က်မၼာေရး ဗဟုသုတ

မဖတ်မိရင် နောင်တရမည့် လေ့လာမှတ်သား အသုံးဝင် ဆေးနည်းတိုများ

မဖတ်မိရင် နောင်တရမည့် လေ့လာမှတ်သား အသုံးဝင် ဆေးနည်းတိုများ

၁ – ချွေးထွက်များ

ချွေးထွက်များလျှင် အငန် အစပ် လျော့စားပါ။ မျက်နှာ ချွေးထွက်များလျှင် မိတ်ကပ် မလိမ်းပါနှင့်။

သနပ်ခါးအမြစ်ကို သံပုရာရည်နဲ့ ရောသွေးလိမ်းပါ။ နေ့ မလိမ်းဖြစ်လျင် ညဖက်လိမ်း အိပ်ပါ။

မျက်နာသစ်လျှင် မျက်နှာသစ်ဆေးတွင် ဆားအနည်းငယ် ရောထည့်ပြီး သစ်ပါ။ ရှားစောင်းလက်ပတ် အနှစ်နဲ့ မျက်နှာကို ပွတ်လိမ်းပေးပါ။

၂ – တင်းတိတ်

အရက် ဘီယာ လှော်စာများ မတည့်ပါ။ ထန်းရည် မတည့်သည့်အပြင် ထန်းလျက်နဲ့တောင် မတည့်ပါ။ ထန်းလျက်က သံဓာတ်များလို့ တင်းတိတ်ကို ပိုမည်းစေတယ် ။

တင်းတိတ်ထွက်လျှင် ရှားစောင်းလက်ပတ် အနှစ်ကို ပျားရည်နဲ့ရောခေါက် မျက်နှာမှာ လိမ်းထား။ ခဏကြာ မျက်နှာသစ်ပြီး သနပ်ခါးကို သံပုရာရည်နဲ့ ရော သွေးလိမ်းပါ။

၃ – ရင်ကျပ် ဖြစ်နေပြီး ဇက်တောင့် မူးဝေလျှင်

မုန်ညင်းဆီထဲ ကွမ်းရွက်ချေထည့်ပြီး မီးနဲ့ချက်ပါ။ ရင်ဘတ်နဲ့ ဇက်မှာ လိမ်းပါ။ စပါးလင် အမြစ်ကိုထောင်း အရည်ညှစ် ၁ ဇွန်း တိုက်ပေးပါ။ အချိုမုန့် အချိုရည်များ မစားရ မသောက်ရပါ။

၄ – ပါးစပ် (အာခံတွင်း) နံခြင်း

လေးညှင်းပွင့် ဝါးပေးပါ။ တမာရွက်နဲ့ ဆားပြုတ်ရည် ငုံပေးပါ။

ည အိပ်ခါနီး မန်ကျည်းမှည့် ဖျော်ရည်ထဲ ဆားခါး ၁ဇွန်း ထည့်ဖျော်သောက်ပါက အပုပ် ကင်းစင်စေပါတယ်။

ဂုံခါးအမှုန့်ကို ထမင်းစားပြီးတိုင်း အနည်းငယ် လျက်ပေးပါက ခံတွင်းပုပ်အနံ့ သက်သာစေတယ်။

ရှောက်ရည်နဲ့ ပျားရည် ရောစပ်ဖျော်ပြီး လျက်ပေးပါက ခံတွင်းနံ့ ကောင်းစေသည်။

ဆီးဖြူသီးကို ဝါးပြီး ငုံထားပါက ခံတွင်းအနံ့ ကောင်းစေသည်။

မက်လေချဉ် လျက်ဆား လျက်ပေးပါက ခံတွင်း ပုပ်စော်နံခြင်း သက်သာစေသည်။

လိမ္မော်သီး အခွံကို လျက်ဆားဖြင့် တို့၍ စားပါက ခံတွင်းပုပ်ရောဂါ သက်သာစေသည်။

၅ – အသက် ၆၀ ကျော် ဆီး ဝမ်းမထိန်းနိုင်လျှင် ထောပတ်ထမင်း ချက်စားပါ (သို့ ) ထမင်းပူပူကို ထောပတ်နဲ့နယ် ငါးကြော် ( သို့ ) အသားကြော်နဲ့ စားပါ။

ကောက်ညှင်း ငချိတ်ပေါင်းကို နှမ်းဆီရွဲရွဲနဲ့ နယ်စားရင်လည်း ချုပ်စေတယ်လို့ ဆရာကြီးများက ဓာတ်စာ ပေးပါတယ်။

ဟင်းရည်သောက်ခြင်း ရေစိမ်း ရေအေး သောက်ခြင်းကို ရှောင်ပါ ။လုံးဝ မသောက်ပါနဲ့။ ရေနွေးကြမ်း အဖန်ရည်သောက်ပါ။

မြင်းခွာ နွယ်ပင်ကို ထန်းလျက်နဲ့ ကျိုသောက်ရင်လည်း ဝမ်းထိန်းပါတယ်။

၆ – အသားအရမ်းယားခြင်း

ကြက်သွန် မီးဖုတ်စားပါ။ ဥသေးဆို ၂ လုံး – ဥ ၁ လုံးဆိုရင် ၇ ခု သို့မဟုတ် ၉ ဥ စားပါ။ တမာရွက်ပြုတ်ရည်နဲ့ ရေချိုးပါ။ ကရမက်နဲ့ ဆားသွေးလိမ်းပါ ။

ယားယံခြင်းက လေကင်း (နရသုခိ) မှတ်ရာ လေစာရှောင်ပါ။ ဥပမာ မျှစ် မျှစ်ချဉ် ကုလားပဲ မှို ကိုက်လန် ပန်းဂေါ်ဖီ ကြောင်လျှာသီး ကြက်ဟင်းခါးသီး ဝက်သား ပင်လယ်စာ အုန်းထမင်း ဒံပေါက် လက်ဖက်ချဉ်စပ် ရေခဲရေ ရေခဲရိုက် အစားအစာများ ကောက်ညှင်း ကောက်ညှင်းနဲ့လုပ်သောမုန့်များ ရှောင်ပါ။

နေရောင်ခြည် မရသော နေရာတွင် နေလျှင် ပိုယားတတ်ပါသည်။ နေမထွက်လျှင် အင်ဖက် မီးလှုံဟု ရှေးလူကြီးများက ပြောပါသည်။

၇ – မျက်စိနာ မျက်လုံး ဖူးရောင်ခြင်း

ကျားမနိုင် နွယ်မြစ် သွေးလူးပါ။ မန်ကျည်းပင်အခေါက်ကို သွေးလိမ်းပါ။ ရှားစောင်းလက်ပပ် ကပ်ပေးရင်လည်း ရပါတယ် ။

မျက်စိဆရာဝန် မပြနိုင်သေးရင် ဆားရည်ကြည် ခပ်ပေးပါ။

ရှေးက လူကြီးများက မျက်စိ နီရဲနေလျှင် မိခင်နို့ရည်ကို ခပ်ပေးလေ့ ရှိပါတယ် ။

၈ – အသားအရေ အမြဲပူပြီး ပိန်နေသူ

ရှားစောင်းလက်ပပ် အနှစ်ကို သကြားနဲ့ ခေါက်စားပါ။ ရေထဲမှာ ဆားခါး ၃ ဇွန်း ထည့်ဖျော်ပြီး ရေချိုးပါ။ ဆန်ဆေးရည် ၁ ဖန်ခွက်ကို နံနက် ရေမချိုးမီ နေ့စဉ် သောက်ပေးရင် ကိုယ်အပူ ငြိမ်းပါတယ် ။

၉ – အစာအိမ်အနာ ဖြစ်ဘူးပြီး လက်ရှိအချိန်မှာ အစာမစားနိုင် အစာအိမ်ရောင်နာဖြစ်လျှင် အစာအိမ်ရောင်ရင် ထမင်းနဲ့ မာတဲ့အစာတွေ ခဏရပ်ပြီး ဆန်ပြုတ်သောက်ပါ။

ဆန် လက်တစ်ဆုပ် + ပဲရာဇာ ခေါ် ပဲနီလေး လက်တစ်ဆုပ်စာ + ကြက်သွန်နီဥ ၁ လုံးပါ ထည့်ပြုတ်ပါ။

အကြောအလှော် အကြွပ်ကြော် အပူအစပ် လက်လုပ်ချဉ် ကော်ဖီမစ် ခေါက်ဆွဲခြောက်များ မစားရပါ။

ည အိပ်ရာဝင်နဲ့ မနက် အိပ်ရာနိုးနိုးချင်း ပျားရည် ၁ ဇွန်း ရေအေးနဲ့သောက်ပါ။ ပျားရည်က အစာအိမ်နာကို ကျက်ပါတယ်။

ဖီးကြမ်း ငှက်ပျောသီးကို နေ့စဉ်စားပေးလျှင် အစာအိမ်ရောင် ရောဂါကို သက်သာစေပါတယ်။ ဖီးကြမ်း ငှက်ပျောသီး၂ လုံးကို မီးဖုတ်ပြီး နေ့စဉ် စားပေးလျှင် အစာအိမ်အနာ ကျက်သည်ဟု ဆိုပါသည်။

စိတ်တိုလျှင် အစာချေရည် ထွက်ပြီး အစာအိမ်ကို ပြန်လောင်တတ်သဖြင့် စိတ်တို ဒေါသထွက်ရမည့် ကိစ္စများကို ရှောင်ရှားပါ။ စိတ်ပူပန် သောကများလျှင်လည်း အစာအိမ်ရောဂါ ပိုဆိုးတတ်ပါသည်။

၁၀ – ၅ လ ကလေးငယ် နှာစေး ချောင်းဆိုး ကိုယ်ပူ ချွဲသံကြားရလျှင်

ကွမ်းရွက်နဲ့ ချင်း ပါးပါးလှီး၃ – ရင်ကျပ် ဖြစ်နေပြီး ဇက်တောင့် မူးဝေလျှင် ရေနွေးစိမ်ထား ရေကျက်အေးလုပ်ထား ဖြည်းဖြည်းချင်း တိုက်ပေးပါ။ ခြေဖဝါးကို ဆားရေဖတ် တိုက်ပေးပါ ။

ကွမ်းရွက် မီးကင်ပြီး ရင်ဘတ်နဲ့ ကျောကို ကပ်ပေးပါ။ ကွမ်းရွက်မီးကင်ပြီး အရည်ညှစ် အုန်းဆီနဲ့ရော ကလေးငယ်ထိပ် လိမ်းပေးပါ

ရနိုင်လျှင် တိုင်းရင်းဆေးအမှတ် ၄၇ သူငယ်နာ ၇ ပါး ဆေးဝါလေးအမှုန့် ဖြင့် ကလေး ငယ်ထိပ် နှာခေါင်းထိပ် ရင်ဘတ်တို့တွင် လိမ်းပေးပါ။

၁၁ – အမျိုးသား ဆီးသွားသည့်အခါ အောင့်ခြင်း

ရေနွေးကျိုပြီး အအေးခံ မြေ သောက်ရေအိုးတွင် ထည့်ထားပြီး များများ သောက်ပေးပါ။

ကြက်သွန်နီ ဥထောင်း အရည် ၁ ဇွန်းကို သကြား တစ်ဝက် စပ်သောက်ရင် ဆီးကျဉ် သက်သာစေပါတယ် ။

ကြက်သွန်နီဥကို ပါးပါးလှီးပြီး ဆီးခုံမှာ ကပ်ပေးပါ။ ဆီးသွားရင် နာတာ သက်သာစေပါတယ် ။ (တနည်း ) ဆန်ဆေးရည် ၁ ဖန်ခွက်မှာ သံပုရာသီး ၁ ခြမ်း အရည်ညှစ်ထည့်ပြီး သောက်ပါ။

အိုးရှိရင် လောက်သေရွက် ပြုတ်ရည် မတ်ခွက် ၂ လုံး ၁၄ ရက် သောက်ပါ။

၁၂ – သွားကိုက် သက်သာစေမည့်နည်း

◆ ခရေပွင့်အစိုကို ကြိတ် သွားအခေါင်းပေါက်အတွင်း သိပ်ပေးပါ ။

◆ ပုဏ္ဍရိတ်အရွက်ပြုတ်ပြီး ငုံပေးပါ။

◆ ကြက်သွန်နီဥ အလည်မှ အူတိုင်ကို ထုတ်ယူ၍ သွားပိုးပေါက်တွင် ဖိပြီးကိုက်ထားပါ ။

◆ လေညှင်းဆီ ငရုပ်ကောင်းဆီများ ဂွမ်းနဲ့တို့ပြီး သွားပေါက်တွင် သိပ်ထားလျှင်လည်း ရသည်။

သွားနှဲ့ပြီး သွားကိုက်လျှင် • ထနောင်းခေါက် တမာခေါက် သရက်ပင်ကျီးပေါင်း ပြုတ် ငုံပေးလျှင် နှဲ့သောသွား ပြန်ခိုင်ပါတယ်။

၁၃ – နှာခေါင်းပိတ် ထိပ်ကပ်နှာ

နှာခေါင်းပိတ် ထိပ်ကပ်နာ ရေရှူပါ။ မျက်နှာသစ်ပြီးနောက် ရေကို လက်ခုပ်နဲ့ ရှူသွင်းပါ။

နှာခေါင်းပိတ်ရင် ပွင့်တဲ့အပေါက်ကနေ ငယ်ထိပ်ပေါက်အောင် ရှူသွင်းပါ။ အကျင့်ရရင် ရှူသွင်းတတ်လာပါလိမ့်မည်။

ချင်းတက် ပါးပါးလှီး ရေနွေးမတ်ခွက် ၁ လုံးမှာ စိမ်ထားပါ။ ရေနွေးကြမ်း သောက်သလိုတနေကုန် သောက်နေပါ။

မှိုင်းရှူဆေး ရှူပေးပါ။ တိုင်းရင်းဆေး အမှတ် ၄၃ အကင်း ၁၀ ပါး ဆေးမူန့်ဝယ် မီးခဲပေါ်ဖြူး ရှူပေးပါ။

ထိပ်ကပ်နာ (နှပ်ပုပ်စော်နံ့လျှင် ) အဆင့်ဆိုရင်တော့ မရိုးပင်ခေါ် ငဖြူကြီးပင် အရွက်တွေကို အခြောက်လှန်း မီးရှို့ ရှူပေးရင်တော့ ပျောက်နိုင်တယ်လို့ အာယုဗေဒ ဆေးကျမ်းမှာ ပါပါတယ်။

၁၄ – တခုခုနဲ့ထိမိပြီး ခြေကျင်းဝတ်နာ

ရဲယိုရွက်ကို မီးကင် နှမ်းဆီသုတ် ရောင်တဲ့ နေရာမှာ ကပ်ပြီး ပတ်တီး စည်းထားပါ။ ၆ နာရီ ကြာသည်အထိ နေ့စဉ် စည်းပါ။

(တနည်း ) – သစ်ကြံ့ပိုး အမူန့်နဲ့ ကြက်ဥအကာရော ရေနွေးအနည်းငယ်ဖြင့် ခေါက်ပြီး

ဖျော်ထားသည်ကို ခြေကျင်းဝတ်မှာလိမ်းပြီး ဝါဂွမ်းဖြင့် အုပ်ပါ။ ပြီးလျှင် ပတ်တီးဖြင့်စည်းပါ။ ၆ နာရီ ကြာ ဖြည်ပေးလျှင် အရောင်ကျသွားလိမ့်မည်။

၁၅ – အသက်အရွယ်ကြီးသူ ခြေထောက်၂ ဖက်နဲ့ ခြေသလုံးပူပြီးကိုက်ခဲလျှင် ကိုက်ခဲ ညောင်းညာဖြစ်လျှင် မုန်ညင်းဆီ ၅ ကျပ်သားမှာ ချင်းတက် အနည်းငယ် ထုထောင်းထည့်ပြီး မီးဖြင့် ချက်ထားပါ။

– ညောင်းကိုက်သော နေရာကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။

မုန်ညှင်းဆီတွင် လေးညှင်းဆီ ငရုပ်ကောင်းဆီ ပရုပ် မင်သော် စသည်များ ထည့်ချက်ပြီး လိမ်းလျှင်လည်း ရပါသည်။

အကြောတက် ညောင်းကိုက်များလျှင် ဝမ်းမှန်အောင် ဂရုစိုက်ပါ။ ည အိပ်ရာဝင်ခါနီး မန်ကျည်းမှည့် ဖျော်ရည် သောက်ပေးပါ ။

ဆားခါးကို လှော်ပြီး ဟင်းစားဇွန်း ၁ ဇွန်းကို ရှောက်ရည် ၃ ဇွန်း ပျားရည် ၁ ဇွန်း စပ်သောက်ပါကလည်း ဝမ်းမှန် အကြော လျော့စေပါတယ်။

၁၆ – ၄၀ ကျော် နေ့ရော ညပါ ခြေဖျားထုံကျဉ်ခြင်း ထုံကျဉ် လေငန်း ဖြစ်ချင်နေလျှင် ဆင်တုန်းမနွယ်ပါတဲ့ မြန်မာဆေး တမျိုးမျိုးကို ဝယ်စားပါ ( သို့မဟုတ် ) ပရဆေးဆိုင်မှ အမူန့်ကြိတ်ပြီးသား ဆင်တုန်းမနွယ်ကို ပျားရည်နဲ့ ရောမွှေထားပါ။

ဖန်ပုလင်းတွင်ထည့် အပေါ်မှ နှမ်းဆီထည့်ပြီး အုပ်ထားပါ။ နံနက် ည ကော်ဖီဇွန်းသေးလေးနဲ့ ၁ ဇွန်းစားပေးပါ။ ပုလင်းကို တစ်ပတ် တခါ နေရောင် ပြပေးပါ။ ဆင်တုန်းမနွယ်က အကြော လေလျှောက်ဆေး ဖြစ်ပါတယ်။

၁၇ – အသက် ၄၀ ကျော် အမျိုးသမီး ဓမ္မတာသွေး ရက်ကြာရှည်လာခြင်း

■ ပရဆေးဆိုင်မှာ ပန်းလည်းပွင့်ခြောက် ဝယ်ပြီး ပြုတ်သောက်ရင်ရက်ရှည် သွေးဆင်းခြင်း ရပ်ပါတယ် ။

■ ရေနွေးကြမ်း အဖန်ရည် မတ်ခွက် ၁ လုံးမှာ သကြား ၃ ဇွန်း ထည့် ဖျော် သောက်ပါ။

■ မနက် ရေမချိုးမီ ဆန်ဆေးရည် အကြည် ၁ ခွက်သောက်ပါ။

■ မီးကွင်းဂမုန်းကို အသုတ် ပြုလုပ်စားပါ ။

■ ဧကရာဇ်ရွက် အပွင့် တရုတ်စကားပွင့်များ အသုတ် ပြုလုပ်ပြီး စားပါက သွေးအေးပြီး သွေးပူဆင်း ဝေဒနာများ သက်သာစေနိုင်သည် ။

၁၈ – အမျိုးသမီးများ သွေးဆုံးခါနီး ရင်သားများနာခြင်း

● ဥသျှစ်သီးကင်း အခြောက်လှန်း အမူန့်ကြိတ် ပျားရည်နဲ့ ရောစား ။(တနည်း )

● ရဲယိုသီးမှည့်ကို ပျားရည်နဲ့ ခေါက် တစ်နေ့ ၁ လုံး စားပါ။

● ရှားစောင်းလက်ပတ် အနှစ်ကို ညအိပ်ရာဝင် ရင်သားနာသည့် နေရာကပ်ပေးပါက သက်သာသည်ဟု ဆိုပါသည်။

၁၉ – သည်းခြေမှာ ကျောက်တည်ခြင်း

● သည်းခြေ ကျောက်တည်လျှင် အုန်းသီးစိမ်း ( အုန်းသီးအနု) ထိပ်မှဖွင့်ပြီး ကျောက်ချဉ် ရွေးစေ့ခန့် ထည့်ပြီး အချိန်ခဏ စောင့်ပါ။ ပြီးလျှင် ပိုက်ဖြင့် – နေ့စဉ် ၁၄ ရက် ဆက်သောက်ပါ။

● အဝါရောင် ကောက်ရိုးခြောက်ကိုပြုတ်သောက် (တနည်း ) အဝါရောင်ကောက်ရိုးခြောက်ကို လက်ဖက်ခြောက် ခပ်သောက်သလို သောက်လျှင်လည်း သည်းခြေ ကျောက်ကျစေပါတယ် ။

● (တနည်း ) ပေပင်မှ ပေရွက်ကိုပြုတ် နေ့စဉ် မှတ်ခွက် ၁ လုံးစာသောက်ပါကလည်း သည်းခြေကျောက် ကျစေပါတယ်။

၂၀ – အရက်ကြောင့် အသည်းကအပြင်က ခြောက်ပြီး အသည်း အထဲက မခြောက်သေး အသည်းထဲမှ ရေလည်း တွေ့ရသည်ဟု စစ်ဆေးချက်အတွက် အသည်းအထူးကု ညွှန်ကြားချက်ကို လိုက်နာပါ ။

မြန်မာဆေးနည်း သုံးစွဲလိုလျှင် – သင်္ဘောရွက် အစိမ်းရောင်ရင့်ရင့်ကိုယူပါ ရေစင်စင်ဆေးပါ ထောင်းပြီး အရည် ညှစ်ယူပါ။ ဟင်းစားဇွန်း ၂ ဇွန်း နံနက် ည သောက်ပါ။

သင်္ဘောရွက်ကို အဖို အမ မခွဲခြားပါ။ အာနိသင် အတူတူပါ – အင်္ဂလိပ်ဆေး သောက်နေလျင် ၃ နာရီခြား သဘောင်္ရွက်ရည်ကို သောက်ပါ ။

အသည်း မခြောက်သေးလျှင် ပိုထိရောက်အောင် မက်လင်ချဉ်သီးကို အချဉ်ရည် ချက်တိုက်ပါ။

၂၁ – ငါးအရိုးစူးခြင်း

အရိုးစူးလျှင် ဖီးကြမ်းငှက်ပျောသီး အမှည့် ၁ လုံးကို ၃ ကိုက်နဲ့ မျိုချပါ ။ မကျသည့်အခါ အန်အောင် လုပ်ပါ။

ဆား နနွင်း ရေ မတ်ခွက် ၁လုံးနဲ့ ဖျော် ကုန်အောင်သောက် ခဏကြာ အန်လာလိမ့်မည်။ လက်ထိုးပြီး အန်ထုတ်ပါ အရိုးကြီးရင် ပါလာလိမ့်မည် ။

တခါတရံမှာ အရိုးက မရှိတော့ပဲ နာနေတဲ့ဒါဏ်ကြောင့် စိတ်က စူးနေတယ် ထင်တာလဲ ရှိတယ် ။ သတိထားပါ – လည်ပင်းနာလျှင် နလင်ကျော် သွေးလိမ်းပါ ။

၂၂ – ကလေးငယ် စကားပြောထစ်ခြင်း

မြင်းခွာရွက်ကို ရေစိမ်ထား – မနက်အိပ်ရာထ သွားမတိုက်မီ ဝါးစားပေးလျှင် စကားထစ် သက်သာပါတယ်။

တနည်း – ဝါးဖြင့် ပြုလုပ်ထားသာ ပုလွေကို မူတ်ပေးလျှင် စကားထစ်သက်သာပါတယ်။

တနည်း – သံပုရာသီးကို မီးဖုတ် ပြာချ ထိုပြာဖြင့် လျှာပွတ်ပေးလျှင် စကားထစ် သက်သာစေသည်။

တနည်း – ဗာဒံသီး အတွင်းမှ အဆံ ကိုစားပေးလျှင် စကားထစ် သက်သာပါတယ်။

ကြေးဖလားဖြင့် ရေကို သောက်ပေးလျှင်လည်း စကားထစ် သက်သာပါတယ်။

၂၃ – နှာခေါင်းတွင်း ဝက်ခြံပေါက်ခြင်း

မတ်ခွက် ၁လုံးထဲ ရေနွေးပူပူနဲ့ ဆား ၂ ဇွန်း ထည့် အုပ်ထား – ဖွင့်ပြီး အငွေ့ကို ရှူသွင်းပါက နှာခေါင်းတွင်းမှ အနာ ကျက်သွားပါလိမ့်မည်။ ကွမ်းရွက် ချင်း ထန်းလျက်ပြုတ်ရည် ပူပူ ၃ ရက် ဆက်သောက်ပေးပါ ။

၂၄ – အရွယ်မတိုင်ခင် ဆံပင်ကျွတ် ထိပ်ပြောင်ခြင်း

ဆံပင် ပြန်ပေါက်အောင် ပရန္နဝါရွက်ကို ထောပတ် နှမ်းဆီ ပျားရည် ၃ မျိုးနဲ့ ရော ယိုထိုးစားပါ။ မနက် ည ဟင်းစားဇွန်း ၁ ဇွန်းစားပါ ။

နေ့စဉ် ဝမ်းနုတ်ဆေး တမျိုးမျိုး စားပါ ။ ရေခေါင်းလောင်း ချိုးပါ ။ လက်တွေ့ ပြန်ပေါက်သူ ရှိပါသည်။

ဦးခေါင်းတွင် ထောလပတ်ရွက် အရည်ညှစ်ပြီး ပွတ်ပေးလျှင်လည်း ပြန်ပေါက်နိုင်သည်။

၂၅ – ညဘက်အိပ်ပျော်အောင်

ည အိပ်ရာဝင်ခါနီး ဒူးအထက်မှ အောက်ရေလောင်း ခြေဆေးပေးလျှင် အပူသက်ပြီး ည အိပ်ပျော်ပါတယ်။

နွားနို့ပူပူ တစ်ခွက်မှာ နနွင်းမူန့် ကော်ဖီဇွန်းငယ် ၁ဇွန်း ထည့်ဖျော်သောက်ပါ ။

မိမိယုံကြည်ရာ ဘာသာနှင့် စိတ်ကိုလျော့ တရားမှတ် ပုတီးစိပ်ပါ။

၂၆ – အသားမာ

ဖီးကြမ်းငှက်ပျောသီးအခွံကို မလွင့်ပစ်ပဲ အသားမာနဲ့အတော်ဖြတ်ပြီး အသားဖက်ကကပ်ပါ။ ပလာစတာနဲ့ ကပ်ပါ။

ရေချိုးရင် အသစ်လဲပါ – ရက်ကြာကပ်ရင် အသားမာ ကျွတ်ထွက်သွားပါလိမ့်မည်။

၂၇ – ခြေဖနှောင့်ကွဲခြင်း

● ထောပတ်စစ်စစ်နဲ့ ပျားရည် ရောစပ်လိမ်းပါ။

● တမာရွက် ပြုတ်ရည်နဲ့ ဖနှောင့်ကို စိမ်ပေးပါ ။

● တမာရွက်ကို ပြာချ အုန်းဆီနဲ့ရောလိမ်းပေးပါ။

အားလုံးအဆင်ပြေပါစေ

တိုင်းရင်းသမားတော် ဆရာကြည်လွင့်မြင့် ( မုဒြာ )