ၾကားသိရသမွ်

အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပုပ္ပားခြံလေး မီးရှို့ဖျက်ဆီးခံရ

ယမန်နေ့ညက ပုပ္ပါးမှာရှိတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်ပိုင်ခြံထဲတွင် ဖွင့်လှစ်ထားသော ဒေါ်ခင်ကြည် Foundation အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနဲ့ စာကြည့်တိုက်ကို

စကစအဖွဲ့က မီးရှို့ဖျက်ဆီးသွားကြောင်း NUG ကျန်းမာရေးဝန်ကြီးဖြစ်သူ ဒေါက်တာရွှပုံက ပြောဆိုထားပါတယ်။

“ ညတုန်းက ပုပ္ပါးမှာရှိတဲ့ ဒေါ်ခင်ကြည် Foundation အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနဲ့ စာကြည့်တိုက်ကို စကစအဖွဲ့က မီးရှို့ဖျက်ဆီးသွားပါတယ်

အထဲမှာ ရှိနေတဲ့ Furniture တွေ စာရွက်စာတမ်းတွေ စာအုပ်တွေ အကုန်ပျက်ဆီးကုန်ပါပြီ ” ဟု သူမ၏ ဖေ့ဘွတ်အကောင့်မှာ တင်ထားတာတွေ့ရပါတယ်။

ကြည်လင်အေးမြနေသော ရေအလျဉ်စီးဆင်းနေသည့် စမ်းချောင်းလေးအတွင်း ဒေါ်အောင်ဆန်းစု ကြည် အချစ်တော် ခွေးလေး တိုက်ချီဒို ပြေးဆင်းသွားပြီး ရေထဲတွင် ပြေးလွှားဆော့ကစားနေသည်။

တစ်ကိုယ်လုံး အညိုရင့်ရောင်ရှိပြီး ခြေထောက်နှင့် ရင်ဘတ် အဖြူ ကွက်ကျားခွေးလေး တိုက်ချီဒိုိ ရေကစားနေသည်ကို ချောင်းစပ်က နေ သခင်ဖြစ်သူ ဒေါ်အောင်ဆ န်းစုကြည် ပြုံး၍ ကြည့်နေသည်။

အညာ၏ အိုအေစစ်ဟု တင် စားထားသည့် ပုပ္ပားတောင်၏ တောင်ခြေအနီးတွင် စမ်းချောင်း လေးက ပတ်ခွေစီးဆင်းနေသည်။ တိုက်ချီဒိုလေး ရေကစားနေသည် မှာ အချိန်အနည်းငယ်ကြာပြီး နောက်

ကုန်းပေါ်သို့ ပြန်တက်လာရန် သခင်က လှမ်းခေါ်သော်လည်း ချက်ချင်းတက်မလာဘဲ ပေကပ်နေကာ ရေဆက်လက်ကစားလို သည့် အမူအရာပြသည်။

တိုက်ချီဒို၏ ယင်းအမူအရာကို မြင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လည်း ပြုံးပျော်ရွှင်မြူးနေသည်။ ထို့နောက် သူက ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။

စမ်းချောင်းနံဘေးရှိ ခြံကိုအပိုင်၀ယ်ယူရန် ဆုံးဖြတ်ခြင်းဖြစ် သည်။ ခြံ၏ အရှေ့ဘက်တွင် ပုပ္ပားတောင်မကြီး၊ အရှေ့တောင်ဘက် ပုပ္ပားတောင်ကလပ် ရှိနေပြီး စမ်းချောင်းလေးဘေး နှစ်ဧက ခန့်ကျယ်သော ယင်းခြံသည်

ယနေ့နိုင်ငံတော် တာ၀န်များကို ဦးဆောင်ထမ်းရွက်နေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင် သည့် မြေနေရာလေးဖြစ်သည်။

ထို့အပြင် အတိုင်ပင်ခံ၏ တိုင်းပြည်နှင့် ပြည်သူလူထုအပေါ်ထားသော စေတနာ၊ သူ၏ ဂုဏ်သိက္ခာနှင့် အဂတိကင်းရှင်းမှု၊ ဆုံးဖြတ်ချက် တိကျခိုင်မာမှုတို့၏ သရုပ်သကန် များကိုလည်း သည်ခြံကတစ်ဆင့် ရှာဖွေတွေ့ရှိနိုင်သည်။

နေအိမ်အကျယ်ချုပ်မှ ၂၀၁၀နို၀င်ဘာ ၁၃ ရက်က လွတ် မြောက်လာပြီးနောက် သားငယ် အဲရစ်ကင်(မ်)နှင့်အတူ ပုဂံသို့ သွားရောက်လည်ပတ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်တွင်း အလည်အပတ်ခရီးစဉ်တွင်

ရှေးမြို့တော်ဟောင်း ပုဂံ နှင့် မလှမ်းမကမ်းတွင်ရှိနေသော ပုပ္ပားဒေသသို့ သွားရောက်လည် ပတ်ရာမှ ယင်းခြံလေးနှင့် ရေစက်ဆုံခြင်းဖြစ်သည်။

၂၀၁၁ မိုးဦးကာ လ ဇွန်လက သွားရောက်ခဲ့သည့် ထိုခရီးစဉ်တွင် သားငယ် အဲရစ် ကင်(မ်)၊ ခွေးကလေး တိုက်ချီဒိုတို့နှင့်အတူဒီချုပ်ပါတီ၀င်အချို့လည်း ဒေါ်အောင်ဆန်းစုကြည် အနီး၌ရှိနေခဲ့ပြီး

ပုပ္ပားတောင်ခြေအနီးမှ ခြံလေးတစ်ခြံကို အတူတူလှည့်ပတ်ကြည့်ရှုကြသည်။ ခွေးလေးတိုက်ချီဒိုသည် သားငယ်ကင်(မ်) က မိခင်အတွက် လက်ဆောင်ဝယ်ပေးသည့် ခွေးကလေးဖြစ်ပြီး

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏ မိသားစုဝင်သဖွယ် သဘောထားသည့် ခွေးကလေးဖြစ်သည်။‘‘ခြံထဲ၀င်၀င်ချင်း တိုက်ချီဒို လေးက အောက်ခုန်ဆင်းပြီး စမ်းချောင်းလေးထဲမှာ သွားစိမ်နေတယ်။

အမေစုက အဲဒါကုိ သဘောကျပြီး သူ့သား ကင်(မ်)ကိုလည်း မေးတယ်။ ခြံလေးကို ကြိုက်လား ဆိုတော့ ကင်(မ်)ကလည်း ကြိုက် တယ်လို့ မြန်မာလို ပြောတယ်’’

လက်ရှိတွင် ကျောက်ပန်း တောင်းမြို့နယ်အမှတ် (၁) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်ဖြစ်နေပြီး လွန်ခဲ့သော ခုနစ်နှစ်က ဒေါ်အောင် ဆန်းစုကြည်၏ ပုဂံခရှီးစဉ်တွင်လုံခြုံရေးအဖြစ် လိုက်ပါခဲ့သောဦးအေးခိုင်က အတိတ်မြင်ကွင်း များကို အထက်ပါအတိုင်း ပြန် လည်ပုံဖော်ပြောပြခြင်းဖြစ်သည်။


နေအိမ်အကျယ်ချုပ်တွင် နှစ်ပေါင်းများစွာ အထီးကျန်မွန်းကျပ် နေခဲ့သော ဒေါ်အောင်ဆန်းစု ကြည်၏ စိတ်အာရုံကို မိုးဦးကာလမိုးတစိမ့်စိမ့်ရွာနေပြီး မျှတသော ရာသီဥတုပိုင်ဆိုင်ထားသည့် အညာဒေသ အိုအေစစ်၏ လှပသာ ယာမှုက ဖမ်းစားနိုင်ခဲ့သည်။

စိတ်လက်ပေါ့ပါးသော အချိန်ကာလတစ်ခု၌ လာရောက်အနားယူရန် အိုအေစစ်နယ်မြေတွင် ခြံတစ်ခြံဝယ်ယူမည့် ဆုံးဖြတ်ချက် တစ်ထိုင်တည်းချခဲ့ပုံရသည်ဟု ဦးအေးခိုင်က မှန်းဆ၍ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ထောက်ခံပြီး ယင်းအချိန် လုံခြုံရေးတာ၀န်ယူခဲ့သည့် ခြံပိုင်ရှင်ကလည်း သူတန်ဖိုးထားသောခြံကို ဒေါ်အောင်ဆန်းစုကြည် လက်သို့ လိုလိုလာလားပင် လွှဲ ပြောင်းခဲ့သည်။

ခြံပိုင်ရှင် ဦးရဲ၀င်းအောင် သည် စကားပြောနူးညံ့ပြီး အနု ပညာဆန်သူဖြစ်သည်။ သူ့ခြံကိုသေချာပြင်ဆင်၍ အနာဂတ်၌အေးအေးလူလူ အနားယူရန် စိတ်ကူးယဉ်ထားပြီး မည်သူ့ကိုမျှ မရောင်းရန် ဆုံးဖြတ်ထားကာ ဝယ်ယူရန်ကမ်းလှမ်းမှု မှန်သမျှကို ပယ် ချခဲ့သည်။

သို့သော် မိခင်အရင်း ကဲ့သို့ ချစ်ခင်လေးစားသော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သူ့ခြံကို သဘောကျနေကြောင်း သိရှိသောအခါ ၀မ်းပန်းတသာဖြစ် ခဲ့သည်။

‘‘ဗိုလ်မှူးကြီး အငြိမ်းစားတစ် ယောက်က ခြံကိုဝယ်ဖို့ လာမေးဖူးတယ်။ ဒီခြံမြေတန်ဖိုးအပြင် ကျွန်တော့်ရဲ့အိပ်မက်ကိုပါ ပေါင်းထည့်ပြီး တန်ဖိုးဖြတ်ပြီးမှ ရောင်း နိုင်မှာလို့ ပြောလိုက်တာမှာ ပြန်သွားတယ်’’

ခြံကို မရောင်းလို၍ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးကို ဘုတော တောခဲ့သူ ဦးရဲဝင်းအောင်က သူ့ခြံ ကို ဒေါ်အောင်ဆန်းစုကြည်က သဘောကျနေကြောင်း မြင်သောအခါ ‘‘အမေစုက သဘောကျတယ်လို့ သိလိုက်ရတော့ ပေးချင်သလောက်ပေး။

မပေးဘဲနေလည်းဖြစ်တယ်လို့ ပြောခဲ့တာ။ အဲဒါကိုမှ အမေစုက အဲဒီခေတ် အဲဒီအခါ စျေးနဲ့ မရရအောင် အမေက ပေးသွားတာ’’ဟု ဆိုသည်။

ခြံကို ဝယ်ယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အမည် ဖြင့် မြေဂရန်ထွက်ရှိလာခဲ့သည့် နေ့က မြင်ကွင်းတစ်ခုကို ဦးအေး ခိုင်က အမှတ်တရရှိနေသည်။

‘‘ဂရန်ကို သူ့နာမည်နဲ့ ထွက်လာတဲ့အခါ ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ယောက်က သူ့ဘ၀မှာ တစ်ခါမှ သူ့နာမည်နဲ့ ပေါက်ပြီးတော့ မြေယာပိုင်ဆိုင်မှု မရှိခဲ့ဘူးပေါ့။ သူ့မှာ ကလေးလေးတစ်ယောက်လို ကြည်နူးနေတာကို မြင်ရ တယ်။

နိုဗယ်ဆုရှင်ကြီးက မြို့ လေးတစ်မြို့ရဲ့ ရွာတစ်ရွာမှာရှိတဲ့ခြံလေးကို သူ့နာမည်နဲ့ ပိုင်ဆိုင်တာကို သူ့မှာ ကြည်ကြည်နူးနူးနဲ့။ ဘေးကနေကြည့်တာ၊ ကြည်လည်းကြည်နူးရတယ်။

စိတ်မကောင်းလည်း ဖြစ်ခဲ့ရတယ်’’ဟု ပြော သည်။ ယင်းအကြောင်းပြောပြနေစဉ် ဦးအေးခိုင် အသံအနည်းငယ် တိမ်ဝင်သွားသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲ မကျင်းပမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုက ရွေးကောက်ပွဲဝင်မည့် ပါတီဝင်များအနေဖြင့် ပိုင်ဆိုင်မှုတင်ပြရန် ညွှန်ကြားရာတွင်

ယင်းအချိန်ကပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တင်ပြခဲ့သည့် တစ်ခုတည်းသော ပိုင်ဆိုင်မှုမှာ ပုပ္ပားတောင်ခြေရှိ ယင်းခြံကွက်လေးဖြစ် ကြောင်း ဒီချုပ်ပါတီဝင် အသိုင်းအဝိုင်းက ဆိုသည်။

‘‘NLD ကိုယ်စားလှယ် လောင်းတွေ ပိုင်ဆိုင်မှုတင်ရမယ်ဆိုတော့ ကျွန်မ ဘာမှမပိုင်ဘူးတဲ့။ တက္ကသိုလ်ရိပ်သာလမ်းက ဖေဖေ့အိမ်နဲ့ခြံကလည်း ဖဆပလက ပေးထားတာတဲ့။

ပြီးတော့မှ ရုတ်တရက် သတိရသွားပြီး ကျွန်မ မေ့နေလို့တဲ့။ ပုပ္ပားက ခြံတစ်ခြံပိုင်တယ်တဲ့။ အဲဒီခြံက ကျွန်မပိုက်ဆံနဲ့ ကျွန်မ ဝယ်တာ။ ကျွန်မပိုင်တာလို့ ပြောတယ်’’ဟု ဦးအေးခိုင်က ပြောသည်။

ယင်းခြံကိုပင် ကိုယ်စားလှယ် လောင်းပိုင်ဆိုင်မှုစာရင်း တင်ခဲ့သည်ဟု ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူ့တွင် ပိုင်ဆိုင်မှု များများစားစားမရှိဟု ပြောဆိုဖူးသည်။

ခင်ပွန်းသည် မိုက်ကယ်၊ သားနှစ်ဦးနှင့်အတူ မိသားစုပိုင်ခဲ့သော အင်္ဂလန်နိုင်ငံ အောက် စဖို့ဒ်မြောက်ပိုင်းရှိ နေအိမ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ် မိသားစုဝင်များက ရောင်းချခဲ့ပြီးဖြစ်သည်။

ဖခင်ဗိုလ်ချုပ်အောင်ဆန်းပိုင်ဆိုင်သော ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းရှိ အိမ်အမှတ် (၅၄) သည်လည်း အစ်ကို ဦးအောင်ဆန်းဦးနှင့် ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေဆဲဖြစ်သည်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနိုင်ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်အနေ ဖြင့် နေထိုင်ခဲ့သော နေပြည်တော်ရှိ နှင်းဆီစံအိမ်မှာလည်း သူပိုင်ဆိုင်ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဉာဏ်ဝင်းက ပြောသည်။

သူ့တွင် ဘဏ်စာအုပ်တစ်ခုသာ ပိုင်ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးပြီး လက်ဆုပ်လက်ကိုင်ပြစရာအနေဖြင့် ပုပ္ပားမှ နှစ်ဧကသာသာကျယ်ဝန်းသော ခြံလေးသာ ရှိနေသည်။

ထို့အတွက်ကြောင့် နိုင်ငံ တာဝန်များကြားမှ အတိုင်ပင်ခံက ခြံလေးကို သတိတရရှိနေတတ် ကြောင်း နီးစပ်သူများက ဆိုသည်။

‘‘ဆရာဇော် (မန္တလေးတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်) က မင်းတို့ အမေက ဒီခြံလေးကို စိတ်ဝင်စားတယ်လို့ပြောတယ်။ အမေ့ခြံဆိုတော့ ကျွန် တော်တို့လည်း အလုပ်လုပ်ရတာ တန်ဖိုးရှိတယ်’’ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခြံကို တာဝန်ယူထိန်းသိမ်းပေးနေသော ကိုမင်းစံက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ၊ စစ်အစိုးရလက်ထက်က နိုင်ငံရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီးခံရပြီး ခြံပိုင်ရှင် ဦးရဲ၀င်းအောင်က ‘‘အမေစုက အရမ်းလည်း သနားစရာကောင်းတယ်။ မြန်မာပြည်မှာ သူပိုင်မြေဆိုလို့ တစ်ခုမှမရှိဘူး။ ဒါလေးတစ်ခုသာ သူပိုင်မြေလို့ ပြောတယ်’’ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သော ပုပ္ပားတောင်မကြီးခြေရင်းမှ ခြံအတွင်း ကြည့်မည်ဆိုပါက ခမ်းနားထည်ဝါမှု အလျှင်းမတွေ့ရ။ ခြံလယ်တွင် လူကြီးလက်နှစ်ဖက်ခန့်စာ မန်ကျည်းပင်ကြီးတစ်ပင်ရှိပြီး

အပင်အောက်၌ထိုင်၍ရ သော ဝါးကပ်ကြမ်းတစ်ခုကို ပြု လုပ်ထားသည်။ မျက်နှာစာမှာ ပေ ၁၅၀ ခန့်ကျယ်ပြီး ပေ ၄၀၀ ကျော် ရှည်ကြောင်း ခြံယာယီတာ၀န်ခံကိုမင်းစံက ဆိုသည်။ ခြံ၏ အ နောက်ဘက် ထက်ဝက်ခန့်ဧရိယာသည် မြက်ပင်များ တင်းကျမ်းပြည့် နှက်နေသည်။

ခြံမှာ တောင်တန်းဒေသ ရေ မြေသဘာ၀အတိုင်း ဆင်ခြေလျှောပုံသဏ္ဌန်ဖြစ်သည်။ ခြံ၏ အနောက်ဘက်အစွန်ဆုံးတွင် စမ်းချောင်း လေးတစ်ခုရှိသည်။ ခွေးလေး တိုက်ချီဒိုိ ရေကစားခဲ့သော စမ်း ချောင်းလေး ဖြစ်သည်။

ထိုစမ်းချောင်းသည် ပုပ္ပားတောင်မကြီး ပတ်ချာလည်မှ အရေအတွက်ရာချီရှိသော ရေထွက်များအနက်တစ်ခုမှ အစပြုကာစတင်ဖြစ်ပေါ် ခြင်းဖြစ်သည်။

ရေထွက်သည် ခြံ၏ အထက်ဘက် မီတာတစ်ရာခန့်တွင် ရှိနေသည်။ ခြံအတွင်း ငါးပေပတ်လည်ခန့် ကျောက်တုံးကြီး အချို့ရှိသလို လူလက်နှစ်ဖက်စာခန့် မန်ကျည်းပင်နှင့် ကျွန်းပင်အချို့ရှိသည်။

အပင်ကြီးအနေဖြင့်မန်ကျည်းပင် သုံးပင်၊ ကျွန်းပင် ကိုးပင်နှင့် ယင်းမာပင် တစ်ပင်ရှိသည်။ ကွမ်းသီးပင်လုံးခန့်ရှိသော ရှားပင်၊ ယင်းမာပင်၊ ကျွန်းမာပင်၊ ထနောင်းပင်၊ ဆီးဖြူပင်၊ စိန်ပန်း ပင်နှင့် သရက်ပင်များလည်း စုစု ပေါင်းအပင်ရေ ၄၀ ထက်မနည်းရှိ သည်။

မြေပြင်သည် ညီညာမှုမရှိ၍ ချော်မလဲစေရန် ထိန်းလျှောက်ရသည်။ ပုပ္ပားတောင်ဘက်ဆီမှ တိုက်ခတ်လာသော လေအေးအေးက ခြံအတွင်းသစ်ပင်များမှ သစ်ရွက်များဆီ တိုး၀င်နေသံကြားနေရသည်။ နေ့ခင်းနေ့လယ်ပိုင်း နေပူနေသည့်အချိန်မှာပင် အေးမြသော ရာသီအခင်းအကျင်းကို ခံစားရစေသည်။

ပုပ္ပားဒေသသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသော ပြင်ဦးလွင်ကဲ့သို့ ခြံမြေများ စျေးကောင်းပြီး ကားလမ်းဘေးခြံများသည် ကျပ်သိန်းထောင်ချီတန်ကြေး ရှိနေသည်။ ဝယ်ယူစဉ်က သိန်းရာဂဏန်းသာ တန်ကြေးရှိခဲ့သည်။

အတိုင်ပင်ခံ ၏ ခြံနှင့် ကပ်လျက်ခြံသည်ပင် တန်ဖိုးမြင့်အဆောက်အအုံတို့ဖြင့် ခံ့ထည်နေသည်။ အနုပညာရှင် အချို့ကလည်း ယင်းနေရာတစ်ဝိုက်တွင် ခြံများဝယ်ထားကြောင်း ဒေသခံများက ဆိုသည်။

မျက်မြင် အနေအထားအရ အတိုင်ပင်ခံ၏ ခြံသည် ဘေးပတ်ဝန်းကျင်မှ အ ခြားခြံများကဲ့သို့ ငွေကုန်ကြေးကျခံ ၍ ပြင်ဆင်မထားသည်ကို မြင်ရုံ နှင့် မှန်းဆသိနိုင်သည်။

စာရေးခြင်း၊ ပန်းချီဆွဲခြင်းတို့ ဝါသနာထုံပြီး သဘာ၀ကို ချစ်မြတ်နိုးကာ အနုပညာကို ခံစားတတ်သော ဒေါ်အောင်ဆန်းစုကြည်က ခြံအတွင်းမှ သစ်ပင်များ နှင့် ကျောက်တုံးကြီးများကို သဘာ၀အတိုင်းထားရန် ခြံ၀ယ်စဉ်ကပင်မှာကြားခဲ့၍ ပုံစံမပျက်ထားရှိ ကြောင်း ဒီချုပ်ပါတီဝင် ကိုမင်းစံက ဆိုသည်။

တိတ်ဆိတ်အေးချမ်းမှုနှင့် ပတ်၀န်းကျင်ရေမြေသဘာ၀ကိုခံစားရန် စိတ်ကူးဖြင့် ၀ယ်ယူခဲ့ သော်လည်း လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူသားအရင်းအမြစ် အားကောင်း ရေး မကြာခဏပြော ကြားလေ့ရှိသော ဒေါ်အောင်ဆန်းစုကြည်က ယခုအခါ ယင်းခြံ၀င်းအတွင်း အသက်မွေးမှု သင်တန်းကျောင်းများဖွင့်ရန် ပြင်ဆင်နေသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဦးဆောင်ကာ ခြံ၏ အနောက်ထောင့်ဘက်တွင် ပေ ၃၀ × ၅၀ ခန့်အကျယ် တစ်ထပ်တိုက် အဆောက်အအုံ ဆောက်ပြီး မကြာမီဒေသခံ လူငယ်များအတွက် ကွန်ပျူတာသင်တန်း ကျောင်းဖွင့်မည်ဖြစ်သည်။

သင်တန်းကျောင်းအတွက် လျှပ်စစ်မီးသုံးရာတွင် လိုအပ်သော ထရန်စဖော်မာကို မြို့နယ်လျှပ်စစ်ဌာန နှင့် အုပ်ချုပ်ရေးပိုင်းက ဌာနအနေဖြင့် လာရောက်တပ်ဆင်ပေးမည်ဟု အသိပေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကတစ်ဆင့် ဌာန ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ၍ ကျသင့်တန်ဖိုးငွေပေးကာ တပ်ဆင်ခဲ့သည်။

‘‘ထရန်စဖော်မာဆင်ဖို့ ဒီမှာရှိတဲ့ လျှပ်စစ်ဌာနက လုပ်ပေးမယ်ဆိုတော့ တိုင်းပြည်ဘတ်ဂျက်နဲ့ တစ်ပြားမှ အလုပ်မခံပါဘူး။ ငွေကြေးကိစ္စ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကနေ သူ့ဘာသာသူ လုပ်သွားတယ်။ တိုင်းပြည်ဘတ်ဂျက် ထဲကနေ တစ်ပြားမှ မသုံးရဘူးလို့သူကိုယ်တိုင် ညွှန်ကြားထားတာ ပါ’’ဟု ခြံကို မကြာခဏလာရောက် ကြည့်ရှုနေသော ဦးအေးခိုင်က ပြောသည်။

ဧရာမကျောက်တုံးကြီးများကို ယန္တရားများဖြင့် ဖယ်ရှားရပြီး ၀ယ်ယူထားသည်မှာ ခြောက်နှစ်ခန့်ရှိပြီဖြစ်သော အဆိုပါ ခြံကို ရှင်းလင်းပေးရန် စီးပွားရေး လုပ်ငန်းရှင်အချို့က ကမ်းလှမ်းသော်လည်း လက်မခံခဲ့ဘဲ မြို့ခံများနှင့် ပရဟိတအဖွဲ့များ၏ အားဖြင့် ရှင်းလင်းပေးနေသည်။

မကြာမီကာလ တွင် ကွန်ပျူတာသင်တန်းကျောင်း ဖွင့်နိုင်ရေး ကြိုးပမ်းနေစဉ် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို လေးစားချစ်ခင်သူများက ခြံံကို အလှဆင်နိုင်ရန် ကြိုးစားနေသည်။ ခြံ၏ မျက်နှာစာတွင် ပန်းအလှပင်များစိုက်မည်ဖြစ်ပြီး ခြံအတွင်း ဘယ်ဘက်မြေကွက်လပ်ကို ဒေါ်အောင်ဆန်းစုကြည် ကြိုက်နှစ်သက်သောနှင်းဆီပန်းခင်းအဖြစ် ပုံဖော်နိုင် ရေး ကြိုးစားနေသည်။

မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ဆောင်နိုင်ရေး နှစ် ပေါင်းများစွာ တိုက်ပွဲ၀င်ခဲ့ပြီး ယခုအခါ အသက် (၇၃)နှစ်အရွယ်သို့ ရောက်နေပြီဖြစ်သော အတိုင်ပင်ခံပုဂ္ဂိုလ်တွင် သူမျှော်လင့်ထား သော အနာဂတ်ဆန္ဒတစ်ခုရှိ သည်။ နိုင်ငံ့တာ၀န်များပြီးဆုံး သည့်အခါ အနားယူပြီး စာဖတ်လိုကြောင်း ထုတ်ပြောခဲ့သည်။

၂၀၁၆ စက်တင်ဘာက ပြည်ပမီဒီယာတစ်ခုနှင့် တွေ့ဆုံစဉ်ယင်းကဲ့သို့ ထုတ်ဖော်ပြောကြား သော်လည်း နိုင်ငံတော်အတိုင်ပင်ခံ တာ၀န်ယူပြီးချိန်ကစ၍ နိုင်ငံရေးခရီးကြမ်းကိုသာ လျှောက်လှမ်းနေရဆဲဖြစ်သည်။

အပစ်ရပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အရေး၊ ရခိုင်ဒေသတိုက်ခိုက်ခံရမှုအရေးများနှင့် ကောင်းမွန်သည့် ညွှန်းကိန်းသို့ ရောက်မလာသော နိုင်ငံ့စီးပွားရေး အခြေအနေများကို ကျဉ်းထဲကျပ်ထဲမှ ဖြေရှင်းပေးနေရသည်။

ဘင်္ဂါလီအရေးတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံအများစုက လူ့အခွင့်အရေးခေါင်းစဉ် လှိုင်လှိုင်သုံးကာ အတိုင်ပင်ခံကို ဖိအားပေး နေကြပြီး နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ကြံ့ကြံ့ခံရင်ဆိုင်နေဆဲဖြစ်သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် စိတ်၏ လွတ်လပ်ပေါ့ပါးမှုကို ပုဂံနှင့် ပုပ္ပား ဒေသတွင် ရှာဖွေခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ပုပ္ပားတောင် ခြေရှိ သူ၏ ခြံလေးဆီသို့ လာ ရောက် အပန်းဖြေလိမ့်မည်ဟု ပုပ္ပားဒေသမှ ဒေသခံများက ယုံကြည်မျှော်လင့်နေသည်။

ပုပ္ပားaဒသ လူငယ်များအတွက် သူတည်ထောင်လိုသော ကွန်ပျူတာသင်တန်းကျောင်းကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့်အလျင်အမြန်အကောင်အထည် ဖော်နေသည်။

အတိုိင်ပင်ခံ၏ အချစ်တော်ခွေးလေးတိုက်ချီဒိုိ လွန်ခဲ့သော ခြောက်နှစ်က ရေကစားခဲ့သောစမ်းချောင်းလေးလည်း ယနေ့အချိန်ထိ ရေတသွင်သွင်စီးနေဆဲ ဖြစ်ပြီး ခြံ၏ အရှေ့ဘက်အရပ်မှ ပုပ္ပားတောင်မကြီးနှင့် တောင် ကလပ်မှာလည်း ဣနြေ္ဒရစွာ လှပနေဆဲဖြစ်သည်။

ခြံနှင့် တစ်ဖာလုံခန့်သာ ဝေးသောနေရာတွင် ပုပ္ပား-ကျောက်ပန်းတောင်း-မြင်းခြံ သုံးပွင့်ဆိုင်လမ်းခွဲရှိနေပြီး ‘‘ပြန်လည်ဆုံတွေ့ကြပါစို့-စကားဝါမြေ-ပုပ္ပား’’ ဟု ကျောက်စာဖြင့် ရေးထိုးထားသော မြို့အ၀င်ဆိုင်းဘုတ်က အနီရောင်ရင့်ရင့်ဖြင့် ၀င့်ကြွားစွာ ရှိနေသည်။
Ref: 7 day