ၾကားသိရသမွ်

တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားခဲ့တဲ့ သား စိုင်းဘုန်းမင်းခန့်ကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူ ရေးထားတဲ့စာ ( ကြေကွဲမှတ်တမ်း )

သားတစ်ယောက်ကိုဆုံးရှုံးခဲ့ရတဲ့ မိခင်တစ်ယောက်
အနေနဲ့ ​ကြေကွဲမှတ်တမ်းလေးတင်ပါရစေနော်

သားအကြီးဆုံးမို့ သားအငယ်နဲ့သမီးလေးထက် အရင်
အစစအရာရာ ဦးစားပေးချစ်ခဲ့ရတဲ့သား

အမေဓမ္မစကူးလ်ဆရာမဆို သားကဓမ္မစကူးလ်ဆရာ.. အမေကင်းထောက်ဆို သားကကင်းထောက်ဆရာ.. အမေဆရာမဆို သားက guide.. အမေစျေးရောင်းရင် သားက model
အမေ့အဝန်းအဝိုင်းလေးကို အား​​ဖြည့်ဂုဏ်တက်စေသူ

ဘယ်အဖွဲ့အစည်းမှာဘဲရောက်ရောက် လိုက်လျောညီထွေ ချစ်ခင်အောင်နေတတ်ပြီး အများအတွက် ကူညီဆောင်ရွက်ပေးသူ

ဝါဆိုလပြည့်နေ့ရဲ့လမင်းကြီးနဲ့အတူ အမေ့ဘဝထဲဝင်လာပြီး.. တော်သလင်းလပြည့်နေ့ရဲ့ လမင်းကြီးနဲ့အတူ အမေ့ကိုချန်ထားပြီး
နုတ်မဆက်ဘဲထွက်သွားသူ သူနဲ့ဆက်စပ်ရာပတ်ဝန်းကျင်ကလူတွေကို လမင်းကြီးပမာ အေးမြမှုတွေ ပေးစွမ်းခဲ့သူ

အသက်(၂၂) နှစ်တောင်မပြည့်သေးတဲ့ အမေ့သားက အာဇာနည်သူရဲကောင်း…တဲ့လား.. ကြွေကျတာတောင် လင်းလက်နေတဲ့ကြယ်ပွင့်..တဲ့လား

တောထဲတောင်ထဲ ဘယ်သူမှမသိတဲ့နေရာမှာ Db တောင်မရဘဲ သေဆုံးခဲ့တာတောင် ပြည်တွင်း၊ပြည်ပ မီဒီယာ​တွေကနေဖော်ပြပေးတဲ့အထိ .. သားရဲ့ကျဆုံးမှုကို အသိအမှတ်ပြုခံစေရတဲ့သား

”စိုင်းဘုန်းမင်းသန့်မေမေလား…ကိုစိုင်း ရှေ့တန်းမှာ လက်နက်ကြီးထိပြီး ကျဆုံးပါတယ်..” လို့ ဝင်လာတဲ့ဖုန်း
ထဲက စ​ကားသံ ခုထိ နားထဲက မထွက်ပါဘူး

ရုတ်တရက် အသက်ရူတာရပ်သွားသလို ”မဟုတ်ဘူး၊မယုံဘူး၊မဖြစ်နိုင်ဘူး”လို့ ပါးစပ်က ငြင်းဆန်နေရပေမယ့် မတ်တတ်ရပ်နိုင်စွမ်းတောင် မရှိအောင် ပြိုလဲခဲ့ရတာပါ

ဖြစ်စဥ်ကို ကိုယ်ကိုတိုင် သိချင်လို့ ခန ခန ဖုန်းဆက်မေးနေပေမယ့် ဒီအဖြေကို ကိုယ်တိုင်ပြန်နားထောင်ဖို့ကို သတ္တိမရှိအောင်
ကြောက်နေခဲ့တယ်

”သားလေးကို ထားခဲ့ရတယ်…”လို့ ပြောကြပေမယ့် ကူညီမယ့် သူတော်ကောင်းနဲ့တွေ့ပြီး ကယ်တင်စောင့်ရှောက်ပေးထားပါစေ…တနေရာရာမှာ အသက်ရှင်နေပါဆိုတဲ့…ဆုတောင်းတွေမပြည့်ခဲ့ပါဘူး

သူ့လူတွေ….လို့ သူအမြဲပြောနေတဲ့ သူတွေအတွက် နေဖို့နေရာဆို Air con , Wifi ,Water cooler အပြည့်အစုံ သွားမလား ကားအဆင်သင့်၊စားချင်တာပြောဦးမလား ဒီအမေချက်တာတစ်မျိုး၊
ဆိုင်ကဝယ်ကျွေးတာ မျိုးစုံ မထပ်စေရဘူး.. ဒဏ်ရာရနေလား ဆေးကုပေးမယ်၊ နေကောင်းတဲ့အထိ ပြုစုပေးပြီး အိမ်တိုင်ရာရောက် ကားနဲ့လိုက်ပို့ပေးမယ်

သူများကို ကူညီပြီဆို တအားကိုလုပ်ပေးတတ်လို့ အမေကပြောတိုင်း..…”မေရယ် ဒါရဲဘော်ရဲဘက်တွေလေလုပ်ပေးရမှာပေါ့.. ” တဲ့ တခြားသောကူညီပေးမှုတွေ ချရေးလို့ မကုန်ပါဘူး

ဒီလောက်ကူညီတတ်တဲ့ ငါ့သား​လေး ကူညီကယ်တင်မယ့်သူ မပြောနဲ့ ခုထိ db တောင်ယူလို့မရသေးဘူး…တဲ့လား.. လပြည့်ညရဲ့ လမင်းကြီးအောက်မှာ တစ်ယောက်တည်းကျန်ခဲ့တယ်…တဲ့လား … ကံကြမ္မာရယ် ရက်စက်လွန်းခဲ့တယ်

”သားပြန်လာမယ်နော်.. လို့” အမေ့ကိုကန်တော့ရင်း သားကိုယ်တိုင် ကတိ​ပေးခဲ့တာ..မကြာသေးပါဘူးနော်

အမေငိုတော့ အမေ့ကိုပွေ့ဖက်နှစ်သိမ့်ပေးပြီး ကျောကိုသပ်လို့ အမေ့ပါးကိုနမ်းခဲ့တာ ခုတော့ နောက်ဆုံး အနမ်းတဲ့လား သားရယ်
အမေ့အလှည့်ကျမှ သားကိုနောက်ဆုံးနုတ်ဆက်နမ်းဖို့ Db တောင်မရဘူး…တဲ့လား

ပညာရေးတပိုင်းတစနဲ့ သားအိပ်မက်တွေ အကောင်အထည်မဖော်နိုင်သေးခင်ထွက်သွားရတာ .. အမေ တကယ်စိတ်မကောင်းပါဘူး သားရယ်

သားရဲ့ယုံကြည်ချက်အတိုင်းလျှောက်လှမ်းခဲ့မှုအတွက် သားရဲ့ကျဆုံးမှုကို တိုင်းသိပြည်သိ ဂုဏ်ပြုနေကြပါပြီ

နောက်ဘဝမှာ လူ့အသက်ကိုတန်ဖိုးထားတဲ့တိုင်းပြည်မှာလူပြန်ဖြစ်ပါစေ၊ လူ့ဘဝရပါစေ သားရေ…

အမေ့ထက်ပိုချစ်ပေးမယ့် အမေနဲ့ ဆုံဆည်းနိုင်ပါစေ.. အမေ့ထက်ပြည့်စုံအောင်ထားပေးမယ့် မိဘနဲ့တွေ့ဆုံပါစေ.. သားအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီး မကြွေခင်မှာ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်အဖြစ် လောကအကျိုးကိုဆောင်နိုင်ပါစေ

ဝမ်းနည်းကြေကွဲရနေရပေမယ့် ဂုဏ်ယူပါတယ်သား.. လူသာသေတယ် နာမည်မသေခဲ့ပါဘူး..အမေ့ရင်ထဲမှာတော့ ထာဝရ ရှင်သန်နေမယ့်သားပါ.. အမေအမြဲချစ်နေမှာပါ အမေ မမေ့ဘူးနော်သားကို

လွတ်လပ်စွာ ပျံသန်းလိုက်ပါသား

အမေတို့မိသားစုက ဝမ်းနည်းကြေကွဲခြင်း များစွားဖြင့်
ဂုဏ်ယူလိုက်ပါတယ်သားရယ်….

Credit: Nan MoMo Han