ၾကားသိရသမွ်

“မိုင်းကျက်ဂူမှ မိုင်းဖုန်းဆရာတော်ဉာဏသံဝရ ပေးပို့သော မေတ္တာစာ”

“မိုင်းကျက်ဂူမှ မိုင်းဖုန်းဆရာတော်ဉာဏသံဝရ ပေးပို့သော မေတ္တာစာ”

သာသနာတော်နှစ် ၂၅၆၅ ခု တန်ဆောင်မုန်းလကွယ် (3.12.2021)

နှာ၁

သားဆုဝါလိန်နှင့်တကွ အနယ်နယ်အရပ်ရပ်မှ တပည့်ဒကာအပေါင်းတို့အား သိစေအပ်ပါတယ်။

ဆရာတော်လည်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာလျက်ပါ။ ကြည်လင်အေးမြပြီး အံ့ဩရလောက်တဲ့

သဘာဝတရားနှင့်အညီ တရားဘာဝနာများကို ပွားများအားထုတ်လျက်ရှိပါတယ်။

မဟာသတိပဋ္ဌာန်တရား

၄ ပါးနဲ့အညီ ဘာပဲလုပ်လုပ် သတိတရားနဲ့ ယှဉ်စေပါတယ်။ တရားသဘောကို ပိုမိုနားလည်လာပြီး

မတည်မြဲတဲ့ ရုပ်နာမ်ခန္ဓာရဲ့ ဖြစ်မှု ပျက်မှုများကို နေ့ညမပျက်ရှုမြင်လျက်ပါ။ ဘယ်အရာမှ မမြဲပါဘူး။

ကာယလဟုတာ စိတ္တလဟုတာတွေနဲ့အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကာ စိုးရိမ်မှုကင်းပါတယ်။

နှာ ၂

 

 

စိတ်ကို ဥပေက္ခာထားလာနိင်ကာ မဇ္ဈိမပဋိပဒါအဖြစ် ရပ်တည်နိုင်ပါတယ်။ ရုပ်နာမ်သင်္ခါရရဲ့ မမြဲတဲ့

အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ အစိုးမရတဲ့ အနတ္တ စတာတွေဟာ ဒုက္ခသစ္စာတွေပါပဲ။

မိမိရဲ့ အလိုကိုမလိုက် သူ့တရားသဘောအတိုင်း ဖြစ်ပျက်ပြောင်းလဲနေပါတယ်။

အနှစ်သာရမရှိတဲ့ ဒီရုပ်နာမ်ခန္ဓာဟာ မွေးဖွားလာကတည်းက သေခြင်းကို စောင့်နေရတဲ့ အရာပါ။

သံဝေဂ ရစရာ အလွန်ကောင်းပါတယ်။ ဒီသင်္ခါရလောကကြီးဟာ တကယ်တော့ ရွံမုန်းစရာပါ။

ပျော်စရာကင်းပြီး ဘေးရန်များတဲ့ လောကကြီးမှာ ထပ်ပြီးတော့လဲ မမွေးချင် ထပ်ပြီးတော့လဲ မသေချင်တော့ပါဘူး။

ဇာတိ ဇရာ ဗျာဓိ မရဏ ဒီကာလအတွင်းမှာ ဒုက္ခတွေပါပဲ။ မွေးဖွားခြင်းမှသည် သေခြင်းသို့သာလမ်းဆုံးတဲ့အတွက်

သံဝေဂတရား ရှိကြကာ သေခြင်းကင်းတဲ့ နိဗ္ဗာန်ကို အမတဓါတ်နိဗ္ဗာန်မြတ်ကို ရရှိခံစားနိုင်ကြပါစေ။

နှာ ၃

ဒို့တတွေဟာ ကုသိုလ်ထူးလို့ မြတ်စွာဘုရားရဲ့ သာသနာတော်နဲ့ လာကြုံတွေ့ကြရတာပါ။

အဲဒါကို ဝမ်းသာပီတိဖြစ်ရပါမယ်။

ရခဲလှတဲ့ လူ့ဘဝမှာ သာသနာတော်နဲ့ ကြုံကြိုက်တဲ့အခါမှာ ဘုရား တရား သံဃာ မိဘ

ဆရာဖြစ်တဲ့ အနန္တော အနန္တငါးပါးကို ပူဇော်ကြပါ။ ဂါရဝပြုကြပါ။ ကျေးဇူးဆပ်ကြပါ။

အနန္တော အနန္တငါးပါးရဲ့ ဂုဏ်ကျေးဇူးဟာ လွန်စွာကြီးမားပါတယ်။ မဟာပထဝီမြေကြီးထက်

ကျယ်ပြန့်တယ်။ မြင့်မိုရ်တောင်ထက် ကြီးမြင့်တယ်။

အနန္တော အနန္တငါးပါးရဲ့ ဂုဏ်ကျေးဇူးဟာ ဘာနဲ့မှ တုနှိုင်းလို့ မရပါဘူး။

 

ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးရဲ့ အရိပ်အာဝါသသည် လွန်စွာအေးချမ်းလှပါတယ်။

မိဘရဲ့ အရပ်အာဝါသည်လည်း အေးမြသလို ဆရာသခင်ကျေးဇူးရှင်ရဲ့ ဂုဏ်ကျေးဇူးလည် အထူးအေးချမ်းလှပါတယ်။

ရတနာတော်မြတ်သုံးပါအား ယုံကြည်သူ၊ မိဘကို လုပ်ကျွေးသူ ကျေးဇူးသိတတ်သူသည် ချမ်းသာမှုအပြင် ငြိမ်းချမ်းမှုကို ရပါမယ်။

တရားတော်နှင့်အညီ ကျင့်ကြံနေထိုင်သူသည်လည်း ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနဲ့

ပြည့်စုံကာ ဘေးရန်အန္တရာယ် အသွယ်သွယ်ကို လွန်မြှောက်နိုင်မယ်။ ဒုက္ခအပေါင်းမှ လွှတ်ကင်းပါမယ်။

လူချစ်နတ်ခင် အပူအပင်တွေ ကင်းပါမယ်။ လူ့လောကအတွင်းမှာလည်းပျော်ရွှင်ရ

နတ်လောကမှာလည်း ကြည်နူးရပါမယ်။ နိဗ္ဗာန်တိုင်အောင် မြင့်မြတ်ပါတယ်။

တန်ဖိုးရှိလှတဲ့ အချိန်မှာ ပါရမီမြှောက်တဲ့ ကုသိုလ်တွေ များများလုပ် မြန်မြန်လုပ်ကြပါ။

ကုသိုလ်လုပ်ဖို့ရန် မဓွန့်ဆုတ်ပါနဲ့။

ဒါန စာဂ များများလုပ်ကြပါ။

သီလကို မြဲမြဲ စွဲကိုင်ထားပါ။

သတိပဋ္ဌာန်တရားလေးပါးဖြစ်တဲ့ ဘာဝနာတရားကို ရုပ်နာမ်ဖြစ်ပျက်မြင်တဲ့အထိ ရှုမှတ်ပွားများကြပါ။

ခန္ဓာ အာယတန ဓါတ် ပဋိစ္စသမုပ္ပါဒ်အပြင် သစ္စာလေးပါး သိအောင်အားထုတ်ကြပါကုန်။

ဘေးဘယာဝေးကွာ ဒုက္ခအပေါင်း ကင်းကွာတဲ့ နိဗ္ဗာန်ချမ်းသာကို ရရှိခံစားနိုင်ကြပါစေ။

နှာ ၄ လည်း စာမျက်နှာ ၃ နှင့် ဆိုလိုခြင်း တူပါသည်။

မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒ

(စဝ်ဆုခမ်း တန့်ယန်း) မှ တာဝန်ယူ တာဝန်ခံ ဆီလျှော်အောင်ဘာသာပြန်ဆိုပေးထားပါသည်။

ကျန်းမာချမ်းသာ ဘေးရန်ကွာ လိုရာဆန္ဒပြည့်ဝကြပါစေ။

ရောဂါအပေါင်း ဝေးခွာရှောင်း ခေတ်ကောင်အမြန် ကြုံပါစေ။

Source- SaosuKham