ၾကားသိရသမွ်

မြန်မာပြည် နှစ်လုံး/သုံးလုံး လောကရဲ့ အမှောင်ဖက်ခြမ်း (မသိသူကျော်သွား သိသူဖော်စား)

မြန်မာပြည် နှစ်လုံး/သုံးလုံး လောကရဲ့ အမှောင်ဖက်ခြမ်း (မသိသူကျော်သွား သိသူဖော်စား)

မသိသူကျော်သွား သိသူဖော်စား၊ ဒီပိုစ့်က မြန်မာနိုင်ငံသားအခြေခံလူတန်းစားတွေကို ဂုတ်သွေးစုပ်အမြတ်ထုတ်နေတဲ့ လူတန်းစားတွေရဲ့ စီးပွါးရေးကို တုတ်နဲ့ထိုးတဲ့ ပိုစ့်ပါ။ စာတော့နည်းနည်းရှည်ကောင်းရှည်မယ်၊ ဒါပေမယ့် ဘဝတွေ မျက်ရည်တွေပါနေတဲ့အခြေအနေတွေမို့ ကိုယ်သိသလောက် အိတ်သွန်ဖာမှောက် ဝင်ပြောချင်မိလို့ ပြောပါရစေ။ အမုန်းခံရနိုင်တာတွေ ရှိပေမယ့် တဘက်မှာလည်း လူပီသချင်စိတ်ဆိုတာနဲ့ နှိုင်းယှဉ်တွေးဖို့ရှိနေလို့ပါ။ ကိုယ်သိတာနဲ့တင် ရပ်မနေချင်လို့ပါ။ ကဲ စပြီ။

နှစ်လုံး၊ သုံးလုံးဒိုင်ကြီးတွေ သူတို့ဝင်ငွေတွေပုံမှန်ရနေဖို့ ဘယ်လိုစဉ်းစားကြသလဲ? ရှင်းရှင်းပြောရရင် သူတို့တွေအတွက်က စီးပွါးရေးလုပ်ငန်းတခုလို စဉ်းစား တွက်ချက်ပြင်ဆင်ပြီး ငွေသားစီးဆင်းမှုတွေ သူတို့ဆီ ဝင်လာနေအောင် အကွက်ချပြင်ဆင်ထားတာပါ။ တချက်ကြည့်ကြရအောင်၊ သူတို့ရဲ့ ဒီစီးပွါးရေးအတွက် ဆက်ဆံရေးမျက်နှာစာမှာ အဓိကပါဝင်နေသူတွေကိုကဏ္ဍခွဲကြည့်ရင် ဒီလိုတွေ့ရမယ်။

၁- ထိုးသားတွေ ၂- ကြားထဲကဒိုင်/ ကော်မရှင်စားဒိုင်တွေ ၃- ထိုင်းဘက်ကိုထားမယ့် ဆက်ဆံရေးလမ်းကြောင်း၊ software ကစား/ပြင်၊ commission ပေး၊ အမြတ်ခွဲ စသည်ဖြင့် ၄- ပြည်တွင်း လုပ်ပိုင်ခွင့်၊ ပေါင်းစားမယ့်သူတွေ (ရဲလိုင်းကြေး၊ ငွေလွှဲလုပ်သူတွေ၊ အမြတ် ရာခိုင်နှုန်း စားသူတွေ၊ လူမိုက်အဆင့်ဆင့်၊စသည်ဖြင့်) “ထိုးသားတွေ” အကြောင်းပြောရရင် ထိုးသားမရှိရင် ဒီစီးပွါးရေးမရှိနိုင်တော့ပါဘူး။ အဲ့တော့ထိုးသားတွေ အစဉ်မပြတ်ရှိနေစေရေးက ဒိုင်ကြီးတွေရွှေ့ရတဲ့ အကွက်တွေထဲမှာ တခုအနေနဲ့ အရေးအကြီးဆုံးမပါမဖြစ်အရာအနေနဲ့ စဉ်းစားကြရပါတယ်။

ကြားထဲမှာ ထိုးကြွေးရမယ့်အကောင် (စစ်တုရင် အပြော)တွေဖြစ်တဲ့ တပိုင်တနိုင်လုပ်နေတဲ့ ဒိုင်တွေကို ပေါက်ဂဏန်းတွေကို ကစား၊ ဖွင့်ပြတဲ့နည်းနဲ့ ပညာပြပြီး “ကြားဒိုင်တွေအကွဲ၊ ထိုးသားတွေအပျော်” အကွက်မျိုးကို အခြေအနေပေးတိုင်း လုပ်နေကြတာပါ။ အကြောင်းအမျိုးမျိုးကြောင့် ကြားဒိုင်အရေအတွက်က နည်းနေရင်တောင် ဒိုင်ကြီးတွေက ထိုးသားတွေ စိတ်ပါဝင်စားရှိနေအောင် သူတို့ချကြွေးသင့်တာလေးတွေချကြွေး/ရင်းသင့်တာလေးတွေ ချရင်း နေရင်း မြှားခေါ် ခေါ်နေမှာပါ။

ပေါက်ဂဏန်းကို ဘယ်လိုကစားနိုင်မှာလဲဆိုတာကို နောက်ပိုင်းမှာ ဆက်ပြောပါမယ်။ “ကြားထဲကဒိုင်/ ကော်မရှင်စားဒိုင်တွေ” အကြောင်းပြောရရင် သူတို့အုပ်စုမှာ ဒိုင်ကြီးချပေးထားတဲ့ လမ်းကြောင်းကို လျှောက်နေရတဲ့သူတွေနဲ့ ကိုယ့်နေရာအစုလေးတွေမှာ ကိုယ်စီကိုယ်စီတပိုင်တနိုင်လုပ်နေကြသူတွေဆိုပြီး နှစ်မျိုးတွေ့ရနိုင်ပါတယ်။

ဒိုင်ကြီးချပေးထားတဲ့ လမ်းကြောင်းအတိုင်းလျှောက်နေရတဲ့ ကြားဒိုင်တွေအနေနဲ့ ကတော့ သူတို့ရတာကကော်မရှင် ရာခိုင်နှုန်းပါ၊ ဒါပေမယ့် သေချာစဉ်းစားရင် သူတို့ကို ဒိုင်ရဲ့ အလုပ်မျိုးကိုပဲလုပ်ခိုင်းထားပြီး ဒိုင်ကြီးတွေက အပေါ်က ငွေကို သာသာလေး သဲ့ယူတဲ့ပုံစံမျိုး ချိုးထားကြတာပါ။

ပြဿနာကြီး/ငယ်တွေက ကြားဒိုင်တွေဆီမှာ တာဝန်ခံဖို့ ရောက်နေသလိုမျိုးဖြစ်အောင် အကွက်ချခံထားရတာပါ။ တဆင့်တိုးပြောကြည့်မယ်။ ကြားဒိုင်တွေက ထိုးသားတွေ ထိုးထားသမျှငွေစာရင်းကို ပေါင်းနှုတ်လုပ်ပြီးမှ တပတ်စာပြီးတိုင်း ဒိုင်ကြီးနဲ့ ငွေဆက်ရှင်းကြရတယ်ဆိုတဲ့ပုံစံကို နမူနာထားပြောကြည့်မယ်ပေါ့။ ကြားရက်တွေမှာ ပေါက်ကွက် အသေးတွေအကုန်လုံးက ကြားဒိုင်က ရှင်းပေးနေရတာပါ။

သူ့လက်ထဲ တပတ်စာအတွက် တရက်ချင်းစုစုလာတဲ့ ထိုးကွက်တွေက ရတဲ့ငွေတွေရှိနေတာကိုး။ ထိုးသားတွေရဲ့ အမြင်မှာလည်း ထိုးကြေးပိုက်ဆံကို သူ့ကိုပေးလိုက်တာမို့ ပေါက်လာရင် ရှင်းပေးရမှာကလည်း သူ့ကိစ္စလို့ပဲ တွေးကြတာပါ။

အဲ့တော့ သူကကျနော်/ကျမကတော့ဖြင့် ကြားထဲနေတဲ့ ကော်မရှင်စားလေးပါလို့ ဘယ်လောက်ပဲပြောပြော ထိုးသားက ဒိုင်ကြီးကိုမသိဘူး၊ ထိုးကြေး ပိုက်ဆံ ဒီကိုပေးလိုက်တာမို့ ဒီက ရှင်းပေးရမယ်လို့ပဲ အကြမ်းအားဖြင့် မြင်ပါတယ်။ တရားဝင်လုပ်ခွင့်မရတဲ့ လောင်းကစားမို့လည်း တခုခုနစ်နာစရာဖြစ်လာရင် တရားစွဲလို့ရတဲ့ ကိစ္စတွေမဟုတ်လို့ ယုံကြည်မှုဆိုတဲ့ အလွှာပါးပါး မျဉ်းပါးပါးလေးပေါ်မှာ ထိုးသူ/ကိုင်သူ နားလည်မှုနဲ့လုပ်ကြရတဲ့ သဘောဖြစ်နေတာပါ။

ကဲဗျာ ဒါတွေ ခဏထားပြီး တခုထပ်တိုး စဉ်းစားကြည့်ကြရအောင်။ ကြားဒိုင်တွေဆီ ပေါက်ကွက်ကြီးဝင်သွားရင်ရော၊ ပေါက်ကွက်ကြီးဝင်သွားရင် အပေါ်ဒိုင်က သူလျော်ပေးနိုင်တဲ့ ပမာဏထဲမှာဆိုရင် (တကယ်ဖြစ်နိုင်တာက ကြားဒိုင်သေးတွေဆီက တပတ်စာတက်လာသမျှငွေစုစုပေါင်းထဲက ကာမိပြီး သူ့အိတ်ထဲက မစိုက်ရရင်) လျော်ပေးကောင်းပေးမယ်။ သိန်းရာချီပြီး ပေါက်သွားရင် မလျော်ပေးဘဲ ကြားဒိုင်ကို အဲ့ပြဿနာနဲ့ ထားထားဖို့လည်းဖြစ်နိုင်ပါတယ်။

ကြားဒိုင်မှာ လူမိုက်နည်းနဲ့ရှင်းနိုင်တဲ့ အတိုင်းအတာ တစုံတရာရှိရင်တော့ သူတို့ နည်းနည်းကျွတ်မှာပါ၊ စိတ်ရှုပ်ခံမှာမဟုတ်ပါဘူး၊ လျော်ပေးမှာပါ။ နောက်တခု စဉ်းစားကြည့်မယ်။ ကြားဒိုင်က ထိုးကြေးတွေယူပြီးပြေးရင်ရော၊ ပမာဏအနည်းအများပေါ်မူတည်ပြီး ရပ်ကွက်ထဲ ကြားဒိုင်ရဲ့နေခဲ့တဲ့အိမ်ကို ထဘီစွန်တောင်စွဲ အဖွဲ့လိုက်ရန်လာထောင်တာကစလို့ လူမိုက်ရှင်း အရှင်းခံရနိုင်တာမျိုးတွေ ကြုံသွားရနိုင်ပါတယ်။ အဲ့တော့ ကြားဒိုင်တွေဟာလည်း လွယ်လွယ်လေးနဲ့တော့ ဘတ်ကီးရိုက် ထွက်ပြေးသွားဖို့ မလွယ်လှတဲ့ အခြေအနေပါ။

ဟုတ်ပြီ ခုဒိုင်ကြီးတွေနဲ့ မဆက်ဆံဘဲ ကိုယ်တိုင် တပိုင်တနိုင်ကိုင်ကြတဲ့ ဒိုင်လေးတွေကိစ္စဘက်က စဉ်းစားကြည့်မယ်။ သင်္ချာတွက်ကိန်းတွေအရကြည့်ရင် လျော်ကြေးအဆတွေက ၂/၃ လုံး ဒိုင်တွေအတွက် စားသာတဲ့ဘက်မှာ အလိုလိုပို့ထားပေးပြီးသားပါ။

(ဒိုင်ကြီးတွေက ဒိုင်ကိုင်တဲ့ဘက်ကပဲစားသာအောင် တွက်ချက် အကွက်ချထားပေးပြီးသား၊ ပုံမှန်အားဖြင့် သူတို့စားဂွင်ယူနေမှာကလည်း အဲ့ဒီဘက်အခြမ်းကပါပဲ) ဒါပေမယ့် ခုကိစ္စက စာအုပ်လှန်နံပတ်ရွေးသလို၊ ဂဏန်းလုံးတွေ ပုံးထဲထည့်လှိမ့်ပြီး ရွေးထုတ်သလိုမျိုးလောက် မရိုးရှင်းဘူးလေ။

Software ပြနေတဲ့ဟာကို နောက်ကွယ်က ဘယ်လိုနည်းတွေနဲ့ interfere/intervene လုပ်မလဲဆိုတဲ့ နည်းတွေက တနည်းနည်းတဖုံဖုံရှိကိုရှိနေမှာပါ။ (ဒိုင်ကြီးတွေရယ်၊ အခြေအနေမသိတဲ့သာမန် ထိုးသားတွေက ဒီလိုပြောတာကို ဆတ်ဆတ်ထိမခံ ဖြစ်နိုင်ပါတယ်၊ ဆောရီးပါ၊ ကျနော် ဒီကိစ္စမှာ မြန်မာနိုင်ငံသားအများအကျိုးကိုပဲ ကြည့်ပါရစေ) Hot ထိပ်စီး/နောက်ပိတ်တွေ၊ စုံကိန်း/မကိန်းတွေ၊ ဘာကလင်ဒါ၊ ညာကလင်ဒါ၊ ဘယ်ဘုန်းကြီးဂဏန်း၊ ဘယ်ဘိုးတော်ဂဏန်းဆိုတာတွေက အလကားမှမဟုတ်တာ။ တချို့က အာဖျံကွီး ဘူမသိကိုးမသိ ရုပ်တည်နဲ့ လုပ်စားနေတာမျိုးတော့ ရှိမယ်။

တည့်တဲ့အချိန်တည့်၊ လွဲတဲ့အချိန်လွဲပဲ။ ဒါပေမယ့် တချို့ online ပေါ် live လွှင့်ပြောနေတာတွေကျတော့ နောက်ကွယ်မှာ သူတို့ရနေတဲ့ data feed တွေရှိတယ်။ သူတို့ဆီ နောက်ကွယ်ကလက်မည်းကြီးတွေက (ကြားဒိုင်လေးတွေဆီက အတက်နည်းလာရင်) ထိပ်စီးတွေ နောက်ပိတ်တွေပေးပစ်ပြီး ထိုးသားတွေပျော်ရအောင်ပစ်တာ။

တကယ်လည်း လနဲ့ချီပြီး ဆက်တိုက်မှန်/ထွက်ခဲ့တဲ့အချိန် ထွက်ခဲ့တာပဲလေ။ လနဲ့ချီ မှန်ခဲ့တဲ့ hot ထိပ်စီး/နောက်ပိတ်တွေရှိနေခဲ့တာ ကံကောင်းလွန်းလို့ပါလို့ မိတ်ဆွေတို့ ယုံနေကြတုန်းလား အဓိကပစ်မှတ်က အဲ့လိုလုပ်ခြင်းအားဖြင့် တချက်ခုတ် နှစ်ချက်ပြတ်ပဲ။ ထိုးသားတွေပျော်မယ်၊ ကြားကတပိုင်တနိုင်ကိုင်တဲ့ဒိုင်တွေကွဲမယ်။

နောက်ဆုံး ကြားဒိုင်တွေ မကိုင်နိုင်ကြ/မရပ်တည်နိုင်ကြတော့ဘဲ ဒိုင်ကြီးဆီ လှမ်းချိတ်ဆက်ဆံ ပိုက်ဆံတွေ ဒိုင်ကြီးဆီသာ မရပ်မနားတရဟော စီးဝင်သွားလေတော့သတည်းဆိုတဲ့ အဖြေပဲ ထွက်အောင် အပေါ်ကကောင်တွေက စီးပွါးတွက်တွက်ပြီးကစားတာ၊ အကွက်ရွှေ့တာ။ သူတို့ ဒိုင်ကြီးတွေဘက်မှာကျတော့ တက်လာတဲ့ ထိုးကြေးအခြေအနေ စာရင်းဇယားတွေကို real time စောင့်ကြည့်နေတာမျိုးတွေရှိတယ်၊ AI တွေ၊ formula တွေသုံးပြီး လူတွေကို အသာလေး အရူးလုပ်နိုင်တဲ့ အခြေအနေတွေပိုင်ထား ကိုင်ထားပြီးသား။

မသိဘဲ သွားမလုပ်နဲ့၊ ခံသွားရမယ် မိတ်ဆွေတို့ရေ။ မသိတဲ့ကောင်၊ အတဲ့ကောင် ခံလေရော့ပဲ၊ အကွက်က။ ဒီလောင်းကစားက နိုင်ငံနဲ့ချီပြီးစွဲနေတဲ့ ဆင်းရဲသားလူထုရဲ့ ထွက်ပေါက်ပုံစံဖြစ်နေတဲ့ ငွေရပေါက်ဟာကြီး၊ တနည်းဆိုရရင် လူတွေ နစ်နေရတဲ့နွံအိုင်ကြီး။ အကြမ်းတွက် တွက်ကြည့်မယ်။

အနိမ့်ဆုံး မြန်မာနိုင်ငံမှာ ခုချိန် ထိုးသားတယောက်က တနေ့ တထောင်ဖိုးလောက်ပဲထိုးကြည့်။ တနိုင်ငံလုံးထိုးသူ ဘယ်လောက် ရှိမယ်မှန်းလဲ? ထိုးသားတယောက်ရဲ့ အနည်းဆုံးတနေ့စာထိုးငွေ တထောင်လောက်နဲ့အခြေခံ စဉ်းစားမြှောက်ကြည့်ရင်တောင် မနည်းမနောငွေရပေါက်ကြီး၊ ငွေစီးဆင်းနေမှုကြီးနော်။ ဉပမာ မြန်မာ့လူဦးရေ ၅၀ မှာ ၁ ယောက်ပဲထိုးတယ်ထား၊ ခုလူဦးရေ သန်း ၅၀ ပဲလျော့ထားပြီးတွက်ရင်တောင် ၁သန်းx၁၀၀၀=ကျပ်ငွေ သန်းတထောင်နော်၊ (သိန်း တသောင်း) တနေ့ငွေ စီးဝင်မှု ပမာဏ။

အဲ့လို အချိုအချောင် စီးပွါးရေးမျိုးက ငွေတွေ သာသာယာယာ နေ့စဉ်/အပတ်စဉ် ခွဲယူနေရုံ၊ ငွေတွေအိတ်ထဲ သပိတ်ဝင် အိတ်ဝင် စီးဝင်နေတာ မျိုးကို ဘယ်လို မှောင်ခိုစီးပွါးရေးလုပ်တဲ့သူမဆို မမက်မောဘဲ ရှိမလဲ။ ထိုင်းက လက်တံရှည်၊ လက်တံတို မှောင်ခိုလောင်းကစားသမားတွေက ရသလောက်ဝင် ပွဲတော်တည်ကြမှာပဲ။ Software ကသူ့ဟာသူပေါ်ချင်တာပေါ်နေတာပါဆိုရင်တော့ မိတ်ဆွေရဲ့ သဘောပါ။ ဒိုင်ကြီးတွေက မိတ်ဆွေတို့လိုလူတွေကိုပဲ အလိုရှိတာပါတဲ့။

လောကကြီးမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာမှာ ဒီကိစ္စက ခြွင်းချက်မဟုတ်ပါဘူး။ ငွေကြေးအမြတ်အစွန်းတွေအကြီးကြီးမို့ မှောင်ခိုလောင်းကစားသမားကြီးတွေက မမက်ဘဲ မနေပါဘူး။ သူတို့ရဲ့ interference/intervention ကြားဝင် ခလောက်ဆန်နေမှုက ပုံစံမျိုးစုံနဲ့ နောက်ကွယ်မှာရှိနေမှာမြေကြီးလက်ခတ် မလွဲပါဘူး။

မြန်မာနိုင်ငံလို ပေါ်လစီ အဟရှိနေတဲ့နိုင်ငံမို့ သူတို့က ဝင်ထိုင်နိုင်သလောက် ဝင်ထိုင်တဲ့သဘောပါပဲ။ တခြား ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ လောင်းကစားကို ဉပဒေဘောင်ထဲက အထိုက်အလျောက်ဖြေလျော့ခွင့်ပြုပေးပါတယ်။ ၁/၂/၃/lottery ထီ /မြင်း/ပြိုင်ကား/လက်ဝှေ့/စသည်ဖြင့် အကုန်ဗျာ ဖြစ်နိုင်တာချည်းပဲ။ အစိုးရက ဒိုင်နေရာဝင်ထိုင်တော့ အမြတ်အစွန်းတွေ၊ အခွန်တွေကို တိုင်းပြည်က ရပါတယ်။ အဲ့ဒါတွေကို ပြည်တွင်းလိုအပ်ချက်တွေမှာ တနည်းတဖုံ ပြန်သုံးစွဲတော့ တိုင်းပြည်/ပြည်သူ နှစ်ဦးနှစ်ဘက် အကျိုးအယုတ်ကြီး မဖြစ်သွားပါဘူး။

လူတွေရဲ့ လောင်းကစားဝါသနာနဲ့ ပတ်သတ်ပြီး ကြုံလို့ တခုပြောချင်ပါတယ်။ တရုပ်တွေပြောကြတာတခုရှိပါတယ်၊ သူတို့တွေက လောင်းကစားကို အရမ်းဝါသနာပါပါတယ်တဲ့။ လောင်းစရာမရှိရင် ဆန်အိုးထဲကဆန်ကို လက်နဲ့ဆုပ်ယူပြီး ဆန်စိကို စားပွဲပေါ်ကြဲချ၊ ပြီးရင် စုံ/မ ရေတွက် လောင်းကစားလုပ်ကြတာပါတဲ့။

အဲ့တော့ လူ့ဝါသနာကို စဉ်းစားသာကြည့်တော့။ အဲ့ဒီဝါသနာတွေကို လုံးလုံးတားမရတာ/မတားသင့်တာတွေကို ဘေးခဏထားပြီး အစိုးရက ဉပဒေဘောင်ထဲထည့် ထိန်းကျောင်းပေးလိုက်နိုင်ရင် Win-win ပဲပေါ့။ မြန်မာနိုင်ငံဟာ အကြောင်းအမျိုးမျိုးကြောင့် အစိုးရက ဒီလိုလောင်းကစားတွေကို ကြပ်မတ်ထိန်းကျောင်းမောင်းနှင်တဲ့အဆင့်ကို မရောက်နိုင်ခဲ့သေးဘူး။ အဲ့တော့ ဒီအဆင့်မှာ အပေါ်ကလူတွေနဲ့ အလျင်းသင့်အောင် ပေါင်းစား ခြယ်လှယ်ပြီး ပြည်သူတွေကို ဂုတ်သွေးစုပ်အမြတ်ထုတ်စားနေတဲ့ လက်တဆုပ်စာလူတန်းစားတရပ်က ရှိသွားတယ်။ ပြည်သူတွေက ခံပြီးရင်းခံ၊ ငတ်ပြီးရင်းငတ်၊ နင်းပြားဖြစ်ပြီးရင်းဖြစ်နေကြရတယ်။

ခုချိန်ခါမှာ ပတ်ဝန်းကျင်မှာ သတိထားကြည့်ရင် ဘဝတွေစုတ်ပြတ်သတ်နေတဲ့၊ အကြွေးသံသရာတွေထူနေကြရတဲ့၊ လူမူရေးဘဝတွေပျက်စီးသွားကြရတဲ့ မသိနားမလည်သူပြည်သူတွေဟာ ဒုနဲ့ဒေး မြင်နေကြရတယ်။ ဆင်းရဲရာကနေ ငွေရလမ်းလေးတခုဖြစ်လိုဖြစ်ငြားတွေးကြရင်း၊ ကြုံသလိုလောဘတက် ဖြေရှင်းနေကြရင်း ငွေကြေးဒုက္ခရောက်နေကြရတဲ့ ဆင်းရဲတွင်းနက်နေကြရတဲ့ အရေအတွက်တွေက တိုးသည်ထက် တိုးလာနေတယ်။

နောက်ပြီး ပညာဆင်ချင်တုံတရားတွေ အထိုက်အလျောက်ရှိကြပါရက်နဲ့လည်း ဝါသနာတွေ၊ လောဘတွေကြောင့် ဘဝအခြေအနေပျက်မလိုဖြစ်နေတဲ့ ပြည်သူတွေက ပုံစံတမျိုးနဲ့ ထပ်ရှိနေကြပြန်တယ်။ ခု ဒါဆို ဘာလုပ်ကြမလဲ၊ ကျနော့သဘောကတော့ အပေါ်ကအမြတ်ထုတ် ဂုတ်သွေးစုပ်နေကြတဲ့ လက်တစုပ်စာလူတန်းစားကို ဒီငွေပင်ငွေရင်းတွေ စီးဝင်နေတာကို မဖြစ်စေချင်ပါဘူး။ ဖြစ်ချင်းဖြစ် ပြည်သူတွေအချင်းချင်းပဲ သူ့ပိုက်ဆံ ငါ့ဆီရောက်၊ ငါ့ပိုက်ဆံ သူ့ဆီရောက် အခြေအနေပဲဖြစ်စေချင်ပါတယ်။

ဝါသနာကို တားမရရင်ပေါ့နော်။ ဒိုင်လေးတွေ ဘာလုပ်သင့်သလဲ၊ ဖြစ်နိုင်လို့ရှိရင် မလုပ်ပါနဲ့တော့။ ဒါပေမယ့် မနေနိုင်လို့ လုပ်ရရင်လည်း ကိုယ်အရှုံးခံနိုင်သလောက် တပိုင်တနိုင် ကိုင်ပါ။ ရှုံးသွားရရင်တောင် မျှော်လင့်ချက် လောဘတခုနဲ့ထိုးနေတဲ့ ကိုယ့်နိုင်ငံသားတယောက်ရဲ့လက်ထဲ ငွေရောက်သွားမှာမို့ ပျော်ပေးလိုက်နိုင်ပါစေ။

(ပိုင်ဆိုင်မှုတွေကို မီးရှို့ခံလိုက်ရတာထက် အဓိပ္ပါယ်ရှိပါတယ်) ထိုးသားလေးတွေမှာလည်း သူတို့ရဲ့ ပျော်ရွှင်မှု၊ စားဝတ်နေရေးက ဒီထီပေါက်ရေးပဲ ဖြစ်ရင်ဖြစ်နေနိုင်တာကို တွေးကြည့်ပေးပါ၊ သနားပေးပါ။ ထိုးသားတွေ ဘာလုပ်သင့်သလဲ၊ ဖြစ်နိုင်ရင် ရုန်းထွက်ပါ၊ မထိုးပါနဲ့တော့။

ဝါသနာကြောင့် ဘဝပျက်ပျက် တားမရသူတွေကိုတော့ပြောချင်ပါတယ်။ ကိုယ်နိုင်တာထက် လောဘပိုမတက်ပါနဲ့။ ပေါက်ကွက်တွေရ ငွေတွေရခဲ့ရင် ချင့်ချိန်သုံးကြပါလို့။ ဒိုင်လေးပဲဖြစ်ဖြစ်၊ ထိုးသားပဲဖြစ်ဖြစ် ငွေပိုလေးတွေရရင် သောက်သောက်စားစား အပိုသုံးလေးတွေလုပ်ကြမှာလည်း မလွဲပါဘူး။ လူ့သဘောမို့ လုပ်ကြပါ၊ တဖက်ကကြည့်ရင်တော့ ဒါဟာ တိုင်းပြည်တွင်းမှာ ငွေလည်ပတ်စီးဆင်းမှုကို တနည်းတဖုံအားဖြင့် အားဖြည့်ပေးရာ ကျပါတယ်လို့ ပြောချင်ပါတယ်။

ဉပမာ ကိုယ်က ငွေပိုရှိချိန်မှာ ဆိုင်ကယ်ကယ်ရီလေးစီးလိုက်ခြင်းအားဖြင့်၊ စားသောက်ဆိုင်က စားပွဲထိုးလေးကို ငွေစအပိုလေးပေးလိုက်ခြင်းအားဖြင့်၊ ပြည့်တန်စာတယောက်နဲ့ အခကြေးငွေပေးပျော်ပါးလိုက်ခြင်းအားဖြင့် စသည်လုပ်ရပ်တွေဟာ ကိုယ်နဲ့ထိတွေ့ဆက်ဆံ ဝင်ငွေရသွားသူတိုင်းဟာ သွယ်ဝိုက်ပြီး အကျိုးခံစားခွင့်ရသွားကြတာမျိုးကို မြင်ကြည့်ပါ။ နောက်ဆုံးပြောချင်တာကတော့ ငွေများများလက်ထဲရှိရင် တိုင်းပြည်ရဲ့ လက်ရှိကြုံနေရတဲ့ရောဂါ ကုစားရေးတွေမှာ တတ်အားသမျှပါပေးကြပါ။ လှူကြပါ၊ ကူကြပါ၊ ဘွန်းကြပါဗျာ။

ညီကိုလတ်