ၾကားသိရသမွ်

“၂၀၂၂ ခုနှစ် မဟာသင်္ကြန်စာ (သရော်စာ)”

ဆောင်းပါးရှင် – ရွှန်းမီမီထက်

မတ်လ ၈ ရက်

ယခုနှစ်တွင်ကား သိကြားမင်းသည်လက်တစ်ဖက်က ဆိုလာပြားနှင့် နောက်တစ်ဖက်က ကိုဗစ်ဆေး ၃ ကြိမ်ထိုးနှံပြီးစီးကြောင်း ဆာတဖီကိတ်ကိုင်ကာ လူ့ပြည်သို့ ဆင်းလတ္တံ့

သိကြားမင်း၏ ဝေဇယန္တာ နတ်ရထားကိုမောင်းနှင်သော မာတလိ နတ်သားသည် ခရီးစရိတ် ဘောက်ချာဖြတ်ပိုင်းမှာ ဈေးနှုန်း တင်ပြထားသည်ထက် နိုင်တီတူး အောက်တိန်းဖိုးက ပိုများနေသဖြင့် တွက်ချေမကိုက် ဖြစ်လတ္တံ့။

နေ့ကို လစောင့်၏။

လကို နှစ်စောင့်၏။

ဟောလိဝုဒ်ကို ဆယ်လီတွေ စောင့်၏။

လျှပ်စစ်မီးကို ပြည်သူစောင့်၏။

ကူညီပါရစေရုံးကို သဲအိတ်တွေ စောင့်၏။

မီတာရုံးကို Kpay စောင့်၏။

လက်ဝတ်ရတနာ live sale ကို အလှူခံလာတိုင်း ညည်းပြသူတွေ စောင့်၏။

တရားရုံးကို လက်ထပ်မယ့် စုံတွဲတွေစောင့်၏။

ယခုနှစ်၌ကား

သောကြာကြယ်ကြီး လနှင့်နီး၍ ထမင်းပေါင်းအိုးများ အပျက်အစီး များလတ္တံ့။

အသားငါးများ အပုပ်မြန်လတ္တံ့။

အဲကွန်း တပ်ထားသူရော မတပ်ထားသူပါ မိတ်ဖုကြီးများ ပေါက်လတ္တံ့။

လျှပ်စစ်မီး ချွေတာသုံးစွဲဖို့ နှိုးဆော်ချက်များအား အမှောင်ယံကြီးစိုးတဲ့ ညအလယ်မှာ ဖတ်ရလတ္တံ့။

ATM စက်များအတွင်း ပင့်ကူတို့ အိမ်ဆောက်နေအံ့။

လျှပ်စစ်မီး မရသဖြင့် မီးပွိုင့်များ မနီ မစိမ်းတော့ဘဲ ကြားနေ ဖြစ်သွားလတ္တံ့။

လျှပ်စစ်ရထား ပြေးဆွဲချိန်များအားအချိန်အကန့်သတ်မရှိ နောက်ဆုတ်ရအံ့။

TikTok ဆော့ဝဲကို ဘွိုင်းကောက်လုပ်ပြီး တစ်တော့ဆော့သူများအား ကြော်ညာအပ်လတ္တံ့။

ဘေထုပ်ရောင်းသူများ ကားဝယ်စီး၍ ကားရောင်းသူများ ဘေထုတ်ဝယ်ဝတ်ရလတ္တံ့။

UN ရုံးမှ တံခါးများ ဖွင့်လိုက်ပိတ်လိုက် လုပ်ရသဖြင့် ပတ္တာများ ချောင်လတ္တံ့။

ချောင်းသာ ငွေဆောင် ကားလမ်းများ ကတ္တရာ မြန်မြန်ကွာအံ့။

Bar တွေ ကလပ်တွေမှာ live မလွှင့်ရ ဥပဒေများ ပြဌာန်းလာလတ္တံ့။

မန်ယူရှုံးတာ စောင်ရေးမကြီးတော့ လတ္တံ့။အာကြီးပရိသတ်များ နောက်ရာသီမှ အိပ်ရေးပျက် လတ္တံ့။

ထို့နောက် သိကြားမင်းသည် ဇူဇူနှိပ်စက်လို့ ဟိတ်စပိခ်ျနဲ့ တစ်လထိပြီး ခွေးရေပုရပိုဒ်တွင် ဘာမှ မတင်နိုင်ဘဲ နတ်ပြည်သို့ ပြန်တက်သွားလတ္တံ့။

ဤသင်္ကြန်စာကို ဝေမျှသူများထမင်းအိုးခလုတ် တက်ချိန်နဲ့ မီးပျက်ချိန် ကွက်တိကျသွားအံ့။

တွေ့လျက်နှင့် ကျော်သွားသူများရေမလာသဖြင့် တစ်ရှူးလိပ်နှင့် အီးကုန်းရလတ္တံ့။

ခရက်ဒစ်မပေးဘဲ ကူးချသူများ အပြင်ထွက်တိုင်း လှည့်ကင်းနဲ့ တွေ့လတ္တံ့။

ဤသည်ကား ကြမ်းပြင်ပေါ်တွင် ဆင်းအိပ်ရင်းဖယောင်းတိုင် နှစ်တိုင် အကုန်ကျခံကာ ပါဝါဘမ့် တန်းလန်းနှင့် ရေးသားထားသော ၂၀၂၂ ဝါးထားဖာထီ ရေဖာထီ၏ အလိုတည်း။

(စာရေးသူ ရွှန်းမီမီထက်၏ စာစုကို စာဖတ်ပရိတ်သတ်များ ခေတ္တခဏ ဘဝအမောပြေစေရန် ဝေမျှဖော်ပြခြင်း ဖြစ်ပါသည်။)

#သရော်စာ #သင်္ကြန်စာ #ရွှန်းမီမီထက်