အကျိုးပေးကောင်းသော ဂီတသမား
ကိုသိန်းတန် ( မြန်မာပြည် ) US ပြန်သွားပြီဆိုလို့ သူ့ထူးခြားမှုလေးတွေ တင်ပြပါရစေ ။
ပထမ ဂစ်တာတဒေါင်ဒေါင်တဒင်ဒင်လုပ်နေလို့ ဖခင်အိမ်ပေါ်က ဆင်းခဲ့ရတယ် ။ မိတ်ဆွေတစ်ယောက်အိမ် သွားနေတယ် ။ အဲဒီမိတ်ဆွေဟာ ကိုဇော်မင်း ( ဂစ်တာဥယျာဉ် ) ပါ ။ ကိုဇော်မင်းဟာ လူပျိုလူလွတ် ၊ ဂီတ ဝါသနာပါတယ် ။ ပြီးတော့ ခေတ်ပညာတတ် ၊ E လည်း ကျွမ်းသူ ။
ကိုဇော်မင်းနဲ့အတူ အင်္ဂလိပ်သီချင်းစာအုပ်တွေ ထုတ်ဖြစ်တယ် ။ ဂစ်တာကော့ဒ်တွေ ကူညီခွင့်ရတယ် ။ ဒါတွေဟာ နောင်မှာ သမိုင်းဝင် ‘ ဂစ်တာဥယျာဉ် ‘ စာအုပ်တွေအတွက် ရှေ့ပြေးပေါ့ ။
အဲဒီမှာပဲ စိုးပိုင် ၊ တော်မီကျော်နိုင် ၊ ဗစ်တာခင်ညို ၊ ကျော်ဆွေဟန် … စတဲ့ ပါရမီရှင်တွေနဲ့ တွေ့တယ် ။ စိုးပိုင်တို့ ဝိုင်း ၊ ဗစ်တာခင်ညိုတို့ ဝိုင်းတွေမှာ လက်သွေးခွင့် ရတယ် ။ ပညာဝမ်းစာ ဖြည့်ခွင့်ရတယ် ။ ဖေါ်ပြပါပုဂ္ဂိုလ်တွေဟာလည်း ကောက်ရိုးမီးတွေမဟုတ်တဲ့ အရှိန်တရဲရဲတောက်မယ့် မီးခဲတွေလေ ။
နောက် ကိုသန်းနိုင်နဲ့ ဆက်မိသွားတယ် ။ ကိုသန်းနိုင်တို့ အသိုက်အဝန်းဆိုတာ ဂီတပါရမီထူးတဲ့ ၊ အရှိန်အဝါကြီး မိသားစုတွေပါ ။ ကိုသန်းနိုင်နဲ့ ကိုသိန်းတန် ၊ ဘယ်သူက ဘယ်သူ့ကို ပါရမီဖြည့်တယ်လို့ ပြောလို့ မရ ၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီလို့ ပြောရမယ်ထင်တယ် ။
အဲဒီမှာလည်း ( မူလပလေးဘွိုင်ကြီးမှာ ) မြန်မာပြည်မှာ ဒိတ်ဆိုတဲ့ အကောင်းဆုံး ဂီတသမားတွေနဲ့ လက်တွဲခွင့် ရ ၊ ပညာဝမ်းစာ ဖြည့်ခွင့် ရ ၊ လက်စွမ်းပြခွင့် ရခဲ့တယ် ။ ( သန်းနိုင် ၊ တော်မီ ၊ တက္ကသိုလ်အေးမောင် ၊ ကျော်နိုင် ၊ အင်ဒရူးကောင်း ၊ ရော်နီကောင်း ၊ စန္ဒယားတင်ဝင်းလှိုင် … စသူတို့ဟာ ခေတ်ဦးမှာ ဆူပါတွေပါ ) ။
အိမ်ထောင်ကျတော့လည်း သူ့အနုပညာအပေါ် နားလည်ပေးမယ့် ၊ ပါရမီဖြည့်ပေးမယ့် အဆိုတော် ။ ရင်သွေးလေးတွေ မွေးလာပြန်တော့ သူ့ခြေရာ ( မိဘခြေရာ ) နင်းမယ့် အနုပညာရှင်မျိုးဆက်တွေ ။
နောက် ကံအကြောင်းမလှစွာ ပလေးဘွိုင်ကြီး ကွဲတယ် ။ တကိုယ်တော်လှုပ်ရှားဖို့သာ ရည်ရွယ်တဲ့ သူ့ဆီ ပါရမီရှင်တွေ လာစုဝေးကြတယ် ။ ကိုတော်မီ ၊ တေးရေး မောင်မောင်လတ် ၊ ဗစ်တာခင်ညို ၊ ရော်နီကောင်း … စသည် ။ လိဒ် ၊ ဘေ့စ် ၊ ရစ်သမ် ၊ KB စုံပြီ ။ ပင်တိုင် ဒရမ်သမားပဲ လိုတာ ။
ဒါလည်း တကူးတကရှာပုံတော်ဖွင့်စရာမလိုပဲ ‘ ဇော်ဝင်းရှိန် ‘ ဆိုတဲ့ မျက်နှာသစ်လူငယ်တစ်ဟောက်ဟာ သူ့ကိုယ်သူ မိတ်ဆက်ပြီး ရောက်လာတယ် ။ ဝိုင်းသားတွေ စုံပြီ ။ LPJ ဆိုတဲ့ ( နောင်မှာ လျှမ်းလျှမ်းတောက်မယ့် ) ဂီတဝိုင်း ငွားငွားစွင့်စွင့် ပေါ်လာတယ် ။ အရန်ဒရမ်မာ စိုင်းသာဌေးလည်း လာပူးပေါင်းတယ် ။
နောက် ပြည်ပ ထွက်တယ် ။ ဟိုမှာ အလုပ်ပေးမယ့်သူနဲ့ တွေ့တယ် ။ ပထမအိမ်ထောင် ပြိုကွဲသော်ငြား သူ့အနုပညာအပေါ် အားပေးတဲ့ ‘ တေးချစ်သူ ‘ ဖူးစာရှင်နဲ့ တွေ့တယ် ။ သူ့နဂိုစတိုင် လုံးလုံး ပြောင်းပစ်တယ် ။ ဗိုလ်ဆန်ဆန်စတိုင်တွေ ဝတ်ဆင်စေတယ် ။ ဒီလိုနဲ့ သူ့ပုံစံ ( ကိုသိန်းတန်ပုံစံ ) ဟာ အများစိတ်ဝင်စားစရာဖြစ်လာကာ အနုပညာလောကမှာ ဖျော်ဖြေပွဲတွေ အဆက်မပြတ်နွှဲလာရတယ် ။
Myanmar Idol မှာ ( ခေတ်ပြိုင်တွေထဲမှာ တစ်ဦးတည်းသော ) ဒိုင်အဖြစ် တာဝန်ယူခွင့် ရလာတယ် ။ ” အန်ကယ်ကတော့ No ပါ ” စကား တပြည်လုံး ရေပန်းစားသွားတယ် ။ မျိုးဆက်သစ်တွေအကြား ထပ်ဆင့်လူသိများ သွားပြန်တယ် ။ ဂယက်တွေ အမျိုးမျိုးထအောင် စွမ်းဆောင်ပြနိုင်ခဲ့တယ် ။
၇၆ နှစ်ရှိသည့်တိုင် သူချစ်တဲ့ အနုပညာနယ် ၊ ဂီတနယ်မှာ ကျင်လည်ခွင့် ၊ လှုပ်ရှားခွင့် ရနေခြင်းဟာ နည်းနည်းနောနောကုသိုလ်မဟုတ်ပါလားခင်ဗျာ ။
ပါရမီဖြည့်ဖက်ကောင်းတွေနဲ့တွေ့လို့ ခုလို အနုပညာ အိုကံကောင်းနေတယ်လို့ ယူဆပါတယ် ။ ဒါ့ကြောင့် ‘ အကျိုးပေး ကောင်းသူ ‘ ရယ်လို့ မုဒိတာပွားလိုက်ရခြင်းပါ ။
…