ဗဟုသုတ

ခေတ်ပျက်ခြင်း ၊မ ပျက်ခြင်း နိမိတ်များ

ကြက်တွေအိပ်တန်း မမှန်တော့ရင်၊ ကျီးတွေညပိုင်း အော်ဟစ်ဆူညံကြရင်၊ ခွေးတွေနေ့ညအူသံပေးရင် သေချာပြီခေတ်ပျက်မယ်ဆိုတဲ့နိမိတ်။

ပတ်ဝန်းကျင်ကို သတိထားမိကြရဲ့လား။ ကြက်တွေအိပ်တန်း မှန်နေသေးရင်၊ ကျီးတွေအရုဏ်မတက်ခင်မှာ အသံကြားနေရရင်၊ ခွေးတွေနေ့ညရက်ဆက် အူသံမကြားရရင် ခေတ်ဆိုတာမပျက်သေးဘူးဆိုတဲ့နိမိတ်ပါပဲ။

ဒါကိုရှေးပညာရှိတွေက ခေတ်ပျက်ခြင်းနိမိတ်သုံးမျိုးဆိုပြီး ကဗျာလေးစီထားခဲ့ကြပြန်တယ်။ “ရောခွေးဒုကြက်ဝဂ်သတ်” တဲ့။ ရောခွေးဆိုတာက ရောဂန္တရရောဂါကပ်ဘေးကြီးတစ်ခု ကျရောက်လာတော့မယ်ဆိုလျှင်တဲ့ နိမိတ်တစ်ခုအနေအားဖြင့် တစ်လောကလုံးမှာရှိကြတဲ့ ခွေးတွေဟာလမ်းမပေါ်ကိုထွက်ကြပြီး နေ့ညမပျက်အူနေကြသတဲ့။

ဒုကြက်ဆိုတာက ဒုဗ္ဘိက္ခန္တရငတ်မွတ်ခေါင်းပါးခြင်း ကပ်ကြီးတစ်ခုကျရောက်တော့မယ်ဆိုလျှင်တဲ့ နိမိတ်တစ်ခုအနေအားဖြင့် တစ်လောကလုံးမှာရှိကြတဲ့ကြက်တွေဟာ အိပ်တန်းမမှန်ကြတော့သလို ကျီးတွေဟာလည်း နေ့ညမပျက်အော်ဟစ်ပြီးတော့နေကြသတဲ့။

ဝဂ်သတ်ဆိုတာက ဝဂျဆိုတာဝဂ္ဂဆိုတဲ့ ပါဠိကနေလာတာ။ အဓိပ္ပါယ်က အပေါင်းစုအဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီဝဂ္ဂဆိုတဲ့ အဖွဲ့အစည်းတွေ အသင်းတွေပေ့ါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်သင်းနဲ့တစ်သင်း၊ တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့နဲ့တစ်မြို့၊ ညီညွတ်ခြင်းတွေမရှိတော့ရင်၊ ခိုက်ရန်ဒေါသတွေဖြစ်ပွားလာရင်၊ သတ္တန္တရလက်နက်ကပ်ဘေးကြီး ကျရောက်တော့မယ်ဆိုတာပါပဲ။

လမ်းမပေါ်တက်ပြီးခွေးတွေ နေ့ညမအူကြသေးဘူး။ ကြက်တွေအိပ်တန်း မှန်နေကြသေးသလိုကျီးတွေရဲ့ အသံအရုဏ်မတက်ခင်ကြားရဆဲ။ တစ်မြို့နဲ့တစ်မြို့၊ တစ်တိုင်းနဲ့တစ်တိုင်း ညီညွတ်နေကြသေးတယ်။

ခေတ်ကြီးပျက်ရင်တဲ့ ဘုန်းကြီးနဲ့ခွေးပဲ အရင်ဆုံးငတ်မှာတဲ့လေ။ လက်ရှိအခြေအနေထိတော့ တခြားသောထေရဝါဒနိုင်ငံ ရဟန်းဘုန်းကြီးတွေ ဆွမ်းကိစ္စအတွက် အခက်အခဲရှိတယ်လို့ မကြားရသေးသလို မြန်မာနိုင်ငံအတွင်းမှာ သီတင်းသုံးနေထိုင်ကြတဲ့ ဘုန်းကြီးသီလရှင်တွေလည်း ဆွမ်းကိစ္စတစ်ရပ် အခက်အခဲရှိတယ်လို့လည်း မကြားမိသေးပါဘူး။

ဒီလိုအားလုံး အဆင်ပြေနေတဲ့ပုံဆိုရင် ခေတ်မပျက်သေးပါဘူး။ အားတင်းထားကြစေလိုပါတယ်။ မကြာခင်ကာလမှာ ဆေးကောင်းကောင်းနဲ့ဒီရောဂါတွေကို တိုက်ဖြတ်နိုင်ပါလိမ့်မယ်။ ယခုလက်ရှိ အချိန်အခါကာလလေးမှာတော့ လောဘကြောင့်ငတ်မွတ်ခေါင်းပါးခြင်းကပ် ကျရောက်လာတယ်ဆိုတာသိရင်၊

ဒေါသကြောင့်လက်နက်ဘေးကပ် ကျရောက်လာတယ်ဆိုတာသိရင်၊ မောဟကြောင့်ရောဂါကပ်ဘေးကြီး ကျရောက်လာတယ်ဆိုတာသိရင် အတတ်နိုင်ဆုံး လောဘ၊ဒေါသ၊မောဟတွေကို ထိန်းသိမ်းကြရင်းနဲ့ လောကကြီးအေးချမ်းလာစေဖို့ မေတ္တာတရားများသာနေ့စဉ်ပွား၍ နေထိုင်ကြစေလိုကြောင်း အသိပေးတိုက်တွန်းလိုက်ပါရစေ။

ဖန်ခါးမြေအရှင် (မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်)