ၾကားသိရသမွ်

စားစရာမရှိသည့် ဘဝကနေ ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသားဖြစ်ခဲ့သူ

စားစရာမရှိသည့် ဘဝကနေ ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသားဖြစ်ခဲ့သူ

Rocky လက်ဝှေ့ဇာတ်လမ်းတွေ Rambo ဗီယက်နမ်စစ်ပြန်တစ်ယောက်ရဲ့ စွန့်စားခန်း ဇာတ်လမ်းတွေကနေစပြီ ယနေ့အချိန်အထိ အောင်မြင်ကျော်ကြား လူကြိုက်အများဆုံး မင်းသားကြီး ဆီးလ်ဗက်စတာ စတားလုံး (Sylvester Stallone)ပဲဖြစ်ပါတယ်။

စတားလုံးဟာ ငယ်ငယ်တုန်းက အတော်လေးဆင်းရဲခဲ့ပါတယ်။ ဆင်းရဲပေမယ့် ရုပ်ရှင် မင်းသား အရမ်းဖြစ်ချင်ခဲ့တယ်။ အားရင် တစ်ယောက်တည်း သရုပ်ဆောင် အမူအရာ လေ့ကျင်တယ်။

စတားလုံးမှာ မိန်းမတွေကျလောက်တဲ့ မျက်နှာပေါက် နဲ့အချိုးအဆစ်ပြေတဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားတယ်။ဒါပေမယ့် သူ့မှာ အားနည်းချက် တစ်ခုရှိတယ်။သူ့ကိုမွေးစဉ်တုန်းက သူ့ရဲ့ဘယ်ဖက်ပါးက အကြောတစ်ခုကို နည်းနည်းထိသွားတယ်။

သူကြီးလာတော့ ဘယ်ဖက် ပါးတခြမ်း နည်းနည်းရွဲ့သွားသလို စကား ကိုလဲ ပီပီသသလွတ်လွတ်လပ်လပ် မပြောနိုင်တော့ဘူး။သူပြောတဲ့ စကားလုံး တွေဟာ ဗလုံးဗထွေးနဲ့မပီမသဖြစ်နေတယ်။

သူ အထက်တန်းကျောင်း တက်နေတုန်း တစ်ပိုင်းတစ်စနဲ့ကျောင်းကထွက်လိုက်ရတယ်။ ရုပ်ရှင်မင်းသား လုပ်ချင်လို့ကျောင်းဆက်မတက်တော့တာပါ။အသက် ၂၅ နှစ် အရွယ်မှာ နယူးယောက်မြို့ကိုသွားပြီးဟောလီးဝုဒ်က ရုပ်ရှင်ကုမ္ပဏီတွေမှာ မင်းသား လုပ်ဖို့လျှောက်တယ်။ ဘယ်ကုမ္ပဏီ ကမှ မရွေးကြပါဘူး။

သူရဲ့ မျက်နှာပေါက်၊ ခန္ဓာကိုယ် အချိုးအစားနဲ့သရုပ်ဆောင် ပညာကို သဘောကျပေမယ့် စကား ကိုပီပီသသ မပြောနိုင်တာကြောင့် ငြင်းပယ်ကြတာပါ။ဒါပေမယ့် စတားလုံး ကတော့ လုံး၀ စိတ်ဓာတ် မကျပါဘူး။

တစ်နေ့တစ်နေ့ မင်းသား ဖြစ်ဖို့ပဲ ရူးနေလို့ ဘာအလုပ်အကိုင်ကိုမှ မလုပ်ဘူး။ အလုပ်မရှိတော့ စားစရာ လည်းမရှိဘူးပေါ့။ ငတ်လွန်းလို့ တစ်နေ့မှာသူ့မိန်းမရဲ့ လက်ဝတ်လက်စားတွေကို ခိုးပြီးရောင်းလိုက်တယ်။

ရတဲ့ ပိုက်ဆံ နဲ့ စားစရာ ဝယ်စားရတယ်။ ဒါကို သူ့မိန်းမိန်းမ သိသွားတော့အိမ်ပေါ်က မောင်းချခံရတယ်။အိပ်စရာမရှိလို့ ဘတ်စ်ကား တွေရပ်နားတဲ့ စခန်းက ခုံတန်းလေးမှာ ၃ ရက်လောက် သွားအိပ်ခဲ့ရတယ်။

တစ်ရက်မှာ သူဟာ စားစရာမရှိလို့ သူမွေးထားတဲ့ သူနဲ့အမြဲသွားနေကျ ခွေးလေးကို ၂၅ ဒေါ်လာနဲ့အရက်ဆိုင်မှာ ရောင်းလိုက်ရတယ်။ခွေးရောင်းပြီး အပြန်လမ်းမှာ ချုံးပွဲချ ငိုတော့တယ်။စားစရာမရှိလို့သာ ရောင်းလိုက်ရတာ သူ့ခွေးကို အင်မတန် ချစ်ရှာသကိုး။

တစ်ညနေခင်း စားသောက်ဆိုင် တစ်ခုမှာ ပြနေတဲ့ TV ကနေ လက်ဝှေ့ထိုးပွဲတစ်ခုကို ကြည့်မိတယ်။လက်ရှိ ဟဲဗီးဝတ်ချန်ပီယံ မိုဟာမက်အလီနဲ့ စိန်ခေါ်သူချတ်ဝက်ပနာတို့ရဲ့ ထိုးသတ်ပွဲပါ။ ဝက်ပနာရဲ့လက်ဝှေ့စွမ်းရည်ဟာ မိုဟာမက်အလီကိုဘယ်လိုမှမယှဉ်နိုင်ပါဘူး။

ဒါကြောင့် ပွဲချီ ၁၅ ချီအတွင်း ဝက်ပနာဟာ အကြိမ်ကြိမ် လဲကျခဲ့တယ်။ ဒါပေမယ့် ဝက်ပနာဟာ လဲကျတိုင်းပြန်ထတယ်။ ၁၅ ချီပြည့်ချိန်မှာ ဝက်ပနာဟာ အမှတ်နဲ့ ရှုံးသွားခဲ့တယ်။

စတားလုံး ဟာ အိမ်ပြန်ရောက်တော့ ဝက်ပနာရဲ့အနိုင်မခံ အရှုံးမပေး လဲကျနေရာက ပြန်ပြန်ထလာတဲ့သူရဲ့ဇွဲသတ္တိကို သဘောကျလွန်းလို့ လက်ဝှေ့ပွဲဇာတ်ညွှန်းတစ်ပုဒ်ကို ဘာမှမစားဘဲ နာရီ ၂၀ ကြာအောင်မနားတမ်း ရေးလိုက်တယ်။

ဇာတ်ညွှန်း ကိုအသေအချာပြန်ဖတ်ပြီး ၃ ရက်အတွင်းအချောသပ်လိုက်တယ်။
ရက်အတန်ကြာမှာ သူ့ ဇာတ်ညွှန်း ကို ဟောလီးဝုဒ် ကထုတ်လုပ်သူတွေထံ လိုက်ရောင်းတယ်။ ဘယ်သူမှမကြိူက်ကြဘူး။

နောက်ဆုံးတော့ ထုတ်လုပ်သူတစ်ယောက်က စိတ်ဝင်စားလို့ ဒေါ်လာ ၁၂၅၀၀၀ နဲ့ဝယ်ပြီး ရုပ်ရှင် ရိုက်မယ်လို့ ကမ်းလှမ်းလာတယ်။စတားလုံးက အဲ့ဒီဇာတ်လမ်းမှာ သူကိုယ်တိုင် မင်းသား လုပ်ရမှာ ရောင်းမယ်လို့ပြောတယ်။သဘောတူညီမှု မရလို့ ဇာတ်ညွှန်း ယူပြီးပြန်လာခဲ့ရတယ်။

၂ ပတ်လောက်ကြာတော့ အစောက ထုတ်လုပ်သူကပဲဒေါ်လာ ၂၅၀၀၀၀ နဲ့ ကမ်းလှမ်းပြန်တယ်။စတားလုံးကလည်း ဓာတ်ပြားဟောင်းပဲ ပြန်ဖွင့်တယ်။နောက်ဆုံး ဒေါ်လာ ၃ သိန်းခွဲအထိ တိုးပေးတယ်။အရင်အတိုင်ပဲ မင်းသား မလုပ်ရရင် မရောင်းဘူးတဲ့။

သူတစ်သက်လုံး မက်လာတဲ့ မင်းသား အိမ်မက် ကိုဒေါ်လာ ၃ သိန်းခွဲနဲ့ မလဲနိုင်လို့ပါ။နောက်ဆုံးတော့ ထုတ်လုပ်သူက သဘောတူလိုက်တယ်။ဒါပေမယ့် ဇာတ်ညွှန်း ကို ဒေါ်လာ ၃ သောင်းခွဲပဲပေးပြီး သရုပ်ဆောင်ခ မရဘူးလို့ပြောတယ်။

စကားကိုပီပီသသ မပြောတတ်တဲ့လူကို မင်းသား တင်ရိုက်ရင်ရှုံးမှာ သေချာသလောက်ရှိတာမို့ မတန်တဆ နှိမ်ပေးလိုက်တာပါ။မင်းသား အဖြစ် တင်ရိုက်မယ်ဆိုတော့ ဒေါ်လာ ၃ သောင်းခွဲနဲ့စာချုပ်လိုက်တယ်။

ရတဲ့ငွေနဲ့ ပထမဆုံး သူ့ရဲ့ခွေးကိုပြန်သွားဝယ်တယ်။ ခွေးဝယ်သွားတဲ့သူကို မတွေ့ဘူး။၃ ရက်ဆောင့်တယ်။ ခွေးဝယ်သွားသူ ရောက်တယ်။ဒေါ်လာ ၅၀ နဲ့ ပြန်ဝယ်တယ် မရ။ နောက်ဆုံးဒေါ်လာ ၁၅၀၀၀ ခွဲနဲ့ ပြန်ဝယ်ခဲ့ရတယ်။

၁၉၇၆ မှာ သူ့ ဇာတ်ညွှန်း ကို ဒေါ်လာ ၁၀၀၀၀၀၀ အကုန်ခံပြီး၂၈ ရက်နဲ့ အပြီးရိုက်တယ်။ ဇာတ်ကားနာမည်က Rocky ပါ။သား သတ်ရုံ မှာ အလုပ်လုပ်နေသူ တစ်ယောက်ကနကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖြစ်လာပုံကို ရိုက်ထားတာပါ။

ရုပ်ရှင် ထဲမှာ သူ့ခွေးတောင် ထည့်ရိုက်ထားသေးတယ်။စတားလုံးရဲ့ သရုပ်ဆောင်ကောင်းတာရယ် ဇာတ်လမ်း ဇာတ်ကွက် ကောင်းတာရယ်ကြောင့်Rocky ရုပ်ရှင်ကားဟာ အရမ်းအောင်မြင်သွားတယ်။

ရုံတင်ရက် တစ်ပတ်အတွင်းမှာပဲ ဒေါ်လာ သန်း ၃၀၀ နီးပါးဝင်ငွေရခဲ့တယ်။ Rocky ရုပ်ရှင်ကားဟာ အော်စကာ (Oscar ) ဆုကြီး ၃ ဆု (ဇာတ်ကား ၊ ဇာညွှန်း ၊ ဒါရိုက်တာ)ရသွားသလို စတားလုံးဟာလဲ Oscar မင်းသားဆုနောက်ဆုံး ဆန်ကာတင်အဆင့်မှာ ပါခဲ့တယ်။

သူလဲ ကမ္ဘာကျော်မင်းသား ဖြစ်သွားတဲ့အပြင် အမြတ်ငွေတွေထဲက အကျိုးခံစားခွင့်ရလို့သန်းကြွယ်သူဌေးတစ်ယောက် ချက်ချင်းဖြစ်သွားခဲ့တယ်။စတားလုံးဟာ နောက်ပိုင်းမှာ ရုပ်ရှင်ထုတ်လုပ်သူ၊ဒါရိုက်တာ၊ မင်းသားနေရာတွေ အားလုံးမှာလည်းအောင်မြင်မှုရခဲ့တယ်။

Rocky ဟာ အောင်မြင်လို့ Rocky 5 အထိ ရိုက်ခဲ့ရတယ်။ အားလုံးလည်းအောင်မြင်ခဲ့တယ်။ နှစ်အနည်းငယ်ကြာတော့ ဗီယက်နမ် စစ်ပြန်တစ်ယောက်ရဲ့ စွန့်စားခမ်းရုပ်ရှင် Rambo ကိုရိုက်ကူးခဲ့တယ်။ Rambo IV အထိ ရိုက်ရပြန်တယ်။ အခု အသက် ၇၀ နီးပါးရှိတဲ့ စတားလုံး ဟာဟောလီးဝုဒ် ရုပ်ရှင်ကားတွေထဲမှာ သရုပ်ဆောင်ဆဲပါပဲ။

တကယ်လို့သာ စတားလုံဟာ သူ့ဇာတ်ညွန်းကို မင်းသားမလုပ်တော့ပဲ ဒေါ်လာ ၃ သိန်းခွဲကိုသာ လက်ခံလိုက်ရင် သူတစ်သက်လုံး ဖြစ်ချင်နေတဲ့ သူ့အိမ်မက်ထဲက ရုပ်ရှင်မင်းသားဖြစ်လာပါ့မလား။တွေးစရာပါ။

လူတိုင်းမှာ အိမ်မက်ကိုယ်စီရှိပါတယ်။ဘဝမှာ လုပ်ချင်တာ ဖြစ်ချင်တာလေးတွေ စိတ်ကူးတွေဘရှိကြပါတယ်။အဲ့ဒီအိမ်မက်တွေ အကောင်အထည်ဖော်ဖို့ကြောက်နေမယ်၊‌ တွေဝေနေမယ်၊တုံ့ဆိုင်းနေမယ်ဆိုရင် စားစရာမရှိတဲ့ ဘဝကနေ အောင်မြင်ကျော်ကြားသွားတဲ့ စတားလုံးအကြောင်းကို သတိရလိုက်ပါ။

ဗန်းမော်သိန်းဖေ(သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ)