ၾကားသိရသမွ်

ထန်တလန်မြို့ဖြစ်စဉ်မှာ PDF လက်ချက်ဖြစ်တယ်ဟု ဇော်မင်းထွန်း ဗြောင်ငြင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ နေအိမ် အဆောက်အဦးများ မီးရှို့ဖျက်ဆီးမှုသည် စစ်တပ်ကလုပ်ဆောင်ခဲ့ခြင်းမဟုတ်ပဲ ဒေသအခြေစိုက် PDF များရဲ့လက်ချက်ကြောင့်သာဖြစ်တယ်ဟု ဝါဒဖြန့် MWD ၏မေးမြန်းချက်တွင် စစ်ကောင်စီ၏ သတင်းပြန်ကြားရေးဌာန ဇော်မင်းထွန်းကဆိုသည်။

“ဒီကိစ္စဟာ မြို့နယ်လုံခြုံရေးယူနေတဲ့တပ်ဖွဲ့တွေကို PDF တပ်ဖွဲ့က လက်လုပ်ဗုံးနဲ့တိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့အရင်ပစ်ခတ်ခဲ့ပြီး လုံခြုံရေးယူနေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပြန်လည်လိုက်လံပစ်ခတ်စဉ်မှာ လိုက်လာလို့မရအောင် နေအိမ် (၃)လုံးကို မီးရှို့ထွက်ပြေးသွားရကစတယ်လို့” ပြောင်ပြောင်းတင်းတင်း အရှက်သိက္ခာမဲ့ ငြင်းဆိုဖြေကြားထားတာတွေ့ရပါတယ်။

ဒါပြင် မီးငြိမ်သတ်ဖို့ကြိုးစားတဲ့ ၎င်းတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုလည်း မီးငြိမ်းလို့မရအောင် ပစ်ခတ်တာတွေရှိတယ်လို့လည်း ဆိုပါတယ်။

ယခုလိုသတင်းကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာကလည်း ပြည်ဖျက် Media များရဲ့သွေးထိုးလှုပ်ဆော်မှုများကြောင့်သာဖြစ်ပြီး ဖြစ်ရပ်အမှန်မှာ PDF များက ကို့မြို့ကိုယ် မီးရှို့တာဖြစ်တယ်လို့ ဂုဏ်သိက္ခာမရှိ စဉ်းစားတွေးတောဉာဏ်မရှိ ပြောင်းလိမ်ငြင်းဆို၍ ၎င်းတို့ပိုင် ဝါဒဖြန့် MWD / MRTV Media များကနေ ထုတ်လွှင့်သွားတာ တွေ့ရှိရပါသည်။

ယမန့်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် မီးလောင်ခဲ့သော ချင်းပြည် နယ်၊ ထန်တလန်မြို့တွင် လူနေအိမ် ၁၆၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ယနေ့ နံနက် ကောက်ယူထားသော စာရင်းများကို CDF ထန်တလန်က ထုတ်ပြန်သည်။

ထန်တလန်မြို့၏ ဇုန်မွှန် ရပ်ကွက်တွင် နေအိမ် ၅၆ လုံး၊ လုံတီာလ်ရပ်ကွက်တွင် ၃ လုံး၊ Biakinn ရပ်ကွက်တွင် ၃၀လုံး၊ Market ရပ်ကွက် ၅၂ လုံး၊ TABC ရပ်ကွက်တွင် ၂၂ လုံး၊ စုစုပေါင်း အိမ် ၁၆၃ လုံး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘာသာရေး အဆောက်အအုံများဖြစ်သည့် Church on the Rock (COTR) ဘုရားကျောင်းနှင့် Presbyterian ဘုရားကျောင်းလည်း မီးလောင်မှုကြောင့် အားလုံး ပျက်စီးသွားခဲ့သည်။

ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်တွင် မီးလောင်မှုများသည် ပြန်လည်ငြိမ်းသွားပြီဖြစ်ကြောင်း CDF ထန်တလန်က ထုတ်ပြန်သည်။

လက်ရှိ ထန်တလန်မြို့တွင် မြို့ပေါ်နေလူထုအားလုံး နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး မြို့ပြင်၌ ဆုတောင်းသည့်အဖွဲ့မှ ၃ ဦးနှင့် မိဘမဲ့ဂေဟာသာကျန်တော့ကြောင်း သိရသည်။

စက်တင်ဘာလကတည်းက ထန်တလန် တမြို့လုံးနီးပါး စစ်ဘေးရှောင်နေရခြင်းကြောင့် မီးငြှိမ်းသတ်မည့်သူ မရှိဘဲ Church on the Rock (COTR) ဘုရားကျောင်းနှင့် Presbyterian စသည့် ဘုရားရှိခိုးကျောင်း ၂ ကျောင်းအပြင် ခရစ်ယာန်နှစ်ခြင်း အသင်းရုံးချုပ် အပါအဝင် အိမ်ခြေ ၁၆၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထန်တလန်မြို့ပေါ် ရပ်ကွက် ၅ခုရှိ လူနေအိမ် ၁၆၃ ကျော်ကို စစ်ကောင်စီက မီးလောင်တိုက်သွင်းခဲ့ခြင်း ဖြစ်သည်။

“ထန်တလန်က အိမ်ကို ၂၀၀၂ ခုနှစ်က ဘုရားသခင်က ပေးခဲ့ပြီး ၂၀၂၁ ခုနှစ် မှာ ပြန်ယူသွားခဲ့ပြီ။ နှစ် ၂၀ နီးပါး ငှားရမ်းပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” ဟု Pi Hniar Te အမည်ဖြင့် ထန်တလန်ဒေသခံ တဦးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။

“စစ်ကောင်စီ တပ်သားတွေက မြို့ထဲမှာ ဆိုင်တွေကို ဖောက်ထွင်းကြတာ အဲဒီမှာ ၁ ကောင်က ဆိုင်ကို ဖောက်ထွင်းနေတုန်းမှာ မိပြီး သူ့ကို သ တ် ပ စ် လိုက်တယ်။ အဲဒီကနေ စတာ။ သက်သက်မီးရှို့တယ်လို့ ကျနော်တို့ ယူဆပါတယ်။ လက်နက်ကြီး ပစ်တဲ့ အချိန်မှာ အိမ်က သိပ်မလောင်လိုက်ဘူး။ အခုကတော့ ထန်တလန်က မီးပြန့်နေပြီ” ဟု CDF – ထန်တလန်က ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မီးလောင်ကျွမ်းခံရသည့် နေအိမ်ပိုင်ရှင်တဦးကလည်း “စစ်သားတွေက တမင်သက်သက်ကို ထန်တလန်မြို့ ပြည်သူလူထုအိမ်တွေကို တမင်ဖျက်ဆီးသလို ဆိုတော့ မီးမလောင်ခင်ကတည်းကိုက လမ်းဘေးက ဆိုင်ခန်းတွေ အကုန်လုံး ဖောက်ထွင်းပြီးတော့မှ ပစ္စည်းတွေ၊ ဆန်တွေ ၊ ဆားတွေ ၊ အဝတ်အထည်တွေ ရှိတာတွေ အကုန်လုံး ခိုးပြီးတော့မှ စစ်ကားနဲ့ လုပ်ပြီးတော့မှ တမင်သက်သက်ကို လက်နက်ကြီးနဲ့ မီးလောင်အောင်ဆိုပြီး လုပ်တာ”ဟု ပြောသည်။

စစ်ကောင်စီသည် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေသူများကို အကြောက်တရားများ ရိုက်သွင်းရန် ရည်ရွယ်ပြီး ယင်းကဲ့သို့ မြို့ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆလျက်ရှိသည်။

မြို့တမြို့လုံးတွင် မီးခိုးနံ့များ ဖုံးလွှမ်းပြီး မီးလောင်ငုတ်တိုများ မီးလောင်ပြင်များ ပြန့်ကျဲနေပြီး လူသူကင်းမဲ့သည့် မြို့ပျက်ကြီးသာ ကျန်ရစ်ခဲ့သော ထိုအဖြစ်ဆိုးက ထန်တလန်သားတို့ ရင်ထဲတွင် ကြောက်ရွံ့ အရှုံးပေး အားငယ်မှုများအစား မခံချင်စိတ်နှင့် အားမာန်များသာ မွေးဖွားပေးသည်။

“ကျနော်တို့မြို့ကို ပြန်ယူမယ်၊ ကျနော်တို့ မြို့ကို ပြန်သိမ်းမှာပါ” ဟု ဒေသခံကာကွယ်ရေး တပ်ဖွဲ့ CDF- ထန်တလန် အဖွဲ့ဝင် တဦးက ဆိုသည်။

ရုပ်သံကြည့်ရှုရန်