ၾကားသိရသမွ်

အသစ်စက်စက် လက်ထပ်ထားတဲ့ လင်မယား နှစ်ယောက်ဟာ မိဘတွေ လက်ဖွဲ့ထားတဲ့ တထပ်တိုက်လေးထဲက လက်ဖွဲ့တွေကိုစစ်ဆေးကြည့်လိုက်သောအခါ..

အသစ်စက်စက် လက်ထပ်ထားတဲ့ လင်မယား နှစ်ယောက်ဟာ နောက်တစ်နေ့ မနက်မှာ မိဘတွေ လက်ဖွဲ့ထားတဲ့ တထပ်တိုက်လေးထဲက လက်ဖွဲ့တွေကို စစ်ဆေးကြည့်နေ ကြတယ် ။

နှစ်ဖက်မိဘ အသိုင်းအဝိုင်းတွေဟာ အရမ်း ချမ်းသာတဲ့ သူဌေးတွေ ဖြစ်ကြလို့ လက်ဖွဲ့တွေကလည်း အဖိုးတန် ပစ္စည်းတွေနဲ့ ပိုက်ဆံတွေ များပါတယ် ။ နောက်ဆုံး လက်ဖွဲ့ အထုတ်ကို ဖေါက်လိုက်တဲ့အခါ အထုတ်ထဲမှာ စာအိတ်ဖြူ တခုကို တွေ့လိုက်ရတယ် ။

စာအိတ်ကို ဖေါက်ကြည့်လိုက်တော့ နောက်အပတ်မှာ လုပ်မယ့် နာမည်ကြီး အဆိုတော် တစ်ယောက်ရဲ့ Live Show ပွဲတခုရဲ့ ရှေ့ဆုံးတန်းက လက်မှတ် နှစ်စောင် ဖြစ်နေတယ် ။ အဲဒီ Show ပွဲရဲ့ လက်မှတ်ခဟာ အရမ်း ဈေးကြီးသလို လက်မှတ် ဝယ်လို့လည်း မရတော့ဘူး ။

ဖျော်ဖြေမယ့် အဆိုတော်ဟာ သူတို့နှစ်ယောက်စလုံး အင်မတန် ကြိုက်နှစ်သက်တဲ့ အဆိုတော်ပါ ။ သူတို့ နှစ်ယောက်ဟာ လက်မှတ်တွေကို ကြည့်ပြီး အရမ်း ဝမ်းသာသွား ကြတယ် ။

လက်မှတ်တွေနဲ့ အတူ ပန်းရောင် စာရွက်ခေါက်လေး တခုကို တွေ့လို့ ဖြန့်ပြီး ဖတ်ကြည့်လိုက် ကြတယ် ။ စာရွက်ပေါ်မှာ ရေးထားတာက “ လက်မှတ်ပေးသူကို မှန်းဆကြည့်ပါ ” တဲ့ ။ စာအောက်မှာ နာမည် မပါဘူး ။ လင်မယား နှစ်ယောက်ဟာ နောက်နေ့ ကျတော့ သူတို့မိတ်ဆွေတွေကို လက်မှတ်ပေးတာ ဘယ်သူလဲဆိုပီး မေးကြည့်တယ် ။

အားလုံးက သူတို့ မဟုတ်ဘူးလို့ ပြောကြတယ် ။ လင်မယားလည်း လူကုန်သလောက် မေးပြီးလို့ လက်မှတ်ပို့သူကို ရှာမတွေ့တာကြောင့် လက်လျှော့လိုက် ကြတယ် ။ ဘာပဲဖြစ်ဖြစ် လက်မှတ်ပေးတဲ့သူကို ကျေးဇူးတင်နေ ကြတယ် ။

Show ပွဲ စမယ့် ညနေမှာ သူတို့ လင်မယားဟာ နာမည်ကြီး စားသောက်ဆိုင် တစ်ခုမှာ ထမင်းစားကြတယ် ။ ပြီးမှ Show ပွဲကို သွားကြည့်တယ် ။ Show ပွဲဟာ လူအပြည့် ပါပဲ ။ တီးတာ ဆိုတာတွေကလည်း အရမ်းကောင်း ၊ ပရိသတ်တွေကလည်း သီချင်းတွေ လိုက်ဆိုကြနဲ့ဆိုတော့ ပျော်စရာ အလွန်ကောင်းတယ် ။

အဆိုတော်ကလည်း သူတို့ကြိုက်တဲ့ သီချင်းတွေကို အများဆုံး ဆိုသွားလို့ လင်မယားနှစ်ယောက်ဟာ အရမ်းပျော်နေကြတယ် ။ Show ပွဲက ည ၁၁ နာရီမှ ပြီးတယ် ။

အိမ်ကို သူတို့ကားလေးနဲ့ ပြန်လာကြတယ် ။

လမ်းမှာ သူတို့ဟာ Show ပွဲ ဘယ်လောက် ကောင်းကြောင်း၊ အဆိုတော်ကို အနီးကပ်မြင်တွေ့ရလို့ ကျေနပ်ကြောင်းနဲ့ လက်မှတ်ပေးတဲ့ သူကိုလည်း အရမ်း ကျေးဇူးတင်ကြောင်းတွေ တဖွဖွ ပြောလာကြတယ် ။

သူတို့ အိမ်ပြန်ရောက်တဲ့အခါ သော့ခတ်ထားတဲ့ ခြံဝင်းတံခါး ပွင့်နေတယ် ။ ခြံဝင်းထဲမှာ ကားရပ်ပြီးတာနဲ့ နှစ်ယောက်စလုံး ကားပေါ်က ကမန်းကတန်း ဆင်းပြီး အိမ်ဆီကို ပြေးသွားကြတယ် ။ သော့ခတ်ထားတဲ့ အိမ်တံခါးမကြီးလည်း ပွင့်နေတယ် ။ သူတို့ အိမ်ထဲကို စိုးရိမ်တကြီးနဲ့ ဝင်လိုက်တယ် ။

အိမ်ထဲက ဘီရိုအံဆွဲတွေ၊ စားပွဲအံဆွဲတွေ ပွင့်နေပီး အိပ်ခန်းထဲမှာလည်း မွှေနှောက်ရှာထားလို့ ပစ္စည်းတွေ ပျံ့ကျဲနေတယ် ။ သူတို့ပိုင်တဲ့ ရွှေ ငွေ ရတနာနဲ့ ပိုက်ဆံတွေ ၊ လက်ဖွဲ့ရတဲ့ ပစ္စည်းတွေ ဘာမှ မရှိတော့ဘူး ။ အကုန် ခိုးခံလိုက်ရပြီ ။

ဒါနဲ့ လင်မယား နှစ်ယောက်လည်း အရမ်း စိတ်ဓါတ် ကျနေကြတယ် ။ မိန်းမလည်း ရှိုက်ကြီးတငင် ငိုနေတယ်။ ခဏကြာတော့ လင်မယားနှစ်ယောပ်ဟာ ရေသောက်ဖို့ ထမင်းစားခန်းထဲကို ဝင်လိုက်ကြတယ် ။

ထမင်းစားပွဲပေါ်မှာ ပန်းရောင် စာရွက်ခေါက်လေး တခုကို တွေ့လိုက်ကြတယ် ။ ယောက်ျားက စာရွက်ခေါက်ကို ကမန်းကတန်း ဖြန့်လိုက်ပြီး လက်မယား နှစ်ယောက်အတူ ဖတ်ကြည့်လိုက် ကြတယ် ။

စာရွက်ပေါ်မှာ ရေးထားတာက “ လက်မှတ်ပေးသူကို အခု သိပြီ မဟုတ်လား ” တဲ့ ။ အရင်စာထဲက လက်ရေးနဲ့ အတူတူပဲ ။ နာမည် မရေးထားဘူး ။

သင်နဲ့ မရင်းနှီးသူ တစ်ယောက်က တစုံတခုကို အလကား ပေးလာရင် သတိထားပါ ။ အထူးသဖြင့် ဈေးကြီးတာကို အလကား ပေးလာတယ် ဆိုရင် ပိုပြီး သတိကြီးကြီး ထားလိုက်ပါ ။

“ လောကကြီးမှာ မည်သည့်အရာမှ အလကားမရပါ ”