ၾကားသိရသမွ်

ICJ နိုင်ငံတကာတရားရုံးမှာ ခုခံချေပဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ (ဗိုလ်ချုပ်ဇော်မင်းထွန်း)

ICJ နိုင်ငံတကာတရားရုံးမှာ ခုခံချေပဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ (ဗိုလ်ချုပ်ဇော်မင်းထွန်း)

ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာဘက်က လျှောက်ထားချက်ကို ခုခံချေပဖို့ မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံကို ဒီနေ့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာစစ်ကောင်စီဘက်က ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်ရယ်၊ ဥပဒေရေးရာဝန်ကြီး ရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးစီးတဲ့ ၁၅ ဦးအဖွဲ့ပေါ့နော်၊ ဒီနေ့မနက်ပဲ မြန်မာနိုင်ငံကနေ ထွက်ခွါပါတယ်။ ICJ ပေါ့နော်-တရားရင်ဆိုင်ဖို့အတွက် ဒီနေ့မနက်ပဲထွက်ခွါပါတယ်။

ကျန်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ မြန်မာနိုင်ငံထဲမှာ အဖွဲ့တဖွဲ့ကတော့ အွန်လိုင်းနဲ့သူတို့တက်ပါမယ်။ နိုင်ငံခြားရေးဘက်ကတော့ အွန်လိုင်းနဲ့တက်ပါမယ်။ ကျနော်တို့အနေနဲ့ကတော့ အရင်ကတည်းက ရပ်တည်ချက်အတိုင်းပဲ။ ဒီတဘက်နိုင်ငံကစွပ်စွဲထားတာတွေရှိတယ်။

စွပ်စွဲထားချက်တွေသည် မဟုတ်မမှန်တဲ့အကြောင်းတွေ၊ ဒီထဲမှာလည်း လုပ်ပြီးသားဖြစ်ပါတယ်။ ရခိုင်ပြည်နယ်စုံစမ်းစစ် ဆေးရေးအစီရင်ခံစာတွေ၊ ရခိုင် မှာ သမ္မတကြီးဦးသိန်းစိန်လက်ထက်က စုံစမ်းစစ်ဆေးရေးလုပ်ထားတာရှိတယ်။

အစိုးရပိုင်းအနေနဲ့စုံစမ်းစစ်ဆေးရေးလုပ်ထားတာတွေရှိတယ်။ တပ်မတော်အနေနဲ့ စုံစမ်း စစ်ဆေးရေးလုပ်ထားတာရှိတယ်။ ပြီးရင်ဒေသခံပြည်သူလူထုတွေနဲ့ ကျယ် ကျယ်ပြန့်ပြန့် တွေ့ဆုံပြီး မေးမြန်းထားတာရှိတယ်။

ဒါတွေနဲ့တကွ ကျနော်တို့အနေနဲ့ စွပ်စွဲချက်တွေကမမှန်ကန်တဲ့အကြောင်း ဒါတွေကိုကျယ်ကျယ်ပြန့်ပြန့်တင်ပြသွားပါမယ်ခင်ဗျ။”

ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို အသိအမှတ်မပြုတဲ့ မြန်မာစစ်ကောင်စီအနေနဲ့ အရင် အစိုးရတွေလက်ထက်က ရပ်တည်ချက်အတိုင်း စွပ်စွဲချက်တွေ မဟုတ်မမှန်ဘူးဆိုတာ အထောက်အထားတွေနဲ့ ပြန်လည်ချေပသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ICJ နိုင်ငံတကာ တရားရုံးမှာ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ချေပမယ်ဆိုရင် စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုသလို ဖြစ်သွားနိုင်တယ်ဆိုပြီး နိုင်ငံကိုယ်စားပြုထွက်ဆိုတာကို အတိုက်အခံတွေရဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရဘက်က ကန့်ကွက်ထားပါတယ်။

တနင်္လာနေ့မှာ စတင်ကြားနာမယ့် ဂမ်ဘီယာနဲ့ မြန်မာ အမှုမှာ နိုင်ငံကိုယ်စားပြုနိုင်ဖို့ စစ်ကောင်စီနဲ့ အပြိုင် NUG အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း ကြိုးပမ်းနေပါတယ်။

ဂမ်ဘီယာဘက်က စွဲဆိုထားတဲ့ အမှုမှာ ICJ ရဲ့ တရားစီရင်ပိုင်ခွင့်ကို အရင် NLD အစိုးရက လက်မခံ ငြင်းပယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကနဦးအဆင့် ကန့်ကွက် လျှောက်ထားခဲ့ပါတယ်။

NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက
ကတော့ ICJ ရဲ့ တရားစီရင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ကို လက်ခံတဲ့အကြောင်း ပြင်ဆင်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

VOA