ၾကားသိရသမွ်

နတ်မောက်မြို့မစျေးကြီး ဆိုင်ခန်းအများစု မီးလောင်မှု

နတ်မောက်မြို့မစျေးကြီး ဆိုင်ခန်းအများစု မီးလောင်မှု စစ်တပ်ဘက်တော်သားများ၏ ရှို့မီးဟု မြို့ခံများ ပြော၊ ဆိုင်ခန်း ၂၀၀ ကျော် ပြာကျပြီး မီးလောင်သည့်အကြောင်းအရင်း မသိဟု မီးသတ်တပ်ဖွဲ့ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မကွေးတိုင်း၊နတ်မောက်မြို့မစျေးကြီး ဆိုင်ခန်းအများစု ယမန်နေ့ညပိုင်း မီးလောင်မှု စစ်တပ်ဘက်တော်သားများ၏ ရှို့မီးဖြစ်ကြောင်း မြို့ခံများအားလုံးက ယူဆနေကြကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်မြို့မစျေးကြီးယနေ့ နိုဝင်ဘာ ၁၃ရက် ည ၉ နာရီခွဲ အချိန်ခန့်မှစတင်ပြီး မီးလောင်နေရာ တစ်နာရီကျော်အချိန်အထိ လောင်ကျွမ်းခဲ့ကြာင်း၊ စျေး၏ ၄ ပုံ ၃ ပုံ မီးလောင်ပြီး ဆိုင်ခန်းအများစုကို မီးကူးစက်လောင်ကျွမ်းပြာကျခဲ့ကြောင်း၊ ည ၁၁ နာရီခွဲမှသာ မီးငြိမ်းသွားသည်ဟု ဒေသခံများက ဆိုသည်။

“တစ်နိုင်ငံလုံး NLD ရုံးတွေ ဗုံးခွဲခံရတယ်။ တစ်နေ့က ပုပ္ပားမှာရှိတဲ့ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသင်တန်းကျောင်းမီးလောင်တယ်။ နောက်နေ့ကျတော့ ကျနော်တို့ နတ်မောက်မြို့မစျေး မီးလောင်တယ်။ လောင်တဲ့အချိန်က ဘယ်သူမှ အပြင်ထွက်လို့မရတဲ့အချိန်။

စျေးမှာ သူတို့စစ်တပ်ဘက်က လူတွေပဲ စောင့်တာ။ မြို့က ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်ဇာတိ တစ်မြို့လုံးက ဗိုလ်ချုပ်သမီး ထောက်ခံတဲ့မြို့။ NLD မှ NLD နီမှနီတဲ့မြို့။ ဒါ တမင် ကျနော်တို့မြို့ရဲ့ စျေးကို တမင်ရှို့တာလို့ အားလုံးက ယူဆကြတယ်။ တွက်ကြတယ်။

သဘောက တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ထောက်ခံလို့ မြို့စီးပွားကို ဖျက်တဲ့သဘောပဲ။ အဲဒီလိုတွေ လုပ်ခဲ့တာလည်း ရှေ့မှာလည်း သက်သေတွေရှိတာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို နတ်မောက်မြို့မစျေးကြီး မီးလောင်မှုအတွက် အကြောင်းအရင်းကို ဆက်သွယ်မေးမြန်းရာ မီးလောင်သည့်အကြောင်းအရင်းကို မသိရှိရသေးဘဲ စုံစမ်းဆဲသာ ဖြစ်သည်ဟုဆိုသည်။

“ဆိုင်ခန်းပေါင်း ၂၀၀ ကျော် မီးထဲပါသွားပါတယ်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကများပါတယ်။ မီးလောင်တဲ့အကြောင်းအရင်းကတော့ အခုထက်ထိ မသိပါဘူး။ စုံစမ်းဆဲပါပဲ “ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ တာဝန်ကျ အရာရှိတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ပြာကျနေသည့် နတ်မောက်မြို့မစျေးကြီးမြင်ကွင်း။

Photo -CJ

unicode











Photo -CJ