ၾကားသိရသမွ်

” မမျှော်စိတ်နဲ့ လှူလိုက်ပါ “

” မမျှော်စိတ်နဲ့ လှူလိုက်ပါ “

တပည့်တော်တို့ ရန်ကုန်ကတောင် လာဖူးရတာပါဘုရား…”ဟု အစချီလျက် ဟောဒါက ဘာလေးပါဘုရား၊ ညာလေးပါဘုရား၊

နိုင်ငံခြားကတပည့်တော် သား၊ သမီးပို့လိုက်တဲ့ ရှားရှားပါးပါး အသုံးအဆောင်လေးပါဘုရား၊မေတ္တာပို့ပေးပါဦးဘုရား စသည်ဖြင့်ဖွဲ့ဖွဲ့နွဲ့နွဲ့ လျှောက်ထားလာသူများအား

“ဟောဗျာ၊ ရန်ကုန်မှာ သံဃာမရှိတာကျလို့ဗျား၊ကိုယ့်အိမ်ရှေ့ဆွမ်းလာရပ်တဲ့ သံဃာလှူလိုက်တော့ကော ကုသိုလ်မရလို့လားဗျ….အင်၊ ခင်ဗျားတို့ ဒီလိုပုဂ္ဂိုလ်စွဲနဲ့သာ လှူ နေရင်ငါစွဲ၊ ငါ့ပစ္စည်းစွဲဆိုတဲ့ တဏှာမာန ဒိဋ္ဌိတွေကဘယ်တော့လွတ်မတုန်းဗျ။ငါတော့ ဘယ်ဆရာတော်ကြီးကိုဘာလှူ လိုက်ရတာဆိုတဲ့ စွဲစိတ်တွေ၊ပျော်စိတ်တွေ၊

ဒီလို လှူလိုက်ရလို့ နောင်ဘဝကျ၊ ငါဘာဖြစ်မှာဆိုတဲ့အမျှော်စိတ်တွေနဲ့ လှူနေသမျှ ခင်ဗျားတို့ ဒါနအကျိုးပေးမစင်ကြယ်သေးဘူးလို့မှတ်ဗျာ…။

အကျိုးပေးမှ မစင်ကြယ်သေးရင် မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ ဝေးသေးဗျ။ပြီးတော့ တို့ကို တစ်ကျပ်ဖိုး အထင်ကြီးရင်တခြားသံဃာကို တစ်ကျပ်ဖိုးအထင်သေးသလိုဖြစ်နေတတ်တဲ့သဘောကိုရော ဆင်ခြင်မိကြရဲ့လားဗျာ…။

ဟုတ်ဗျား…။သံဃာဆိုတာ မြတ်စွာဘုရားနဲ့ အမြင်တူအကျင့်တူလို့ သံဃာခေါ်တာဗျ…။ဟာ…ဘယ်သံဃာတော့ဖြင့် ကြည်ညိုစရာမကောင်းလို့မလှူဘူး မလုပ်ပါနဲ့…။

မကောင်းတာ သူ့အပိုင်း၊ သူ့အပြစ်သူခံလိမ့်မယ်…။ ခင်ဗျားတို့ကောင်းတာလုပ် ကောင်းတာဖြစ်မှာပေါ့….။ဟုတ်ဗျား လှူတတ်မယ်ဆိုရင် ဆွမ်းကလေးတစ်ဇွန်းနဲ့လည်း တစ်ပြည်လုံး၊ တစ်ကမ္ဘာလုံးက သံဃာတွေကိုလှူလို့ရပါတယ်ဗျ၊

သံဃာလို့ဆိုလိုက်တာနဲ့ဒီနေ့မှ ရှင်ဖြစ်တဲ့သံဃာကနေ ဘုရားရဟန္တာတွေအထိအကုန်ပါတယ်ဗျ၊ တို့ ဘာနဲ့တူလဲဆိုတော့ဒီနေ့မှ စစ်ထဲဝင်တဲ့ ရဲဘော်အသစ်ကနဟိုဗိုလ်ချုပ်ကြီးအထိကို စစ်တပ်လို့ခေါ်သလိုပေါ့…။

သံဃာလည်း ဒီနေ့မှ သင်္ကန်း စ ဝတ်သူကနေဘုရားရဟန္တာတွေအထိဆိုတော့ နည်းသလားဗျ…။သက်တော်ထင်ရှားတွေရော၊ပရိနိဗ္ဗာန်ပြုသွားတဲ့ဘုရားရဟန္တာတွေရော အားလုံး အကျုံးဝင်တယ်ဗျ…၊ဒါ့ကြောင့် လှူတတ်မယ်ဆိုရင်

ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့သာလှူ၊အိမ်ရှေ့ဆွမ်းရပ်တဲ့ ကိုယ်တော်သပိတ်ထဲဆွမ်းလေးတစ်ဇွန်းလောင်းပြီး သံဃာ့ဂုဏ်များအာရုံပြုနေရင်ဗျာ နိဗ္ဗာန်မှာ စံတော်မူနတဲ့ ဘုရားရဟန္တာပေါင်းမရေမတွက်နိုင်အောင်ထိ လှူပြီးဖြစ်ပါတယ်ဗျာ….။

ဒါနပြုတယ်ဆိုတာ ငါစွဲဖြုတ်နေတာငါပိုင်တယ်ဆိုတာတွေကို စွန့်လွှတ်ပေးလှူပစ်တာ၊လိုချင်မှု သိမ်းပိုက်မှုဆိုတဲ့ တဏှာလောဘတွေကို ဒါနနဲ့ခွာချနေတာ၊ ရင်ဝမှာစူးနေတဲ့လှံကို ဆွဲနှုတ်ပစ်လိုက်တာငါ

ဒီလိုအလှူကြီး လှူလိုက်လို့ နောင်ဘဝဘယ်လိုကောင်းစားဦးမှာဆိုတဲ့ အမျှော်စိတ်နဲ့လှူနေရင်နောက်ထပ်စိုက်ဝင်စူးဝင်လာမယ်လှံတွေကို ရင်ကော့ပြီးခံနေသလိုဖြစ်မှာပေါ့…။

ငါးကြီးကြီးလိုချင်လို့ ငါးသေးသေးကိုငါးစာလုပ်မျှားချိတ်မှာ တပ်မျှားသလို ဖြစ်မှာပေါ့….။

ဒီလိုအလှူမျိုး လှူတိုင်း မကောင်းဘူး။ကုသိုလ်လိုချင်လို့လုပ်တာ အကုသိုလ်ပဲများမယ်…၊ကျောင်းကြီးဆောက်လှူပါရဲ့၊ ငါ့ကျောင်းလို့စွဲနေရင် ကိုယ့်ကျောင်းကိုယ်ပြန်စောင့်ရလိမ့်မယ်…ဘုရားတည်ပြီး

ဘုရားဒကာဘွဲ့ထူကြီးတော့ ခံယူပါရဲ့၊ ငါ့ဘုရားလို့စွဲနေရင်အဲဒီဘုရား ပြန်စောင့်နေရလိမ့်မယ်…။ငါ့ဆရာတော်လို့စွဲနေရင် ဆရာတော့်ကျောင်းနားပြိတ္တာကြီးလာဖြစ်လိမ့်မယ်ဗျ….။

တို့ကျောင်းနားလာကပ်လို့ကတော့ကျောက်ခဲပရိတ်မန်းပြီး ထုလွှတ်မှာဗျနော်….၊ ဟုတ်လား…။လဲတယ်ဆိုတာ သူတကာခြေထိုးလို့ လဲတာမဟုတ်ဘူး၊ကိုယ့်ပုဆိုးစ ကိုယ်တက်နင်းမိလို့ လဲကြတာဗျ…။ဗုဒ္ဓဘာသာမှ လှူသလားဗျာ၊လူဖြစ်မှ လှူကြသလားဗျာ၊တိရစ္ဆာန်တွေရော၊ဘာသာခြားတွေရော ဒါနပြုနေကြတာပါပဲ။

ဟော…ခွေးအိုမကြီးဗျာ၊ သူ့သားသမီးတွေနို့တိုက်ကျွေးမွေးလို့ ဒါနမပြုဘူးလားဗျာ။ဒီခွေးမကြီးအလှူကမှာ ဘာမျှော်စိတ်မှမရှိလို့မေတ္တာစစ်နဲ့ယှဉ်ပြီး ပေးကျွေးတဲ့ဒါနဖြစ်လို့ မြတ်သေးဗျာ၊တို့လူတွေများ အလှူလေးလုပ်ပြီးတာနဲ့တောင်းလိုက်တဲ့ဆု၊

ဒီဘဝ ဘာဖြစ်ရပါစေ၊နောက်ဘဝ ဘာဖြစ်ရပါစေနဲ့ နိဗ္ဗာန်က နောက်ဆုံးမှပါဗျာ….။ဟော….ဒိပြင်ဘာသာဝင်တွေလည်းလှူတာကောင်းမှန်သိလို့ လှူနေကြတာပါပဲ၊ဒါနခင်းချဉ်းကပ်မိတာပါပဲ…။

ဒါပေမဲ့ ငါ, ငါစွဲအတ္တ၊ ပစ္စည်းမာန၊ ပုဂ္ဂိုလ်စွဲတွေရှိနေသမျှပါရမီမြောက်တဲ့ဒါန မဖြစ်ဘူး၊ စွန့်လွှတ်ခြင်းအစားတစ်ဖန်ပြန်လည်ရယူရေးကို ဦးတည်နေလို့ပါရမီဆိုတဲ့စကားနဲ့တော့ ဖီလာကန့်လန့်ချည်းပဲ…။ပါရမီဒါနဆိုတာ လှူ ဆဲကာလ ဉာဏ်ယှဉ်ပါမှဗျ…။

အဲဒီတော့ ငါစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပစ္စည်းစွဲတွေအစားငါလည်းမမြဲ၊ ပုဂ္ဂိုလ်လည်းမမြဲလို့ ဆင်ခြင်ပြီးလှူနိုင်ပါမှမဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အကြောင်းအထောက်အပံ့ဖြစ်တယ်ဗျ….။ “ကြည့်သောသူသည် မြင်၍ မြင်သောသူသည် ဆင်ခြင်၏…”

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

Credit