တပေါင်းလပြည့်ရောက်တာနဲ့ အမေရေယာဉ်ပွဲတော်စပြီ တပေါင်းလပြည့်ကနေ လပြည့်ကျော် (၈) ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတယ်။
ဘာသာရေးယုံကြည်မူပဲပြောပြော၊ နတ်ကိုယုံကြည်ကြသူတွေရဲ့ပွဲတော်ပဲပြောပြော အမေရေယာဉ်ပွဲတော်ကတော့ နှစ်စဉ်နှစ်တိုင်း စည်ကားလျှက်ရှိတယ်။
အညာနယ်တခုလုံး အမေရေယာဉ်ပွဲတော်ကို အမေကြီးပွဲတော်ဟုလည်း ခေါ်ဝေါ်ကြတယ်။
တပေါင်းလရောက်တာနဲ့ သီးနှံတွေရိတ်သိမ်းပြီး ပွဲတော်မှာ ၀ယ်ဖို့ခြမ်းဖို့ ကြိုတင်ငွေစုထားကြတယ်။
လပြည့်ရောက်တာနဲ့ နွားတွေကိုအနားပေးပြီး ပွဲတော်အတွက် ပေါင်းမိုးလှည်းတွေအဖြစ်အလှဆင်ကြတယ်။
ပွဲတော်က လပြည့်နေ့စဖွင့်တယ်ဆိုပေမယ့် ကျနော်တို့ရွာတွေကတော့ (၆)ရက်၊ (၇)ရက်၊ (၈)ရက်မှပဲ မနက်စောစောထပြီး တရွာလုံးလှည်းတွေ အစီအတန်းလိုက် ညာသံပေးပြီး နန်းတက်ထွက်သွားကြတယ်။
ယင်းမာပင်မြို့အနောက်ဘက် (၁၅)မိုင်ခန့် ဇီးတောရွာရဲ့အရှေ့ဘက်မှာ အမေရေယာဉ်နတ်နန်းတည်ရှိတယ်။
တနယ်လုံးတင်မက နယ်နီး၊ နယ်ဝေးနဲ့တခြားမြို့တွေကပါ အမေရေယာဉ်ကိုလာရောက်ပူဆော်ကြတယ်။
ကားစတင်း၊ ဆိုင်ကယ်စတင်း၊ စက်ဘီးစတင်းနဲ့ လှည်းဝိုင်းထိုးဖို့နေရာတွေကို စနစ်တကျချပေးနိုင်တဲ့ ပွဲကော်မတီကိုလည်း မချီးကျူးပဲမနေနိုင်ပေ။
ကျနော်ကိုးတန်းဖြေပြီးတစ်ခေါက်နဲ့ဆယ်တန်းဖြေပြီးတစ်ခေါက် နှစ်ခေါက်ပဲရောက်ဖူးတယ်
ဆယ်တန်းဖြေပြီးတဲ့နောက်ဆုံးရက်က တပေါင်းလပြည့်ကျော် (၇)ရက်နေ့မို့ တရက်မှီသေးဆိုပြီး ဇီးတောတောင်ရွာက ဘော်ဒါအတူနေသူငယ်ချင်းမျိုးညွန့်အောင်အိမ်ကို သူငယ်ချင်းတွေနဲ့လိုက်သွားဖြစ်တယ်။
သူငယ်ချင်းအိမ်ရောက်တော့ ခဏနား ရေမိုးချိုးပြီး ပွဲတော်ကိုသွားကြတယ်။
ပွဲတော်မသွားခင် လူကွဲရင်ရှာရလွယ်အောင် ဟိုရောက်ရင်ဆုံမှတ်ထားရပါတယ်။
ဧက ၁၀၀ ခန့် ကျယ်၀န်းတဲ့ ပွဲတော်ကြီးမို့ ပျောက်ရှင်မရှာနဲ့တော့ မတွေ့တော့ဘူး။(အဲ့တုန်းက ခုလိုလူတိုင်းတယ်လီဖုန်းမကိုင်နိုင်ကြသေးဘူးဗျ☺️)
သင်္ကြန်နားနီးတော့ ပွဲစျေးတန်းတိုးရင်း သင်္ကြန်သီချင်းသံတွေကြားရတော့ အညာရဲ့နွေနေ့လည်ခင်းကိုတောင်မေ့နေခဲ့တယ်။
ပွဲစျေးတန်းဟာ ကလေးကစားစရာ အိုးပုတ်၊ ဂျိုးရုပ်ကနေ အိမ်ထောင်ပစ္စည်း၊ တောင်သူလယ်ယာခွင်သုံးပစ္စည်းတွေထိ အမျိုးအမည်စုံလင်လှတယ်။
ဘုရားပေးတဲ့ နွားဆေးတွေရမယ်
ကြိုက်တာယူ ၅၀၀ နည်းသလား ဒီဘက်က ၁၀၀၀ ဖိုး ၃ ထည်
သရက်ကန် နွားချည်ကြိုးတွေရမယ်
ဆင်နှစ်ကောင်ယှဉ်ပြိုင်ဆွဲ ဖင်ထိုင်လဲမဲ့ အပ်ချည်ကြိုးတွေရမယ်
ဆော်ကြည်ချင်ရင် ဆီကြော်မုန့်ကိုစားပါ
ရွာသစ်ခမောက်တွေရမယ်နော် စတဲ့ စျေးသည်တွေရဲ့ တမျိုးနဲ့တမျိုးမရိုးရအောင် စျေးရောင်းတဲ့အသံတွေဟာလည်း ပွဲတော်ရဲ့ချစ်စရာ အမှတ်တရတွေပါပဲ။
ညနေစောင်းတော့ စားသောက်ဆိုင်မှာ အမောပြေနားရင်း စားသောက်ပြီးတာနဲ့ အမေရေယာဉ်နတ်နန်းက နတ်ဒိုးသံတွေဆီ ခြေဉီးလှည့်လိုက်တယ်။
အမေရေယာဉ် ဖြစ်ပေါ်လာပုံ
တချိန်မှာ အမေရေယာဉ်ဖြစ်လာမဲ့ ရှင်ထူးမှာ မောင်နှမငါးယောက်ရှိတယ်။ အကိုအကြီးဆုံး ကဒူးကနန်းဒေသမှ တောင်ဦးမြို့စားပဗ္ဗဘရာဇာ နဲ့ ရှင်ဦး ရှင်ကျူ း ရှင်ဗြူ း ရှင်ထူးဆိုပြီး မောင်နှမငါးယောက်မှာ ရှင်ထူးက အငယ်ဆုံး စိတ်အထက်ဆုံးပေါ့။
တနေ့ ပုဂံပြည့်ရှင် မဏိစည်သူရဲ့ မြောက်နန်းစံ မိဖုရားကြီး နာဂသိန် စုန်းတောက်စားနေချိန် ရှင်ထူးတို့ ညီအမတွေနဲ့ တိုးပါလေရော။ ဒီအခါ နာဂသိန်မိဖုရားက မိုက်မိုက်ရိုင်းရိုင်း ငေါက်ငန်း ပြောဆိုတော့ စိတ်ဆတ်တဲ့ ရှင်ထူးက နာဂသိန်ကို စက်ကြိုးဖြတ်ချလိုက်ပါရော။ပညာချင်းမယှဉ်နိုင်တဲ့ နာဂသိန်မိဖုရားလဲ ရှင်ထူးတို့ညီအမအပေါ် အညိုးထားသတဲ့။
တနေ့ မဏိစည်သူမင်းကြီးကို နာဂသိန်မိဖုရားက
“မှန်လှပါ အရှင်မင်းကြီး ကဒူးကနန်းနယ်က တောင်ဦး နယ်စားမောင်နှမများက အရှင်မင်းကြီးကို ပုန်ကန်ခြားနားတယ်လို့ အိမ်မက်တော် မက်ပါတယ်ဘုရား။
မောင်နှမငါးယောက်လုံးကို သုတ်သင်သင့်ကြောင်းပါ “လို့ လျှောက်တင်တော့ မင်းကြီးလဲ တောင်ဦးနယ်စား မောင်နှမငါးယောက် ဒေသထွက်ကုန် လက်ဆောင်ပဏ္ဍာများ ခေါင်းပေါ်ရွက်လို့ ရှေ့တော်မှောက် အရောက်ဝင်စေလို့ မိန့်တော်မူသတဲ့။
မောင်နှမတတွေလဲ ဒေသထွက်ကုန်တွေ ခေါင်းပေါ်ရွက်လို့ ပုဂံမြို့အဝင် ပုဂံမြို့ဝန်က ပစ္စည်းတွေ စစ်ဆေးရင်း ရှင်ထူးခေါင်းပေါ် ရွက်လာတဲ့ အိုးကို
“ဟဲ့ ကောင်မလေး နင့်ခေါင်းပေါ်ရွက်လာတာ ဘာတွေလဲ”လို့ မေးတဲ့အခါ ခေါင်းပေါ်မှာ ဆီအိုးကြီး မနိုင်မနင်း ရွက်လာရလို့ ပင်ပန်းပြီး စိတ်
်တိုနေတဲ့ ရှင်ထူးဟာ
“မြွေတွေဟဲ့ မြွေတွေ” လို့ ရွဲ့အော်လိုက်သတဲ့။
ပုဂံမြို့ဝန်လဲ အိုးတွေကို လှပ်ကြည့်တဲ့အခါ တကယ်မြွေတွေ ထွက်လာပြီး ကိုက်လို့ ပုဂံမြို့ဝန် သေပါလေရော။
ပုဂံမြိုဝန်ကို သတ်မှုနဲ့ ညီမငယ်ရှင်ထူးကို အကိုတော် တောင်ဦးနယ်စား ပဗ္ဗဘရာဇာကိုယ်တိုင် သတ်စေလို့ အမိန့်တော် ချမှတ်လိုက်တယ်။ အကိုတော်က ကိုယ့်ညီမကို ကိုယ်တိုင် မသတ်နိုင်ပါဘူးလို့ ငြင်းဆန်တော့ မောင်နှမ နှစ်ယောက်လုံး ဆင်နင်းသတ်စေလို့ မဏိစည်သူမင်းက အမိန့်ချပြန်သတဲ့။ ဒီအခါ ဒေါသူပုန်ထနေတဲ့ ရှင်ထူးဟာ ဆင်ကို အစွယ်ဖြတ် သတ်လိုက်သတဲ့။ ဒါနဲ့ ကျားနဲ့ သတ်လို့ အမိန့်တော် ချပြန်တော့ ကျား နဲ့တကွ အစောင့်တွေပါ သတ်ပြီး ရှင်ထူးဟာ ထွက်ပြေးပါလေရော။
မဏိစည်သူမင်းလဲ ကျန်တဲ့ အမတော်တွေ ဖမ်းထားပြီး အကိုတော် တောင်ဦးနယ်စားကိုယ်တိုင် ရှင်ထူးကို အမိဖမ်းပြီး နန်းတော်ခေါ်လာ ။ မခေါ်လာနိုင်ရင် ရှင်ဦး ရှင်ဗြူး ရှင်ကျူ း ညီအမသုံးဖော် မီးရှိူ့သတ်စေလို့ အမိန့်တော်ချမှတ်လိုက်သတဲ့။
ဒီလိုနဲ့ အကိုတော် တောင်ဦးနယ်စား နှမတော်ရှင်ထူးကို ရှာလိုက်တာ ပုံတောင်ပုံညာဖက်မှာမှ တွေ့သတဲ့။ တွေ့တဲ့အခါ နှမတော်ကို အဖြစ်စုံ လင်းလိုက်တော့ ရှင်ထူးဟာ ဒေါသူပုန်ထပြီး ” ပုဂံပြည်ကြီး မီးတိုက်မဟဲ့” ဆိုပြီး သွားပါလေရော။
ဗန္ဓုကဗ္ဗလာ မြကျောက်ဖျာ တင်းတာကြောင့် သကြားမင်းဟာ လူပြည်ကို ကြည့်လိုက်တော့
“အလို တချိန်မှာ ဗုဒ္ဓသာသနာ ထွန်းကားမဲ့ ပုဂံပြည်ကို မီးရှိူ့ဖို့ ရှင်ထူး သွားနေပါလား ။အချိန်မှီ တား မှ တားမှ ” ဆိုပြီး သကြားမင်းက ရှင်ထူးကို နောင်တချိန် ပုဂံပြည်ဟာ ဗုဒ္ဓသာသနာ ထွန်းကားရာအရပ်ဖြစ်မှာမို့ ပုဂံပြည်ကို မဖျက်ဆီးဖို့ တားမြစ်ရင်း ရှင်ထူးရဲ့ ပညာကို အလှူ ခံတော်မူတယ်။ သကြားမင်းအမိန့်ကို မလွန်ဆန်နိုင်လို့ ပုဂံပြည်ကို မဖျက်ဆီးပေမဲ့ သူ့ပညာကို မလှူလိုတာကြောင့် ရှင်ထူးဟာ သူ့ပညာတွေကို မြွေထဲကို ထည့်လိုက်သတဲ့။
သကြားမင်းက မြွေကို သံလျှက်နဲ့ပိုင်းလိုက်တာ သုံးပိုင်းဖြစ်သွားပါလေရော။ ဒီအခါ ရှင်ထူးဟာ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး မြေကြီးကို ဖနောင့်နဲ့ပေါက်လို့ မြွေသုံးပိုင်းကို လွှင့်ပြစ်လိုက်ရာ မြွေခေါင်းပိုင်းက ယင်းမာပင်မြို့ ဖြစ်မဲ့အရပ်ကို ရောက်သွားလို့ ယင်းမာပင်ဖက်က မြွေတွေဟာ ရေမြွေတောင် အဆိပ်ပြင်းသတဲ့။
မြွေအမြီးပိုင်းကတော့ မုံရွာ အနောက်ဖက်အရပ်ရောက်လို့ အဲ့ဒီက မြွေတွေကတော့ အဆိပ်မရှိဘူး။ မြွေ ဝမ်းဗိုက်ပိုင်း ရောက်သွားတဲ့ ယောနယ် ဆောနယ်ဖက်ပိုင်းက လူတွေကတော့ မသင်ရပဲ အလိုလိုတတ်တဲ့ ဝမ်းတွင်းပါ ပညာသည်တွေ ဖြစ်သွားခဲ့ပါတယ်။ရှင်ထူး ဖနောင့်နဲ့ ပေါက်တဲ့ နေရာကလဲ ရေတွေအလိုလို ထွက်လာသတဲ့။
ဒါနဲ့ သကြားမင်းက ရှင်ထူးကို လူစင်စစ်ကနေ ဝိဇ္ဇမယသိဒ္ဓိရှင်အဖြစ် ပြောင်းပေးလိုက်ရာ ရှင်ထူးက သူ့အသက်ကို အသက်စေ့လုပ်ပြီး နတ်ဝိဇ္ဇာဘဝကို အရှင်ထွက် ကူးပြောင်းသွားသတဲ့။
တနေ့သ၌ မဏိစည်သူမင်း ဖောင်စင်္ကြာနဲ့ တိုင်ခန်းလှည့်လည်ရာ တနေရာမှာ ဖောင်ဟာ ရှေ့ဆက်သွားမရတော့ဘူးတဲ့။ ဒါနဲ့မဏိစည်သူမင်းက ကြိမ်စင်္ကြာနဲ့ ရိုက်လိုက်ရာ အခြားနတ်တွေဟာ ဖောင်တော်ရှေ့မှာ လက်အုပ်ချီ ဒူးတုပ်ပေါ်ပေမဲ့ ရှင်ထူးကတော့ ဖောင်တော်ရှေ့မှာ ထမိန်စွန်တောင်စွဲလို့ မတ်တပ်ရပ်လျှက် ပေါ်သတဲ့။
အကြောင်းစုံကို သိတော်မူသောအခါ မဏိစည်သူမင်းကြီးက မောင်းတုံ ဇီးတောနယ်ကို အပိုင်စားပေးတော်မူတယ်။ရှင်ထူး ဖနောင့်နဲ့ ပေါက်လို့ ရေထွက်တာကို အကြောင်းပြုပြီး ရှင်ထူးကို အမေရေယာဉ်ဆိုတဲ့ဘွဲ့ ပေးတော်မူတယ်။ထိုအချိန်မှ စ၍ အမေရေယဉ်ကို သိကြားမင်းက သူတော်စင် သူတော်ကောင်းများကို စောင့်ရှောက်ရန် တာဝန်ပေးအပ်ခံရလေသည်။
ယုတ္တိတန်သည် မတန်သည် ယုံကြည်သည် မယုံကြည်သည် ထား။ ကျနော်တို့ငယ်ငယ်က ကြားခဲ့ဘူးသည့် အမေရေယာဉ်နှင့် ပတ်သက်သော အိပ်ယာဝင်ပုံပြင်လေး ဖြစ်သည်။ ယခု အင်တာနက်ခေတ် facebookတွင်တွေ့သော ၃၇မင်းနှင့် သိုက်နန်းယုံကြည်ကြသူများထဲမှ ဖတ်ရသည်နှင့် ငယ်ငယ်က ကြားဘူးသည့် အိပ်ယာဝင်ပုံပြင်လေးကို ရော၍ ကိုယ့်နယ်အကြောင်းကို ရသ သုတသဘော စာစီမိခြင်း ဖြစ်လေသည်။
အမေကြီးပွဲနှင့် ပတ်သက်သည့် ထူးခြားချက်လေးတွေလဲ ရှိသေးသည်။ အခြားနတ်ပွဲတွေ မှန်သမျှ ဝက်သားမစားရ မသယ်ရ ဆိုပေမင့် အမေကြီးပွဲတော်မှာတော့ ဝက်သားကို နတ်ပွဲကျင်းပရာမှာပင် ပေါ်သည်။
နောက်တခု ထူးခြားချက်က ရွာအသီးသီးမှ ပွဲတော်လာ လှည်းများ အမေကြီးပွဲတော်ဝန်း ရောက်သည်နှင့် နွားများကို ချွတ်၍ လှည်းဦးမှ ထန်းပိုးကို ကိုင်ကာ
“”အမေ့သားတွေ သမီးတွေ ရောက်ပါပြီ အမေ စောင့်ရှောက်တော်မူပါ””ဆိုပြီး ထန်းပိုးကို လွှတ်ချလျှင် လှည်းပေါ်ပါသော ထမင်းအိုး ဟင်းအိုးများ မဖိတ်မစင်ဟု ကြားဘူးလေသည်။
နောက်ထူးခြားချက်တခုကတော့ အမေရေယာဉ်သည် လူတပိုင်း နတ်တပိုင်း စုန်းတပိုင်းဆိုတော့ လူအများ လာရောက်ပူဇော်ကြသလို စုန်းများလဲ လာရောက်ပူဇော်ကြသည်ဟု ရှေးလူကြီးတွေစကား ကြားဘူးလေသည်။ ည သန်းခေါင်အချိန်များတွင် နန်း၏ အနောက်ဖက်ဆီမှ စုန်းမီးများ နိမ့်ချီမြင့်ချီနှင့် အမေ့ဆီကို လာ၍ အရိုအသေပေးကြသည်ကို မြင်ရသည်ဟု ဆိုရိုးရှိလေသည်။
တညလုံးပွဲစျေးတန်းခြေတိုအောင်လည်ပြီး မကြည့်ဖူးတဲ့ရုပ်ရှင်ရုံစီ ခြေလှမ်းတွေကရွေ့သွားတယ်။
ကလေး ၃၀၀ လူကြီး ၅၀၀ ဆိုပြီး ပိတ်စကိုဝါးလုံးနဲ့ထောင် ပရိုဂျက်တာနဲ့မီးထိုးပြ လူရုပ်အကြီးကြီးတွေထွက်လာတဲ့ ထန်းလက်တွေနဲ့ကာထားတဲ့ရုံဟာ ကျနော်တို့အညာရုပ်ရှင်ပဲ။
ရုပ်ရှင်ရုံကအပြန် အိပ်ချင်ပြီမို့ မနက်အာရုံတက်ချိန်မှာပဲ သူငယ်ချင်းအိမ်ပြန်အိပ်ကြတယ်။
မနက် ၈ ခွဲလောက်အိပ်ရာနိုးတော့ မနက်စာစားသောက်ပြီး သူငယ်ချင်းကဆိုင်ကယ်နဲ့လိုက်ပို့တော့ လမ်းမှာရွာကလှည်းကြုံနဲ့တွေ့လို့ လှည်းကြုံနဲ့ပြန်ခဲ့လိုက်တယ်။
လမ်းတလျှောက်လုံး ပေါင်းမိုးလှည်းတွေအပြည့် အညာနွေဖုန်တထောင်းထောင်းနဲ့ လမ်းဘေးဝဲယာက တမာ၊ ထနှောင်း၊ လက်ပံစတဲ့ သဘာဝပေါက်ပင်တွေက ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေဝေချိန်မို့ ဘာကိုလွမ်းလို့လွမ်းသွားမှန်းမသိဘူး။
အမေကြီးပွဲတော်ရောက်တိုင်း ဘေးအိမ်ကလှည်းနဲ့ပါသွားပြီး ပွဲခင်းထဲမျက်စိလည် လှည်းမှားပြီး ပြန်ပါမလာတဲ့ အိမ်ကကျားဗိုလ်ကို ခုထိသတိရနေတုန်းပဲ။(အဲ့တုန်းကကလေးဆိုတော့ အငိုကိုမတိတ်တော့ဘူး)
အရာအားလုံးအေးချမ်းသွားတဲ့တနေ့ အညာဒေသ တပေါင်းလရဲ့ အမေကြီးပွဲတော်ကို နောက်တခေါက်မရောက်ရောက်အောင်သွားဖို့ ဆုံးဖြတ်ထားတယ်။
အညာကိုချစ်တဲ့ အညာသားကြီးမို့ အညာကပွဲတော်ကိုလွမ်းနေပြီ။
#ခက်လူ
မှီငြမ်း —–ဆရာဝင်းသန့်ကို
အမေရေယာဉ်ဖြစ်ပေါ်လာပုံရေးဖွဲ့ထားမူကို လေးစားစွာ Credit ပေးပါတယ် ခင်ဗျ😘😘
Crd#