ၾကားသိရသမွ်

အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ ကလေးကို ကယ်ပေးဖို့ လူတွေကို အကူအညီတောင်းခဲ့တဲ့ ခွေးလေး

ဖိလစ်ပိုင်နိုင်ငံ Cebu မြို့နေ Junrell Fuentes Revilla အမည်ရ အမျိုးသားတစ်ဦးဟာ တစ်နေ့မှာ တောင်တန်းတွေကိုဖြတ်ကာ မော်တော်ဆိုင်ကယ်စီးလာခဲ့ပါတယ်။ ဆိုင်ကယ်စီးလာရင်း ရုတ်တရက် ခွေးတစ်ကောင်က ဘယ်နေရာကမှန်းမသိထွက်လာပြီး ဆိုင်ကယ်နောက်ပြေးလိုက်ခဲ့ပါတယ်။

ခွေးက မရပ်မနားပြေးလိုက်ပြီး ဟောင်နေတာမို့ Junrell က သင်္ကာမကင်းဖြစ်ကာ ဆိုင်ကယ်ကိုရပ်လိုက်ပါတယ်။တစ်ခုခုတော့မှားနေပြီလို့ Junrell က တွေးလိုက်ပါတယ်။ ခွေးဟာ သူ့နောက်လိုက်လာတာ သူ့ကို တစ်ခုခုပြောချင်နေပုံပါပဲ။ ဒါနဲ့ Junrell ဟာ ခွေးနောက်ကို လိုက်သွားပါတယ်။

ခွေးက သူ့ကို အမှိုက်ပုံတစ်နေရာဆီ ဦးဆောင်ခေါ်သွားခဲ့တာပါ။ တစ်နေရာရောက်တော့ Junrell တွေ့လိုက်ရတာကအထုပ်သေးသေးတစ်ထုပ်။ ကြည့်လိုက်တော့ အညိုရောင်ပုဝါတစ်ထည်နဲ့ပတ်ထားတဲ့ မွေးကင်းစကလေးငယ်လေးတစ်ဦး။ ကလေးကို တစ်စုံတစ်ယောက်က အမှိုက်ပုံမှာလာစွန့်ပစ်ထားပုံပါပဲ။

ခွေးလေးရဲ့ကျေးဇူးကြောင့် ကလေးငယ်ဟာ ဘေးမသီရန်မခဘဲ ကယ်တင်ရှင်လက်ထဲရောက်ခဲ့တာဖြစ်ပြီး ရဲစခန်းကိုပို့ပေးနိုင်ခဲ့ပါတယ်။ဒီဖြစ်ရပ်လေးဟာဆိုရှယ်မီဒီယာတစ်ခွင်မှာ အလျင်အမြန်ပဲပြန့်နှံ့သွားခဲ့ကာ အားလုံးက ခွေးလေးရဲ့သတ္တိရှိမှုကို ချီးကျူးနေကြပါတယ်။

သူရဲကောင်းခွေးလေးရဲ့အကြောင်းကို ပိုသိရဖို့ Bored Panda က Cebu မြို့ ပရဟိတတိရစ္ဆာန်ဂေဟာ Hope for Strays က တာဝန်ရှိသူ Gea Ybarita ကိုဆက်သွယ်စုံစမ်းခဲ့ပါတယ်။ Gea ကတော့ Cebu မြို့ရဲ့တောင်ဘက်ပိုင်းမှာ ကလေးတစ်ယောက်ကို လမ်းဘေးခွေးတစ်ကောင်က ကယ်လိုက်တဲ့သတင်းပြန့့်နှံ့နေတဲ့ အကြောင်း အခုလိုပြောပြပါတယ်။

“တကယ်တော့ ဒီလိုသူရဲကောင်းခွေးကို ဘယ်သူမှဂုဏ်ပြုမပေးကြတာ ကျွန်မအံ့သြမိပါတယ်။ ခွေးလေးနာမည်က Blacky ပါ။ သူ့ဆီကို မော်တော်ဆိုင်ကယ်နဲ့ပဲ ကျွန်မတို့သွားခဲ့ကြတယ်။ Blacky ရှိတဲ့နေရာကို အတိအကျမသိရတော့ လိုက်ရှာရတာပါ။ သွားရတဲ့နေရာက တော်တော်ဝေးပါတယ်။

တကယ်တော့ သူရဲကောင်းခွေးလေးဟာ အစပိုင်းလူတွေထင်နေကြသလို လမ်းဘေးခွေးမဟုတ်ပါဘူး။ သူ့မှာ အိမ်ရှိပါတယ်။ Gea တို့ကတောင်တစ်ဘက်ခြမ်းမှာရှိတဲ့ အမှိုက်ပုံနေရာလည်းရောက်ရော အဲ့ဒီနားမှာ လူတွေရော ခွေးတွေရောမတွေ့လို့ အံ့သြနေခဲ့ပါသေးတယ်။

နောက် မိနစ်အနည်းငယ်ကြာတော့ ဆိုင်ကယ်တစ်စီးဖြတ်လာတာတွေ့လို့ ခွေးဓာတ်ပုံပြပြီး မေးကြည့်တော့မှကံကောင်းစွာနဲ့ ဆိုင်ကယ်စီးလာတဲ့သူက Blacky ရဲ့သခင်ဖြစ်နေမှန်း သိလိုက်ရတာပါ။ Blacky ရဲ့သခင် Lyndon Olingay က Hope for Strays ကို သူ့အိမ်ဆီလိုက်လည်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲ့ဒီမှာတော့ သူရဲကောင်းလေး Blacky နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။

ခွေးချစ်သူ Lyndon မှာတော့ အရွယ်ရောက်ပြီးခွေးကြီး ၄ကောင်နဲ့ ခွေးပေါက်လေး၅ကောင်ရှိပါတယ်။ ထို့နောက်မှာတော့ Hope for Strays ဟာ Blacky လို ဉာဏ်ရည်ဉာဏ်သွေးမြင့်တဲ့ ခွေးလေးကိုမွေးမြူပေးခဲ့တဲ့ Lyndon တို့မိသားစုကို ကျေးဇူးတင်တဲ့အနေနဲ့ အလှူပစ္စည်းတွေပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo creditCredit to
original writer