သီချင်းတွေနဲ့ အမြဲတမ်းရှင်သန်နေတဲ့ အဆိုတော်ကြီး ဦးငှက် (သို့) ထူးအိမ်သင် ဘဝအကြောင်း
ဒီကနေ့မှာတော့ နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်တဲ့ အပြင်ကို သီချင်းကောင်းများစွာကို ရေးသား သီကုံးခဲ့ပြီး စတင်ကျော်ကြားကတည်းက အခုအချိန်အထိ
ပရိတ်သတ်တွေရဲ့ လူငယ် လူရွယ် လူကြီး ပရိတ်သတ် အစုံအလင်ရဲ့ အသည်းနှလုံးကို ကိုင်စွဲလှုပ်ကိုင်ထားနေနိုင်တဲ့ အဆိုရှင် ထူးအိမ်သင် အကြောင်းကို တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။
ထူးအိမ်သင်လို့ ပြောလိုက်ရင် ဂီတလောကမှာ အနုပညာ အစစ်အမှန်တွေကို ပရိတ်သတ်တွေကို ထိတွေ့ခံစားခွင့် ပေးခဲ့ပြီး ၁၉၈၀ ခုနှစ် အလယ်များတွင် မြန်မာ့ဂီတလောက၌
ပေါ့ဂီတကို အသွင်တမျိုးဖြင့် ယူဆောင်ပေးသည့် ကျော်ကြားသော အဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်တယ်ဆိုရင် မမှားပါဘူး
အသံချိုချိုနဲ့ သီချင်းကောင်းများစွာကို ကိုယ်ပိုင်ဟန်နဲ့ ရေးစပ်ခံစား သီဆိုနိုင်သူအဖြစ် ပရိတ်သတ်ကြီးတို့ ရင်ထဲမှာ စွဲမြဲသိရှိကြပါလိမ့်မယ်။
ဒီနေ့မှာတော့ တေးရေးဆရာလဲဖြစ် တေးဆိုလဲဖြစ်တဲ့ ထူးအိမ်သင်ရဲ့ အနုပညာသက်တမ်း ၁၈ နှစ်တာကာလ တစ်လျောက် ဖြတ်သန်းခဲ့တဲ့ ဘဝ အကြောင်းကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
အဆိုတော် ထူးအိမ်သင်ကို အဘ ဦးထွန်းမြင့်နှင့် အမိ ဒေါ်မြရင်တို့မှ ၁၉၆၃ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့ပါတယ်။
အဖေ ဗမာ၊ အမေ မွန် ဖြစ်ပြီး မွေးချင်းမောင်နှမ ခြောက်ယောက်ရှိတဲ့ အနက်မှာ အကို အကြီးဆုံး ဖြစ်ပါတယ် ။
ထူးအိမ်သင်ရဲ့ အမည်ရင်းမှာ ကျော်မြင့်လွင် ဖြစ်ပါတယ်။ ကိုသျှပ်၊ ဘဲဥ၊ ငှက်ကြီး စသည်ဖြင့် ချစ်စနိုး ခေါ်ဝေါ်ကြပါတယ်။
ကိုငှက်ဆိုတဲ့ နာမည်ကို အရက်ကြိုက်လွန်းတဲ့ အတွက် အမည်ပြောင် ရခဲ့တာ ဖြစ်ပါတယ်။
ငယ်စဥ်က အ.မ.က (၂၀) ပုသိမ်တွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ.ထ.က (၃) ပုသိမ်မှ အထက်တန်း အောင်မြင်ခဲ့ပါတယ်။
၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်းရှိ ပုသိမ်ဒေသကောလိပ်သို့ တက်ရောက်ခဲ့ပါတယ်။ ငယ်ငယ်ကလေးထဲက ပျော်ပွဲရွင်ပွဲကို ဝါသနာပါပြီး အနုပညာပိုး ပါလာခဲ့တယ်လို့ ဆိုပါတယ်။
ငယ်ငယ်လေးထဲက တူရိယာတွေ စမ်းမှုတ်ကြည့် တီးကြည့်ပြီး ကျောင်းပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အဆိုတော် ဒီမွန် ၊ ဦးမင်းဆုမွန်တို့ ဟာလည်း ထူးအိမ်သင်ရဲ့ ညီတွေဖြစ်ပါတယ်။ မောင်နှမတွေအပေါ် အကိုကြီး အဖရာဆိုသလိုမျိုး ဖခင်နဲ့ မိခင် မအားလပ်တဲ့ အချိန်မျိုးမှာ ညီငယ် ညီမငယ်တွေကို ထိန်းကျောင်းတဲ့ အပြင် ကျောင်းစာတွေကို လည်း သင်ပြပေးခဲ့တယ်လို့ ညီဖြစ်သူ အဆိုတော် ဒီမွန်က ဆိုပါတယ်။
ရှိုးပွဲတွေကို အဖေမသိအောင် ခိုးဆိုခဲ့ပြီး သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ကာ သီဆိုခဲ့ပါတယ်။
၁၉၈၁ ခုနှစ်တွင် မိသားစုနှင့်အတူ မော်လမြိုင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၉၈၄ ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ် မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထူးအိမ်သင်၏ ဇနီးမှာ မသွယ်သွယ်ထွေးဖြစ်ပြီး သူ၏ တစ်ဦးတည်းသော သမီးအမည်မှာ မိကွန်ထော ဖြစ်ပါတယ်။
ဂီတာ၊ ပီယာနို၊ ၊ ဂျက်စ်၊ drums စတဲ့ တူရိယာ အမျိုးမျိုးကို တီးခတ်နိုင်ပြီးတော့ သီချင်းများကို လည်း အဓိပ္ပာယ်အပြည့် ခံစားမှုအပြည့် ရေးဖွဲ့နိုင်တာကြောင့် ပရိတ်သတ်ကြား ရေပန်းစားပြီး အယ်လ်ဘမ် ၁၄ ခုအထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့ပါတယ်။
၁၉၈၇ ခုနှစ်တွင် နာရီပေါ်မှမျက်ရည်စက်များ စီးရီးဖြင့် ဂီတလောကသို့ စတင် ဝင်ရောက်ခဲ့ပါတယ်။ Oasis စတီဒီယို မှာ အသံသွင်းခဲ့ပြီး ဂန္ဓမာတေးသံသွင်း ကနေ ထုတ်လုပ် ဖြန့်ချီခဲ့ပါတယ် ။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်း အများစုကို ရေးသား သီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။
ထူးအိမ်သင်၏ အခြားတစ်ကိုယ်တော် တေးစီးရီးများမှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ မြို့ပြလရောင်တမ်းချင်း၊ ဝင်ရိုးစွန်းမီး၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင်ရက်စွဲများ၊ တစ်နေ့စာအလွဲများ၊ ချစ်ခြင်းအားဖြင့် စသည်တို့ဖြစ်ပါတယ်။
ချစ်သူ့လက်ဆောင်၊ မင်းမရှိတဲ့နောက်၊ ဂျပ်ဆင်ထိပ်က၊ လရိပ်ပြာ၊ ကြယ်တွေစုံတဲ့ည ၊နွေဦးကံ့ကော် ၊ ပထမအသဲကွဲဇာတ်လမ်း၊ လွမ်းသူ့အိမ်မက် ၊အချစ်ဆိုသည်မှာ စတဲ့ တေးသီချင်းတွေဟာ နာမည်ကြီး လူကြိုက်များပြီး အခုချိန်ထိတိုင် ပရိတ်သတ်တွေ ရင်ထဲမှာ အသဲစွဲနေဆဲ သီချင်းများ ဖြစ်ပါတယ်
တေးရေး တေးဆို တစ်ယောက်ဖြစ်ပြီး အရင်ခေတ်က နာမည်ကြီး ခဲ့သော သီချင်းဆိုပြိုင်ပွဲ တစ်ခုဖြစ်တဲ့ Melody World သီချင်းဆိုပြိုင်ပွဲကို ဦးဆောင်ခဲံသူ ဆရာ မြင့်မိုးအောင်ရဲ့ ဆရာဖြစ်ပြီး ဆရာမြင့်မိုးအောင်ဟာ ထူးအိမ်သင်လိုမျိုး အနုပညာရှင်တစ်ယောက် ပေါ်ထွက်လာဖို့ မလွယ်တော့ဘူးလို့ ဆိုပါတယ်။
စိုးလွင်လွင်၊ ကိုင်ဇာ စသည့်နာမည်ကြီး တေးသံရှင်များနဲ့ အတူတူ ကျော်ကြားခဲ့ပြီး ဂီတမျိုးဆက် အဆက်ဆက်တိုင် ထူးအိမ်သင်ရဲ့ သီချင်းများ ဆိုဟန်များကို ယှဥ်တုနိုင်အောင် မရှိလောက်အောင် ကိုယ်ပိုင်ဟန်နဲ့ သီဆိုနိုင်သူ ဖြစ်ပါတယ်။
အမေနဲ့ သား ကြားက မေတ္တာဖွဲ့သီချင်းတွေကို သီဆိုခဲ့ပြီး အမေ ဆိုတဲ့ ခေါင်းစဥ်နဲ့ တေးစီးရီး album ကို ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ အမေအိမ်၊ အမေ့ရဲ့ ဒုက္ခအိုးလေး ၊မေ့မေချစ်တဲ့ သားကြီး စတဲ့ တေးသီချင်းတွေဟာ နာမည်ကြီးခဲ့သော မိခင်မေတ္တာဖွဲ့ တေးသီချင်းများ ဖြစ်ပါတယ်။
ပထမဆုံး တကိုယ်တော် One Man Show ဖျော်ဖြေမှုကို အောင်ရင် တာရာ ၊မင်းခေါင်၊ ဟေမာနေဝင်း ပိုးဒါလီသိန်းတန် တို့နှင့်အတူ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပခဲ့ပြီးတော့ ထူးအိမ်သင်ရဲ့ ၃၀ နှစ်မြောက် မွေးနေ့ ဖြစ်တဲ့ ၁ရက် ၇ လ ၁၉၉၃ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။
ထူးအိမ်သင်သည် ကဗျာများကိုလည်း ရေးသားခဲ့ပါတယ်။ ကလောင် အမည်မှာ လင်းထက် ၊ သျှပ်မှူးကျော် စတဲ့ ကလောင် နာမည်တွေနဲ့ ကဗျာ စာ တွေ ရေးသားခဲ့ပါတယ်။ ၁၉၉၁ခုနှစ်တွင်ထွက်ရှိခဲ့သည့် ရာဇဝင်များရဲ့ သတို့သမီး သီချင်းကြောင့် ပရိတ်သတ်များ မျက်ခုံး လှုပ်ခဲ့ရပါတယ်။
သီချင်းသည် မြန်မာနိုင်ငံ၏ အဓိက ရေစီးကြောင်း ဖြစ်သည့် ဧရာဝတီမြစ်ကို ဖော်ကျူးထားသော်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူး၍ ရေးသားထားသည်ဟု အများက ထင်ကြပါတယ်။ ထို့ကြောင့် သူ၏ ဖျော်ဖြေတင်ဆက်ရေး ပွဲများကို စစ်အစိုးရမှ ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။
၁၉၈၈ အရေးအခင်းအပြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၌ ပြန်ကြားရေး တာဝန်ခံအဖြစ် အဆိုတော် မွန်းအောင် နှင့် အတူ ခေတ္တမျှ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
“အရေးကြီးပြီ” ဆိုသော တိုက်ပွဲဝင်သီချင်းကို ထိုစဉ်က ရေးစပ်ခဲ့ခြင်း ဖြစ်ပါတယ်။
ထို့နောက် မြို့ပေါ်သို့ပြန်လာပြီး အနုပညာ လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ ထူးအိမ်သင်သည် တေးသီချင်းပေါင်းများစွာကို ဆက်ဆိုခဲ့ပြီး နာမည်ကြီး အဆိုတော် အောင်ရင် ရဲ့ ဆရာဖြစ်ပြီး
နာမည်ကြီး အဆိုတော် တစ်ယောက်ဖြစ်သူ ဟေမာနေဝင်းဟာလည်း ထူးအိမ်သင်ရဲ့ သီချင်းများကို အမှတ်တရအနေနဲ့ ပြန်လည် သီဆိုခဲ့ပါသေးတယ်။
ထူးအိမ်သင်သည် စိတ်ဓာတ် ပြင်းထန်လွန်းပြီး ပိုက်ဆံစကား မပြောတတ်သူလို့ ထူးအိမ်သင်ရဲ့ အမေ ဒေါ်မြရင်က ပြောပါတယ်။
ထူးအိမ်သင်သည် နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁:၄၀ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။
ကွယ်လွန်စဥ်မှာ အသက် ၄၂ နှစ်ပဲ ရှိပါသေးတယ်။ အဆိုတော့ ထူးအိမ်သင် ဆုံးပါးသွားမှုအတွက် ဂီတအနုပညာ အသိုင်းအဝိုင်းကကော ပရိတ်သတ်များကပါ ယူကျုံးမရ ဖြစ်ခဲ့ပါတယ်။
အဆိုတော် ထူးအိမ်သင် ဆုံးပါးသွားစဥ်မှာ ဝေးသွားတဲ့အခါ သီချင်းရဲ့ Note တွေ စာသားတွေကို သူရဲ့ အုတ်ဂူမှာ ထိုးပေးထားဖို့ တောင်းဆိုခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ထူးအိမ်သင် ဆုံးပါးသွားစဥ်က သမီးဖြစ်သူ မိကွန်ထောဟာ ငယ်ငယ်လေးပဲ ရှိသေးပြီး ထူးအိမ်သင် သီဆိုသွားတဲ့ ချစ်သမီးလေးအတွက် သီချင်းကို နားထောင်တိုင်း မျက်ရည်ကျ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
ငယ်စဥ်က အရက်ကြိုက်ခဲ့ပြီး လက်ရှိမှာလည်း နာမည်ကြီး နေဆဲ စွဲထင်နေဆဲဖြစ်တဲ့ ဝေးသွားတဲ့အခါ ၊ အခါလွန်မိုး စတဲ့ တေးသီချင်းတွေကို တက္ကသိုလ်ကျောင်းသား ပထမနှစ် ဒုတိယနှစ် လောက် ကတည်းက ရေးနေခဲ့တာလို့ ထူးအိမ်သင်ရဲ့ သူငယ်ချင်းများဖြစ်သူက ပြောပါတယ်။
ထိုခေတ်အခါက ပေါလစီ သီချင်းများကို သီဆိုခဲ့ပေမယ့်လည်း ထူးအိမ်သင်ကတော့ တစ်ပုဒ်မှ မသီဆိုခဲ့ပဲ ယုံကြည်ရာကိုသာ လျှောက်လှမ်းခဲ့တယ်လို့ ဆိုပါတယ်။
သူ့ကို ချစ်ခင်လေးစားသော ပရိသတ်များက သူ့အတွက် အမှတ်တရအဖြစ် ဝက်ဆိုဒ်တစ်ခု ထောင်ပေးထားကြသည်။
ထူးအိမ်သင် ၁၀ နှစ်တာ လွမ်းခြင်းအားဖြင့် ဂီတပွဲတော်ကို ၂၃ ရက် ၈ လ ၂၀၀၄ တွင် မြန်မာ Event Park မှာ ကျင်းပခဲ့ပြီး ဇော်ဝင်းထွဋ့် ဂျေမောင်မောင် စည်သူလွင် အာဇာနည် စတဲ့ အနုပညာရှင်များက ပါဝင် သီဆိုခဲ့ပါတယ်။
ထူးအိမ်သင်ဟာ အရင်ခေတ် ပရိတ်သတ်တွေ ကြားထဲမှာကော အခုခေတ် ပရိတ်သတ်တွေရဲ့ ရင်ထဲမှာပါ သူချန်ရစ်ခဲ့တဲ့ အနုပညာတွေ စွဲထင်နေဆဲဖြစ်တဲ့ တေးသံရှင် တစ်ယောက် ဖြစ်ပါတယ်။
ပရိတ်သတ်များကလည်း သူရဲ့ သီချင်းများကို တစ်ခြားသူ Cover ပြန်ဆိုတာမျိုး မကြိုက်ကြဘဲ ဝေဖန်ကြတဲ့အထိ သူရဲ့ တေးသီချင်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။
ထူးအိမ်သင် ဟာ လူသေသွားပေမယ့်လည်း နာမည်မသေခဲ့တဲ့ ကျော်ကြားတဲ့ အနုပညာရှင် စစ်စစ်ကြီးပဲ ဖြစ်ပါတော့တယ်ရှင့် ။
ပရိတ်သတ်ကြီးတို့ရေ အခုကျွန်မတို့ တင်ဆက်သွားတာကတော့ တေးသံရှင် အဆိုတော် ထူးအိမ်သင်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
𝓒𝓻𝓮𝓭𝓲𝓽 𝓣𝓸 𝓞𝓻𝓲𝓰𝓲𝓷𝓪𝓵 𝓤𝓹𝓵𝓸𝓪𝓭𝓮𝓻