မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို တရားစွဲဆိုထားသည့် လူမျိုးတုန်းသတ်ဖြတ်မှုကို အာဂျင်တီးနား တရားရုံးက မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၇ နံနက် ၀၀ နာရီ ၃၀ မိနစ်တွင် စစ်ဆေးမည်၊ မင်းအောင်လှိုင်နှင့် စစ်ခေါင်း ဆောင်များကို ဖမ်းဆီးနိုင်ရန် မျှော်လင့်
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို အာဂျင်တီးနားတရားရုံးတွင် မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့က သတင်းထုတ်ပြန်သည်။
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု သမိုင်းဝင်တရားဝင်တရားစွဲဆိုမှု စတင်သည့်နေ့ အင်ဂျင်တီးနားစံတော်ချိန် ဒီဇင်ဘာ ၁၆ ရက် ကြာသပတေးနေ့ညနေ ၃ နာရီတွင် အာဂျင်တီးနားတရားရုံးတွင် မြန်မာရိုဟင်ဂျာအဖွဲ့ UK ဥက္ကဋ္ဌ ဦးထွန်းခင်က သက်သေထွက်ဆိုမည်ဖြစ်ကြောင်း သိရှိရသည်။
နိုဝင်ဘာလတွင် အာဂျင်တီးနားတရားစီရင်ရေးဌာနသည် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ မြန်မာစစ်တပ်အား တရားရုံးတွင် အမှုဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ပြီး အချို့သောရာဇ၀တ်မှုများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ရာဇ၀တ်မှုများဖြစ်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုဖြစ်သည့်အတွက် Universal Jurisdictionအရ စစ်ခေါင်းဆောင်များကို မည်သည့်နေရာတွင်မဆို စွဲချက်တင်နိုင်ကြောင်း ဆုံးဖြတ်ပြီး အမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို စွဲဆိုထားသောအမှုကို အာဂျင်တီးနား ပြည်ထောင်စု တရားရုံးရှေ့တွင် အာဂျင်တီးနားဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ တရားဝင် စတင်မည်ဖြစ်ကြောင်း သိရှိရသည်။
“ဒီအချိန်ဟာ တစ်ကမ္ဘာလုံးက ရိုဟင်ဂျာတွေအတွက် အထင်ကရ အခိုက်အတန့်ပါပဲ။ အာဂျင်တီးနားတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တရားဝင်စုံစမ်းစစ်ဆေးမှု စတင်တာကိုမြင်ရဖို့က တရားမျှတမှုရရှိရေး ကြိုးပမ်းမှုကို သက်သေပြရုံသာမကဘဲ တရားမျှတမှုလည်း ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးထွန်းခင်က ပြောသည်။
“အမှုကို လက်ခံပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ကျွန်တော် ထွက်ဆိုရမယ့်အချက်က ဒီအမှုဟာ မြန်မြန်ဆန်ဆန်နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ရှေ့ကို ဆက်သွားနေတယ်ဆိုတာ ပြသနေပါတယ်။ စစ်တပ်ရဲ့ ကြောက်မက်ဖွယ်ရာ ရာဇ၀တ်မှုများကို တာဝန်ခံမှု ရှိစေရန် ကူညီဆောင်ရွက်ပေးတဲ့ အာဂျင်တီးနား တရားရေးမဏ္ဍိုင်ရဲ့ ကျင့်ဝတ်ဆိုင်ရာ ဦးဆောင်မှုနှင့် ရဲစွမ်းသတ္တိက ချီးကျူးဂုဏ်ပြုရပါ့မယ်”ဟု ၎င်းက ဆက်ပြောသည်။
ဦးထွန်းခင်၏ ထွက်ဆိုချက်သည် ရိုဟင်ဂျာလူမျိုးများ၏ ကြေကွဲဖွယ် ကျူးလွန်ခံရမှုအခြေအနေများကို ပုံစံအမျိုးမျိုးဖြင့် ထင်ဟပ်စေမည်ဟု သိရှိရသည်။
၁၉၇၈ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော နဂါးမင်းစစ်ဆင်ရေး စစ်ဆင်ရေးအပြီးတွင် ဦးထွန်းခင်၏မိဘများသည် လူပေါင်း ၂၀၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအကျပ် ပြန်ပို့ခံခဲ့ရသူများထဲတွင် ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအပေါ် ကာလရှည်ကြာ ဖိနှိပ်ခွဲခြားဆက်ဆံသည့် မူဝါဒများကို ရောင်ပြန်ဟပ်ကာ ရိုဟင်ဂျာလူမျိုးဖြစ်သောကြောင့် တက္ကသိုလ်မတက်နိုင်ဘဲ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရခိုင်ပြည်နယ်မှ ထွက်ပြေးရန် တွန်း အားပေးခံခဲ့ရမှုကို ဦးထွန်းခင်ကိုယ်တိုင် ခံစားခဲ့ရသည်။
အဆိုပါ သက်သေခံချက်သည် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရိုဟင်ဂျာထောင် ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ၈ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေခဲ့မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားမှုများနှင့် စစ်တပ်၏လက်ရှိကျူးလွန်နေသော ရာဇ၀တ်မှုများကိုလည်း ထုတ်ဖော်ထင်ဟတ်နိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။
ဩဂုတ်လတွင် အာဂျင်တီးနားရှိ BROUK ၏အမှုနှင့်ပတ်သက်သည့် သီးခြားတရားရုံးကြားနာမှုတစ်ခုတွင် ယင်းအကြမ်းဖက်မှု၏သားကောင်ဖြစ်ခဲ့ရသည့် ရိုဟင်ဂျာအမျိုးသမီးခြောက်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ သက်သေထွက်ဆိုခဲ့ပြီးဖြစ်သည်။
“ဒါက ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အဓိက တာဝန်ရှိသူတွေကို တရားရုံးမှာ ချုပ်နှောင်ထားတဲ့ ဖမ်းဆီး နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်ပိုင်း ဒီရာဇ၀တ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ဖို့ အာရုံစိုက်သွားမှာပါ။ ရိုဟင်ဂျာတွေ သူတို့မိသားစုတွေအပေါ် လက်တုံ့ပြန်မှာကို မကြောက်ဘဲ သတ္တိရှိရှိ သက်သေထွက်ဆိုနိုင်စေဖို့အတွက် အကာအ ကွယ်ကိုလည်း ကြိုးပမ်းသွားမှာပါ” ဟု ဦးထွန်းခင်က ပြောသည်။



