတုံးရဲ႕ တ႐ုတ္ႏိုင္ငံပုံစံမ်ိဳး ခ်ိဳးဖို႔ႀကံစည္ေနတယ္ဆိုပါတယ္။
တ႐ုတ္ႏိုင္ငံမွာ ျပည္တြင္းစစ္ျဖစ္ၿပီး ကြန္ျမဴနစ္ေတြအာဏာရခ်ိန္မွာ UN က တ႐ုတ္ကြန္ျမဴနစ္အစိုးရကို အသိအမွတ္မျပဳပဲ တိုင္ဝမ္ကိုပဲ အသိအမွတ္ျပဳခဲ့တာပါ။ စစ္ေအးကာလ ၁၉၇၁ ခုႏွစ္က်မွ ဆိုဗီယက္အကူအညီနဲ႔ တ႐ုတ္ကြန္ျမဴနစ္အစိုးရကို UN က အသိအမွတ္ျပဳခဲ့တာပါ။
UN က အသိအမွတ္မျပဳပဲ ရပ္တည္ႏိုင္ခဲ့တဲ့ ကြန္ျမဴနစ္တ႐ုတ္ရဲ႕နမူနာကို အာဏာသိမ္းစစ္တပ္က အားက်ေနတဲ့ပုံရွိတယ္လို႔ အဆိုပါ သံတမန္က ယူဆပါတယ္။
ဂ်ာကာတာအေျခစိုက္ အာဆီယံသံတမန္တဦးကေတာ့”ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံသတ္ျဖတ္ဖို႔အစီအစဥ္ကို အေမရိကန္အစိုးရက ေဖၚထုတ္လိုက္ကတည္းက UN ေနရာကို ဝင္ၿပိဳင္ဖို႔ စစ္ေခါင္းေဆာင္ေတြက အာ႐ုံမထားေတာ့တဲ့ပုံရွိတယ္လို႔ က်ေနာ္နဲ႔ရင္းႏွီးတဲ့ ေနျပည္ေတာ္ကအဆင့္ျမင့္ႏိုင္ငံျခားေရးဌာနအရာရွိေတြကေျပာပါတယ္ ။ ထပ္အရွက္ကြဲမွာလည္း စိုးရိမ္ေနတယ္ေျပာတာပဲ” လို႔ BNN ကိုေျပာပါတယ္။
အာဏာသိမ္းစစ္တပ္က UN ေနရာအတြက္ တကယ္ပဲ ဝင္မၿပိဳင္ေတာ့ဘူးလားဆိုတာကေတာ့ မၾကာခင္ သိရေတာ့မွာျဖစ္ပါတယ္။