ဝီ ရသူနဲ့ ပိုင်တံခွန်
သုံးမတ်သား ဒီမိုကရေစီခေတ်မှာ သင်္ကန်းဝတ်နဲ့ ကမ္ဘာကျော်သွားတဲ့ ပုဂ္ဂိုလ်နှစ်ဦးကို သတိထားမိပါတယ်။
တစ်ဦးက ဦးဝီရသူပါ။ Time မဂ္ဂဇင်းမှာ “The Face of Buddhist Terror” (ဗုဒ္ဓဘာသာ အကြမ်းဖက်မှုရဲ့ မျက်နှာ) ဆိုပြီး မဂ္ဂဇင်းထိပ်ဆုံးမှာ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခံခဲ့ရတာပါ။

ဗုဒ္ဓဘာသာရဲ့ အေးချမ်းတဲ့ မေတ္တာတရားတွေကို ဖြန့်ဖြူးရမဲ့အစား ဘာသာခြားတွေကို မုန်းတီးတဲ့ ပူပူလောင်လောင် အမုန်းစကားတွေ ပြန့်ပွားစေခဲ့တဲ့အတွက် Time မဂ္ဂဇင်းကြီးက ခုလို သမုတ်ခဲ့တာပါ။
ဗုဒ္ဓဘာသာနဲ့ အကြမ်းဖက်မှုကို တွဲပြီးသုံးထားတာကြောင့် ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကို တစ်နည်းတစ်ဖုံ ညှိုးနွမ်းစေတာတော့ ငြင်းမရပါဘူး။
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေထဲမှာ မေတ္တာ မလွှမ်းမိုးဘဲ ဒေါသလွှမ်းမိုးနေပြီး သဘောထားသေးသိမ်တဲ့ ဘာသာရေး အစွန်းရောက်တွေ ရှိနေတာကို ကမ္ဘာက သိသွားခဲ့ပါတယ်။
နောက်တစ်ယောက်ကတော့ ပိုင်တံခွန်ပါ။ ပိုင်တံခွန် ရဟန်းဝတ်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံက ကြည်ညိုစရာကောင်းလွန်းလို့ ကမ္ဘာကျော်သွားခဲ့တယ်။ နိုင်ငံတကာက သတင်းစာတွေမှာ သူ့ရဲ့ သင်္ကန်းဝတ်နဲ့ပုံကို အကျယ်တဝင့် ဖော်ပြခဲ့ကြတယ်။

ပိုင်တံခွန်ကြောင့် မြတ်စွာဘုရားရဲ့ တရားတော်တွေကို လူပိုသိသွားတာမျိုး မရှိပေမဲ့ ဗုဒ္ဓဘာသာကို သွယ်ဝိုက်ပြီး ကြော်ငြာပေးလိုက်သလို ဖြစ်သွားတယ်။
ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို မော်ဒယ်ချောချောလေးတွေနဲ့ ကြော်ငြာကြသလို သဘောနဲ့ ခပ်ဆင်ဆင်ပါပဲ။
အထူးသဖြင့် ဘာသာမဲ့တွေများတဲ့ တရုတ်ပြည်နဲ့ ဗီယက်နမ်တို့မှာ သူ့ဓာတ်ပုံကြောင့် ဗုဒ္ဓဘာသာကို ပိုပြီးစိတ်ဝင်စားလာကြတဲ့ လူငယ်တွေ ရှိတယ်။ ဗုဒ္ဓဘာသာအတွက် တစ်နည်းတစ်ဖုံ အကျိုးရှိပါတယ်။
ဒီလိုနဲ့ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ဝီရသူ ထောင်ကလွတ်လာတယ်။ ပိုင်တံခွန်ကတော့ ထောင်ချခံလိုက်ရရှာတယ်။
ခုလည်း TC Candler က ထုတ်ပြန်တဲ့ ရုပ်အချောဆုံး ယောကျ်ားတွေ စာရင်းမှာ ပိုင်တံခွန်က နံပါတ် (၁) ချိတ်ပါတယ်။ ဒီစာရင်းက နှစ်စဥ် နိုင်ငံတကာက စောင့်ကြည့်ရတဲ့ စာရင်းပါ။
ဒီစာရင်းထဲမှာ နံပါတ် (၁) ချိတ်တယ်ဆိုတာဟာ နိုင်ငံအတွက် ဂုဏ်ယူစရာ ဘာညာဆိုတာကို ခဏထားလိုက်ပါဦး။ စီးပွားတွက်တွက်ရင်တောင် မြန်မာနိုင်ငံအတွက် အများကြီးအကျိုးရှိနိုင်ပါတယ်။
ပိုင်တံခွန်ဟာ နိုင်ငံတကာမှာ တန်းဝင်တဲ့ မော်ဒယ်တစ်ယောက် ဖြစ်သွားပြီ။ သူသာ ခုချိန် လွတ်လွတ်လပ်လပ် ရှိနေရင်၊
မြန်မာနိုင်ငံသာ လွတ်လပ်တဲ့တိုင်းပြည် ဖြစ်နေခဲ့ရင် နိုင်ငံတကာကနေ သူ့ကို ကြော်ငြာတွေ ရုပ်ရှင်တွေရိုက်ဖို့ မော်ဒယ်ရှိုးလျှောက်ဖို့ ကမ်းလှမ်းမှုတွေက တန်းစီနေမှာပါ။
ရလိုက်မယ့် ဝင်ငွေဆိုတာ သူတောင် စိတ်ကူး မယဥ်ရဲလောက်တဲ့ ဝင်ငွေမျိုး ဖြစ်လိမ့်မယ်။ မြန်မာနိုင်ငံက ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်တွေထက်ကို အဆပေါင်းများစွာ ဝင်ငွေကောင်းဖို့ အလားအလာရှိတဲ့ သူပါ။
ဒီဝင်ငွေတွေဟာ အများအားဖြင့် မြန်မာပြည်တွင်းထဲကို စီးဝင်လာမယ့် ငွေတွေပါ။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း တိုးတက်လာအောင်၊ နိုင်ငံတကာက ခရီးသွားတွေ မြန်မာနိုင်ငံကို ပိုပြီး စိတ်ဝင်စားလာအောင် ပိုင်တံခွန်ရဲ့ပုံရိပ်နဲ့ ကြော်ငြာလို့ ရပါတယ်။
မြန်မာနိုင်ငံအတွက် သူ့ဘက်က ပံ့ပိုးပေးနိုင်တာတွေ အများကြီးပါ။ ကျောက်စိမ်းတုံးတွေ ထုတ်ရောင်းစရာ မလိုဘဲ နိုင်ငံအတွက် ဝင်ငွေတွေ ရှာပေးမယ့် သူပါ။
ခုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်တဲ့။ လူငယ်လေးတစ်ယောက်ရဲ့ တောက်ပလှတဲ့ အနာဂတ်တစ်ခုဟာ စစ်ဖိနပ်အောက်မှာ ကြေမွခဲ့ရပြီ။ ဒီလို ကြေမွခဲ့ရတဲ့ ဘဝတွေ၊ ဒါ့ထက်ဆိုးတဲ့ အဖြစ်တွေလည်း မနည်းလှပါဘူး။
အနာဂတ် လူငယ်တွေကိုတော့ ဒီလို အဖြစ်ဆိုး စနစ်ဆိုးမျိုးနဲ့ ဝေးစေချင်ပါတယ်။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ။
လေးစားစွာဖြင့် 📝 ပိုးစုန်းကြူး



