ဗဟုသုတ

ဗိုလ်ကြီးတစ်ယောက် ငါးကြင်းအင်းဆရာတော်ကြီးကို သေနတ်နဲ့ပစ်တာ ကျည်မထွက်ဘဲသေနတ်ပြီးနေလို့ အလံတစ်ရာ ဆရာတော်ကြီးကို ထပ်ပြီးပစ်လိုက်သောအခါ…..

“ဒကာကြီး တစ်ခြားသေနတ်နဲ့ပစ်ကြည့်ပါဦး”

သထုံမြို့နယ်၊နောင်ကုလားရွာအနီးရှိ အလံတစ်ရာစေတီတော်၌ “လင်းထင်ဓမ္မရုံ” အမည်ဖြင့် ဓမ္မာရုံတစ်ဆောင်ရှိသည်။

ထိုဓမ္မာရုံ၏အလှူရှင်မှာ ဗုဒ္ဓဘာသာ၀င်မဟုတ်ဘဲ ကော်သူးလေ(ယခုအခေါ်) K.N.U, တပ် မဟာ(၅) မှ ခရစ်ယာန်ဘာသာ၀င်တပ်မင်းကြီးလင်းထင်ဖြစ်သည်။ ထိုဓမ္မာရုံဆောက်လုပ်လှူဒါန်းဖြစ်ခြင်း၏ နောက်ခအကြောင်းအရင်းမှာ လွန်စွာစိတ်၀င်စားဖို့ကောင်းလှသည်။

ဖြစ်စဉ်မှာ ဤသို့ဖြစ်သည် ……………၁၃၂၄ ခုနှစ်၊ဆောင်းတွင်းရက်တစ်ရက်၌ဘီလင်းမြို့နယ်မှ ငါးကြင်းအင်းဆရာတော်သည်ဘုရားတည်ရန်အတွက် ခွင့်ပြုမိန့်တောင်းခံရန် ကော်သူးလေ တပ်မဟာ (၅) သို့ကြွရောက်လာသည်။

 

ဗုဒ္ဓဘာသာများ ဘုရားတည်၊ကျောင်းဆောက်၊ ရှင်ပြု,ရဟန်းခံဘာသာရေးကိစ္စမှန်သမျှကို ကော်သူးလေအဖွဲ့ထံတင်ပြရသည်။၎င်းတို့သဘောတူခွင့်ပြုမှုသာ လုပ်ခွင့်ရသည်။ ခွင့်မပြုက လုပ်ခွင့်မရကြပေ။

တပ်မဟာ(၅) သို့ ငါးကြင်းအင်းဆရာတော်ရောက်ရှိချိန်၌ တပ်မင်းကြီးလင်းထင်မရှိ၍ ရုံးခန်းအတွင်းရှိတပ်မင်းကြီး၏ ကုလားထိုင်တွင်ထိုင်၍ စောင့်နေသည်။

(၂) နာရီခန့်အခါတွင် တပ်မင်းကြီးလင်းထင်ရောက်လာသည်။ ၎င်း၏နေရာတွင် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးထိုင်နေသည်ကိုတွေ့၍ ဒေါသအကြီးအကျယ်ထွက်သွားသည်။

“ရာရာစစ ဒင်းကများ ငါ့နေရာကိုထိုင်ရဲတယ်၊

သိကြသေးတာပေါ့” ဟုကြိမ်းဝါးကား ခါးကြားမှခြောက်လုံးပြူးသေနတ် ကိုထုတ်ကာ ဘာမှမပြောဘဲ ငါးကြင်းအင်းဆရာတော်ထံချိန်ရွယ်၍ ပစ်ထည့်လိုက်သည်။

သို့သော် ၎င်း၏ခြောက်လုံးပြူးသေနတ်ဆီမှ “ကလစ်”ဆိုသောအသံမှလွဲ၍ ယမ်းပေါက်ကွဲသံလည်းထွက်မလာ၊ကျည်ဆံလည်းမထွက်လာခဲ့။

ထို့ကြောင့် ဒေါသပိုထွက်ပြီး ဒုတိယအကြိမ် မောင်းတင်၍ ပစ်ပြန်သည်။ သေနပ်ကား ထူးမခြားနားပင်။

ငါးကြင်းအင်းဆရာတော်မှာ ၎င်းအားသေနတ်ဖြင့်ပစ်ခပ်နေသော တပ်မင်းကြီးလင်းထင်ကို တည်ငြိမ်အေးဆေးစွာကြည့်၍……..

” ဒကာကြီးသေနတ်က ကျည်မကောင်းလို့များလား၊ ကျည်အသစ်လဲပြီး ပစ်ကြည့်ပါဦး” မိန့်လိုက်သည်။

ဆရာတော်စကားကြားသည့်အခါ တပ်မင်းလင်းထင်သည် ပို၍ဒေါသထွက်သွားသည်။ မိမိကဲ့သို့ တပ်မင်းကြီးတစ်ဦးကို ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက မထီလေးစားပြုရုံသာမက ပမာမခန့်ပါပြောနေသည်ဟု ခံစားရသည်။

ထို့ကြောင့် သေနတ်ကို ကျည်အသစ်လဲပြီး ခလုပ်ကို ဒလစပ်ဆွဲလိုက်သည်။ဒုတိယအကြိမ်၌လည်း ကျည်ထွက်မလာပြန်ပေ။

“ဒကာကြီး တစ်ခြားသေနတ်နဲ့ပစ်ကြည့်ပါဦး”ဆရာတော်စကားသည် မိမိကိုပျက်ရယ်ပြုနေသည်ဟုထင်နေသည်။ ဒေါသမှာ အဆုံးစွန်ထိရောက်သွားသည်။

“ဒီလောက်သေချင်တဲ့ ဘုန်းကြီးသေရစေမယ်” ဟုတိုကာ မောင်းပြန်ရိုင်ဖယ်ကိုယူ၍ အဆုံးထိစိတ်ရှိလက်ရှိဆွဲချလိုက်သည်။

“ကလစ်…ကလစ်..” ဆိုသောအသံမှလွဲ၍ မည်သည်အသံ၊မည်သည့်ကျည်မှထွက်မလာ။

“ဒကာကြီး ဘုန်းကြီးကိုမပစ်ဘဲ တစ်ခြားတစ်နေရာကိုပစ်ကြည့်ပါဦး”

တပ်မင်းလင်းထင်သည် ဆရာတော်ပြောသည့်အတိုင်း နံရံဘက်သို့ချိန်ရွယ်၍ ပစ်လိုက်သည်။

“ဒိုင်း…ဒိုင်း…”ယမ်းပေါက်ကွဲသံများမှာ ကျယ်လောင်စွာထွက်ပေါ်လာသည်။

“ဟုတ်ပြီဒကာကြီး ဘုန်းကြီးဘက်ကိုလှည့်ပြီး ပစ်ကြည့်ပါဦး”

“ကလစ်….ကလစ်…..”

တပ်မင်းကြီးမင်းထင်မှာ ဒေါသမှနေ၍ အံ့သြခြင်းသို့ပြောင်းလဲသွားသည်။ မိမိတစ်သက်တွင် ထိုကဲ့သို့သော ထူးဆန်းသောအဖြစ်အပျက်မျိုးတစ်ခါမှမကြုံဖူးခဲ့။ ဘုန်းကြီးမျက်နှာမှာလည်း ကြာက်လန့်သည့်ပုံစံမရှိ တည်ငြိမ်နေသည်။

အံ့အားသင့်စိတ်နှင့်အတူ အထင်ကြီးလေးစားစိတ်များဖြစ်ပေါ်လာပြီး ဆရာတော်ကြွလာခြင်းအကြောင်းကိုမေး၍ ဆရာတော်စိတ်တိုင်းကျ ဆောင်ရွက်ပေးလိုက်သည်။ငါးကြင်းအင်းဆရာတော်ပြန်ကြွသွားသော်လည်း တပ်မင်းလင်းထင်စိတ်၌ ဆရာတော်အကြောင်းကိုသာ စွဲထင်နေသည်။

“အတော်စွမ်းတဲ့ ဘုန်းကြီးပဲ တစ်ခြားဘုန်းကြီးတွေကော သူလိုသေနပ်ပြီးသလား”

ဟု အတွေး၀င်လာသည်။ အတွေးနှင့်အတူ စမ်းသပ်ချင်စိတ်လည်းဖြစ်ပေါ်လာသည်။ ထို့ကြောင့် စမ်းသပ်မည့်ဆရာတော်ကိုရွေးသည်။ ထိုအချိန်က ၎င်းတို့နယ်တစ်ဝိုက်တွင် နာမည်ကြီးစပြုနေသော “အလံတစ်ရာဆရာတော်”ကို စမ်းသပ်ရန် ရွေးချယ်လိုက်သည်။

နောက်နေ့နံနက်တွင် သထုံမြို့နယ်၊နောင်ကုလားရွာအနီးတွင် သီတင်းသုံးနေသော အလံတစ်ရာဆရာတော်ထံထွက်လာသည်။ ဆရာတော်ထံရောက်သည့်အခါ ငါးကြင်းအင်းဆရာတော်နှင့် ၎င်း၏အဖြစ်အပျက်ကိုပြော၍ …….

” အရှင်ဘုရားလည်း သေနတ်ပြီး၊မပြီးဆိုတာ တပည့်တော်စမ်းသပ်ချင်ပါတယ်၊ ခွင့်ပြုပေးနိုင်မလား”

ဆရာတော်သည် တည်ငြိမ်သောဣဒြေ္ဒဖြင့် ပြုံးတော်မူ၍ ……”ဒကာကြီး ပစ်ချင်တယ်ဆိုရင် ပစ်နိုင်ပါတယ်” ဟုဆိုကာ အပေါ်ရုံဧကသီသင်္ကန်းကိုဖယ်ပေးလိုက်သည်။

တပ်မင်းမင်းထင်သည် သင်္ကန်းမဲ့၍ ဟာလာဟင်းလင်းဖြစ်နေသော ဆရာတော်၏ရင်၀တည့်တည့်ကို သေနတ်ဖြင့်ထိုးချိန်လိုက်သည်။ အားယူ၍မောင်းခလုပ်ကိုညှစ်လိုက်သည်။

ဘယ်လိုမှ လက်ညှိုးကားကွေး၍မရဘဲဖြစ်နေသည်။ သတ်ရဲဖြတ်ရဲ လက်ယဉ်လှသော တပ်မင်းလင်းထင်၏စိတ်၌ ကြောက်စိတ်များတစ်မဟုတ်ခြင်းပြန့်နှံ့သွားသည်။

ဘာကိုကြောက်မှန်းလည်းမသိဘဲ ဇောချွေးများပင်ပြန်လာသည်။ ဆရာတော်ကိုလည်းဆက်၍မစမ်းသတ်ရဲတော့ဘဲ တပ်မဟာ(၅)သို့ပြန်လာခဲ့သည်။

တပ်တွင်းရောက်သော်လည်း စိတ်နှင့်လူမှာမကပ်ဘဲဖြစ်နေသည်။ ပျော်ရွှင်ခြင်းမရှိတော့ဘဲအမှားကြီးတစ်ခုခုကိုကြူးလွန်ထားသလို စိတ်ထဲ၌ခံစားနေရသည်။ နေမထိထိုင်မသဖြစ်ကာ ဘယ်လိုမှနေမရတော့သဖြင့် အလံတစ်ရာဆရာတော်ထံသွား၍ ခွင့်လွှတ်ပေးပါရန် လျှောက်ထားတောင်းပန်သည်။

၎င်း၏ပြစ်မှုအကြွေးကို ဆပ်သည့်အနေဖြင့် အလံတစ်ရာဘုရားတွင် ဓမ္မာရုံတစ်ဆောင် ဆောက်လုပ်လှူဒါန်းခွင့်ပေးပါရန် ဆရာတော်အားလျှောက်ထားသည်။

ဆရာတော်ခွင့်ပြုသဖြင့် ၁၃၂၄-ခုနှစ် တပိုတွဲလဆန်း(၇)ရက်နေ့တွင် တိုင်ပေါင်း(၁၇၄) တိုင်ရှိသော “လင်းထင်ဓမ္မာရုံကြီး” ကိုအုတ်မြစ်ချခဲ့သည်။ ဓမ္မာရုံမှာ မြေပေါ်သို့အတော်အသင့်တက်လာသည်။ ပြီးဖို့ရန်ကား အတော်လိုနေသေးသည်။

တစ်ရက်တွင် အလံတစ်ရာဆရာတော်သည် တပ်မင်းလင်းထင်ကိုခေါ်၍ -“ဒကာကြီး ဓမ္မာရုံဆောက်ရာမှာ ပြုလုပ်ပြီးစီးခဲ့တဲ့ ကုသိုလ်တွေကို ရေစက်ချပါ”

“ဆရာတော်ဘုရား၊ ဓမ္မရုံက ခုမှအစပဲရှိပါသေးတယ်ဘုရား။ ပြီးစီးဖို့အများကြီးလိုပါသေးတယ်၊ အားလုံးပြီးမှပဲ ရေစက်ချပွဲလုပ်ပါ့မယ်ဘုရား”

“ပြီးသွားရင်လဲ ပြီးသွားတဲ့အလျောက်ပေါ့၊ အခုတော့ ပြီးသလောက်ကိုသာ ရေစက်ချလိုက်ပါ”ဆရာတော်က သေခြာမိန့်နေသဖြင့် တပ်မင်းလင်းထင်မှာ အထွန့်မတက်တော့ဘဲ ပြီးသလောက်ကိုရေစက်ချလိုက်သည်။

ဆရာတော်သည် တပ်မင်းလင်းထင်၏ ကံကြမ္မာကိုကြိုမြင်၍ ရေစက်ချခိုင်းလေခြင်းပေလော၊ တိုက်ဆိုင်ခြင်ပေလောတော့ အတိအကျမပြော

နိုင်။ ရေစက်ချအပြီး (၅)ရက်မြောက်နေ့တွင် တိုက်ပွဲတစ်ခု၌ တပ်မင်းကြီးလင်းထင်ကျဆုံးသွားခဲ့ရသည်။

တပ်မင်းကြီးကျဆုံးသွားပြီးနောက် ၎င်း၏ကုသိုလ်တော်ဓမ္မာရုံကြီးလည်း အပြီးမတတ်နိုင်ရှိခဲ့သည်။ ဓမ္မရုံအုတ်မြစ်ချပြီး (၃၅) နှစ်အကြာ၌ အလံတစ်ရာသြဝါဒါစရိယဆရာတော်များ၏ မေတ္တာရပ်ခံမှု၊ဂေါပကဒကာများ၏တောင်းပန်လျှောက်ထားမှုတို့ကြောင့် မြိုင်ကြီးငူဆရာတော်သည် K.N.U တပ်မဟာ(၁) နယ်မြေဖြစ်သော အလံတစ်ရာစေတီတော်ပရိဝုဏ်းအတွင်းရှိ “လင်းထင်ဓမ္မာရုံကြီး”ကို အခက်အခဲမျိုးစုံကြားမှ ၁၉၉၇ ခုနှစ်တွင် အသစ်ထပ်မံတည်ဆောက်ပေးခဲ့သည်။

သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ

(ချမ်းသာဟူသမျှ ပြည်စုံကြပါစေ၊ ဆင်းရဲမှန်သမျှ ကင်းဝြေကပါစေ)

(ချမ်းသာဟူသမျှ ပြည်စုံကြပါစေ၊ ဆင်းရဲမှန်သမျှ ကင်းဝေကြပါစေ)

ဓမ္မဝီရ ဒေါက်တာတေဇနိယ

# Credit Original Uploader