ကျမ္မာရေး ဗဟုသုတ

သတိထားကြပါ။ဆေးခန်းမှာ သည်ရက်ပိုင်းအတွင်း အတွေ့ရများလာတဲ့ Scrub typhus ရောဂါ

သတိထားကြပါ။ဆေးခန်းမှာ သည်ရက်ပိုင်းအတွင်း အတွေ့ရများလာတဲ့ Scrub typhus ရောဂါ

Scrub typhus ဘာကြောင့်ဖြစ်

Orentia Tsutsugamushi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါပါ။အဲ့ဒီဘက်တီးရီးယားတွေဟာ အပင်တွေ ( ခြုံပင် ၊ မြက်ပင် စသဖြင့် ) ၊ တိရိစ္ဆာန်တွေ( ဥပမာ- ခွေး ၊ ကြောင် ၊ ကြွက် စသဖြင့် ) မှာ တွယ်ကပ်နေတဲ့

အင်္ဂလိပ်ဝေါဟာရ Mites လို့ခေါ်တဲ့ မွှား ၊ သန်း ၊ လှေး ၊ ကမြင်းနီ စတဲ့ ပိုးမွှားတွေမှာ တွေ့ရပါတယ်။အဲ့ဒီပိုးမွှား ( Mites ) တွေ လူကိုကိုက်တဲ့အခါ ကိုက်တဲ့နေရာကတဆင့် ဘက်တီးရီးယားတွေပါတဲ့ ပိုးမွှားရဲ့သားလောင်း ( Chigger ) တွေ လူ့ကိုယ်ခန္ဓာထဲဝင်ရောက်ပြီး ရောဂါရစေပါတယ်

ရောဂါလက္ခဏာတွေ

ဖျားရက်ကြာမယ် ၊ ကိုယ်အပူချိန်ကြီးမယ်။ခေါင်းကိုက်မယ် ဗိုက်နာမယ် ပျို့အန်မယ်။ချောင်းဆိုးပြီး အသက်ရှူခက်မယ်။ခန္ဓာကိုယ်တစ်ခုလုံးနာကျဉ်ကိုက်ခဲနေမယ်။တခါတရံ မျက်စိတွေရဲနေမယ် ခန္ဓာကိုယ်မှာ Rash လို့ခေါ်တဲ့ အနီဖုအနီပြင်တွေ ထွက်တတ်တယ်

ဆရာဝန်တွေအတွက် Typhus လို့ အတိအကျပြောနိုင်တဲ့အဓိကလက္ခဏာက ပိုးမွှားကိုက်တဲ့နေရာမှာတွေ့ရတဲ့ အမဲရောင်အကွက်လေးပါ ။ Eschar လို့ခေါ်ပါတယ်( အဲဒီ Eschar ကိုတွေ့ရင် Typhus သေချာပြီမို့ သူနဲ့ဆိုင်တဲ့ဆေးပေးရင် သေချာပေါက်ပျောက်ပါပြီ )

ပိုးမွှားကိုက်တဲ့အနားမှာရှိတဲ့ ပြန်ရည်အကျိတ် ( Lymph nodes ) တွေ ရောင်တတ်တာကိုလည်း တွေ့ရပါတယ်။ရောဂါအရမ်းဆိုးရွားလာရင် ဦးနှောက်ရောင်တာ ( encephalitis ) ၊ အဆုတ်ရောင်တာ( pneumonia ) တွေဖြစ်ပြီး အသက်ဆုံးရှုံးတတ်လို့ ရောဂါဖြစ်လာရင် မပေါ့ဆစေလိုပါ

ဘယ်လိုကုသကြမလဲ

ကုသဖို့ဆေးဝါးတွေမတွေ့ခင်က ရောဂါဖြစ်ပွားသူရဲ့ ၄-၄၀% အထိေ+သဆုံးပြီးဆေးဝါးနဲ့ကုသပြီးနောက်ပိုင်းမှာ ရောဂါကြောင့်သေဆုံးမှုကို ၂% အောက်ထိ လျော့ချနိုင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားတာတွေ့ရပါတယ်။ဆေးတွေကတော့ Doxycycline , Chloramphenicol ,Azithromycin , .. စတဲ့ ဆေးတွေပါ

ဘယ်သူတွေမှာ အဖြစ်များသလဲ

ဥယျဉ်ခြံမှာ အလုပ်လုပ်သူတွေ
ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့သူတွေအိမ်မွေးတိရိ စ္ဆာန်တွေနဲ့ လက်ပွန်းတတီးနေတဲ့သူတွေမှာ အဖြစ်များပါတယ်။

ခန္ဓာကိုယ်ဘယ်နေရာတွေမှာ Eschar ကို အတွေ့များလဲ

ခန္ဓာကိုယ်အတွင်းပိုင်းမှာ ( ဥပမာ ရင်ဘတ် ဘရာစီယာအောက် ပေါင်ခြံတွေ ဂျိုင်းကြားနေရာတွေ ဗိုက်တွေမှာ ) အတွေ့ရများပါတယ်။ဒါကြောင့် အဖျားကြာရှည်ပြီး ဘာဆေးနဲ့မှမပျောက်တဲ့ အဖျားရောဂါတွေ့ပြီဆိုရင် Typhus များဖြစ်နေမလားလို့ ( လူနာကိုခွင့်တောင်းပြီး ) လူနာရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လှန်လောပြီး Eschar ရှိမရှိ ရှာရပါတယ်

ဘယ်လိုကာကွယ်ကြမလဲ

၁ ။ Typhus ရောဂါ ဖြစ်ပွားနေတဲ့နေရာတွေကို မသွားပါနဲ့

၂ ။ ခြုံပင် ၊ မြက်ပင် ၊ သစ်ပင်တွေနဲ့ ထိတွေ့ရမယ်ဆိုရင် အဝတ်အစားကို လုံခြုံအောင်ဝတ်ပါ

၃ ။ အဝတ်အစားတွေကို ခြုံပင် မြက်ပင်ပေါ်တွေ မလှန်းပါနဲ့
အဝတ်တန်းတွေကို အပင်တွေနဲ့ဝေးဝေးမှာ ပြုလုပ်ပါ

၎ ။ အိမ်ခန်းတွေကို သန့်ရှင်းအောင်ထားပါ ( ပစ္စည်းတွေ ရှုပ်ပွအောင်မထားနဲ့ ၊ ကြွက်တွေမရှိစေနဲ့ )ပိုးမွှားသေစေနိုင်တဲ့ Spray တွေ ဖြန်းပါ

၅ ။ အိမ်မွေးတိရိ စ္ဆာန်တွေကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးပါ

၆ ။ တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ

၇ ။ Typhus ရောဂါလက္ခဏာတွေတွေ့ရင် နီးစပ်ရာဆေးရုံ/ဆေးခန်းဆရာဝန်နှင့်ပြပါ

ဆေးပညာနဲ့ အလှမ်းဝေးသူ Nonmedical person တွေအတွက် ရည်ရွယ်ပြီးရေးပါတယ်
လိုအပ်တာများရှိရင် ဖြည့်စွက်ပေးကြပါခင်ဗျား …အောက်ကပုံတွေကတော့ သည်တစ်ပတ်အတွင်း ဆေးခန်းလာလူနာတွေမှာ ရှာဖွေလို့တွေ့ရတဲ့ Eschar ပုံတွေပါ။သဗ္ဗေသတ္တာဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ ……

ဒေါက်တာကျော်စိုးထွန်း