ဆွမ်းခံ နောက်ကျလို့ ရိုက်နှက်ခံရပြီး သွားကျိုးသွားတဲ့ ဆရာလေးတစ်ပါး ဆေးကုသဖို့ အခက်အခဲကြုံနေ
ရွှေဖီမြေ၊ ဇန်နဝါရီ ၂၈ ရက်၊ နမ့်ဆန်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ ဇယန်းသီလရှင်ကျောင်းမှာ ကျောင်းသွားတက်တဲ့ ဆရာလေး ၂ ပါးကို ကျောင်းထိုင်သီလရှင်က ဇန်နဝါရီ ၂၃ ရက်မှာ ပါးရိုက်ရာ တစ်ပါးက သွားကျိုးတဲ့အတွက် ဆေးကုသဖို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ရိုက်ခံရပြီး သွားကျိုးသွားတဲ့ ဆရာလေးတစ်ပါးဟာ မဟေမာနန္ဒီ(ခ)လွေးသန္တာအေးဖြစ်ပြီး ရှမ်းမြောက် တအာင်း (ပလောင်)ဒေသ နမ့်ဆန်မြို့နယ် ဟိုက်တမ်ကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။
မဟေမာနန္ဒီက “ဆွမ်းခံကြွပြီး ပြန်လာတာနောက်ကျလို့ ခဏခဏ ရိုက်ခံရတယ်။ အိပ်ယာထတာနောက်လို့ သူများတရားထိုင်ချိန်မှာ အချိန်မမှီလည်း ရိုက်ခံရတယ်။ အခုရိုက်တာကတော့ မျက်နှာထိပြီး သွားကျိုးသွားတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
မဟေမာနန္ဒီဟာ ၅ တန်းတက်မယ့် ဆရာလေးတစ်ပါးဖြစ်သလို ဇယန်းသီလရှင်စာသင်တိုက်မှာ ဆရာလေး ဒေါ်ဥတ္တနန္ဒီက ထိန်းကျောင်းတာဖြစ်ပြီး သီလရှင်လေးတွေကို မကြာခဏ ရိုက်လေ့ရှိတယ်လို့ ၎င်းက ဆိုပါတယ်။
မိခင်ဖြစ်သူက “ကျွန်မသမီးကို အပြစ်မပေးနဲ့လို့ မပြောဘူး။ ပေးသင့်သလောက်ပေးပါ။ အခုကျတော့ ရိုက်ပြီးမှ မတော်တဆ ထိသွားတယ်လို့ပြောနေတာ။
အခု သမီးလေးက ထမင်းတောင် မစားနိုင်တော့ဘူး။ ဆေးဖိုးလည်း မရှိဘူး။ နွားရောင်းပြီး ဆေးကုနေရတာ” လို့ ပြောပါတယ်။
အခုလို ရိုက်နှက်ခံထားရတဲ့အတွက် ဇယန်းသီလရှင် စာသင်တိုက်မှာ သီလရှင်ဝတ်ပြီး ကျောင်းသွားတက်တဲ့ ဟိုက်တမ်ရွာက ကလေးတွေကို အကုန်ပြန်ခေါ်လိုက်ပြီလို့ ပြောပါတယ်။
“သူ့သူငယ်ချင်းလည်း ရိုက်ခံရတယ်။ ပေါင်မှာရော၊ ခြေထောက်မှာရော ရိုက်ခံရတဲ့အရာတွေပဲ။ ကျမသမီးကို သွားကြိုတဲ့အချိန် အဲဆရာလေးက ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတာ။
စကားလည်း မပြောဘူး။ ဆေးဖိုးပေးမယ်လို့လည်း မပြောဘူး။ တောင်းပန်ဖို့မပြောနဲ့ လာတောင်မတွေ့ဘူး” ဆိုပြီး မိခင်ဖြစ်သူက ဆက်ပြောပြပါတယ်။
လက်ရှိ ကျန်နေတဲ့ သီလရှင်လေးတွေကို မရိုက်နှက်ဖို့နဲ့ ရိုက်နှက်တဲ့ ဆရာလေး ဒေါ်ဥတ္တနန္ဒီကိုလည်း တရားဥပဒေအရ အရေးယူစေချင်တယ်လို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
#ဆရာလေး #ရိုက်ခံရ #သွားကျိုး
#ပြင်ဦးလွင် #နမ့်ဆန်
#ဓာတ်ပုံ- LKO