နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် တခြားသူတွေကို စစ်ကောင်စီက ထောင်ဒဏ် စီရင်ချက်ချလိုက်တဲ့အပေါ် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အလွန်အမင်း စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက သတင်းထုတ်ပြန်ပါတယ်။
လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ဂျာနိုင်ငံရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစတင်ပြီး မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့တောင်းဆိုထားလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းဖြစ်စဉ်ကို လုံခြုံရေးကောင်စီ အနေနဲ့ ဆက်လက်ထောက်ခံကြောင်း ဖော်ပြထားပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းစဉ် ဆက်လက်ဖော်ဆောင်ဖို့၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှောင်ရှားဖို့၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို အလေးအနက်ထားဖို့၊ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေကို လေးစားဖို့၊ တရားဥပဒေစိုးမိုးရေး ရှိဖို့ စတာတွေ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခဲ့ပြီး နာရီပိုင်းအတွင်းမှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ထောင်ဒဏ် ၂ နှစ် လျှော့ပေးခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိမှုစွပ်စွဲချက်တွေ အပါအဝင် အမှုပေါင်း ၁၃ မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
Credit DVB
Credit DVB