ခုချိန်မှာ မီးပျက်များတာရယ်၊ ဆီဈေးတွေ မတရား တက်လာတာကြောင့် ဆိုလာ တပ်ဖို့ အတော်စိတ်ဝင်စားလာကြပါတယ်။ကျွန်တော်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်တည်းက တပ်ဖို့ စဉ်းစားခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်လလောက်ကမှ လက်တွေ့တပ်ဖြစ်တော့ သုံးရတဲ့ အတွေ့အကြုံကို user တစ်ယောက်အနေနဲ့ sharing လုပ်တာပါ။
တပ်ဖို့ စဉ်းစားနေသူတွေ တစိတ်တပိုင်း အထောက်အကူဖြစ်အောင်ပါ။
၁။ တပ်ဆင်ထားသောပစ္စည်းများ
– Jinko 400 w mono half cell solar 8 ချပ် (3200w)
– Solar pro 5kw off grid inverter
– Lifepo4-48 V, 200 Ah battery
– ကုန်ကျစရိတ် (၈၅) သိန်း( အခုဆို ၉၅/၁၀၀သိန်းဝန်းကျင်)
၂။ Solar ဖြင့်အသုံးပြုသောပစ္စည်းများ
-lighting /wifi/tv/cctv နေ့ 200-300 W/ ည 600-700 W
-1 hp jet pump (ground tank မှ over head tank သို့တင်)
-ရေခဲသေတ္တာ၊အ၀တ်လျှော်စက်၊ရေသန့်စက်၊ ပန်ကာ ၊ laptop, desktop pc
-ဒယ်နီ၊induction cooker၊ထမင်းပေါင်းအိုး၊ရေနွေးအိုး၊မီးပူ
-Air fryer, microwave, coffee maker
-pressure pump 1hp( အိမ်မှာရေသုံးတိုင်းauto မောင်း)
-water heater (2000W)
-Automatic door motor(700W) (ကားဝင်ထွက် မောင်း)
-Aircon 1hp/1.5hp/2hp တွေရှိပေမယ့် ဆိုလာနဲ့ဆို ပြိုင်တူမသုံးဘူး။ တစ်လုံးလောက်ပဲ သုံးတယ်။
-(ရေစက် compressor motor 2 hp ကတော့ အင်ဗာတာ အဆင်မပြေလို့ epc နဲ့ပဲတင်တယ်)
၃။ တပ်ဆင်၊အလုပ်လုပ်ပုံ
– EPC/မီးစက် ကလာတဲ့ service ကြိုးကို 5kw hybrid inverter ထဲဝင်ပြီး
အဲကနေ ပြန်အထွက်ကို တစ်အိမ်လုံးပေးထားပါတယ်။ Solar ကနေ ပထမ ဦးစားပေးသုံးတယ်။ မနိုင်ရင် ဘက္ထရီကနေ ကူတယ်။ နေကျလို့ ဆိုလာ မရတော့ရင် ဘက္ထရီကနေ ဆက်ပေးတယ်။ ဘက္ထရီက သတ်မှတ်ထားတဲ့ Volt ကိုရောက်ရင် EPC က ဆက်ပေးတယ်။ လူက ဘာမှလုပ်စရာမလိုဘူး။
Inverter 3 kw လောက်ပဲ သုံးမယ်ဆိုရင်တော့ ကျွန်တော့်အိမ်အသုံးအရ မနိုင်တဲ့အတွက် သုံးချင်တဲ့လိုင်းတွေကိုပဲ မီးလိုင်းပြန်ခွဲရပါမယ်။
နေ့ဆိုလာ၊ညဘက္ထရီကနေ အဓိက သုံးပြီး ဆိုလာမနိုင်/ဘက်ထီအားနည်းလာမှ epc auto ပြောင်းသွားတဲ့ပုံစံပါ။ မနက် ၈ နာရီလောက်ဆိုရင် ဆိုလာက အိမ်ကို မီးပေးလို့ ပိုတာကိုလည်း ဘက္ထရီအားစသွင်းပါပြီ။
မနက်နေပူမပြင်းသေးလို့ 500/600 W လောက်ပဲ ထွက်နေချိန် အိမ်အသုံးက 1000/1500 Wဖြစ်သွားရင်လိုတဲ့အားကို ဘက္ထရီက ယူပါတယ်။ အိမ်အသုံးက ပြန်ကျလို့ ဆိုလာထွက်တာက ပိုသွားရင် အားသွင်းပါတယ်။
မနက် ၁၀/၁၁ က စပြီး စိတ်ကြိုက်သုံးလို့ရပါပြီ။ နေပူချိန် သုံးစရာရှိတာတွေအကုန်သုံးခိုင်းပါတယ်။ ရေတင်၊ရေသန့်စက်မောင်း၊အဝတ်လျော်စက် ၊ ထမင်းချက်၊ ဒယ်နီသုံး စတာတွေပါ။ အဲလိုသုံးရင်း အားသွင်းရင်း ညနေ ၃/၄ နာရီဆို ဘက္ထရီအားပြည့်ပါပြီ။
အားပြည့်ရင် ဘက္ထရီကို အားသွင်းရပ်လိုက်ပြီး ဆိုလာက Watt များများထွက်နေလဲ အိမ်အသုံးရှိသလောက်ပဲ အင်ဗာတာက ယူပါတယ်။ ညနေ ၃ နာရီလောက်ဆို water heater ဖွင့်လိုက်ပြီး ရေပူလို့ cut off ဖြတ်တာနဲ့ ခလုတ်ပြန်ပိတ်ထားပါတယ်။ Boiler type မို့ ညဘက်ရေချိုးရင် ပြန်ဖွင့်စရာမလိုတော့ပဲ ရေက အကြာကြီးပူနေပါတယ်။ဆိုလာ တပ်ဆင်အား 3200 W မှ အများဆုံး 2300 W အထိထွက်တာတွေ့ပါတယ်။ နွေနေပူပြင်းရင်
ပိုထွက်မလားမသိပါ။ ရေတင် ကွန်ပရက်ဆာ ကို နိုင်ပေမယ့် မောင်းကြည့်တဲ့အခါ မီးအားအရမ်းကစားပြီး အင်ဗာတာမှာ 2000Wလောက်ပဲ ရှိရမှာကို 2000/3000/4000 တအား ကစားလို့ အင်ဗာတာ ထိခိုက်မှာစိုးလို့ မသုံးပါဘူး။ ကွန်ပရက်ဆာမောင်းချင်တဲ့အခါ အိမ်ကို EPC ဒါရိုက်ပေးလိုက်ပြီး အင်ဗာတာကို ခဏ off ထားပါတယ်။ ရေတင်ပြီးမှပြန် On ပါတယ်။ ခုချိန်မှာတော့ တစ်နေကုန်နဲ့တစ်ညလုံး အင်ဗာတာပါပဲ။ အေးတဲ့အချိန် ညဘက် အဲကွန်း မဖွင့်တော့ epc မသုံးရသလောက်ပါ။
အအေးပေါ့လို့ အဲကွန်းဖွင့်ရပြီဆိုရင်တော့ ညဘက် ဘက္ထရီက နိုင်သလောက်ပေးပြီး အားနည်းလာရင် EPC ကို By pass နဲ့ပေးပါလိမ့်မယ်။ မနက်ကျတော့ နေပူတာနဲ့ အားပြန်သွင်းပြီး သတ်မှတ် volt အားကိုရောက်ရင် EPC ကနေ ဆိုလာ/ဘက္ထရီကို အော်တို ပြန်ပြောင်းမှာပါ။
၄။ အကျိုးကျေးဇူး
– ၂၄ နာရီ မီးမပျက်တော့ပါဘူး။
– မီတာ အစား သိသိသာသာ သက်သာပါတယ်။ခါတိုင်းလ မီတာခ ၇၀၀၀၀/၈၀၀၀၀ ပုံမှန်ကျပါတယ်။ ခု ၁၅၀၀၀/၂၀၀၀၀။
-မီးစက်မမောင်းရတော့ ဒီဇယ်ဖိုး အတော်သက်သာပါတယ်။ အိမ်က 25 kva စက်မို့ ဆီအတော်ထည့်ရပါတယ်။ တစ်ပါတ်ကို ၅ ဂါလံ တစ်ပုံးလောက်ကုန်တယ်။ ခု တစ်ပုံး ၄၅၀၀၀ နီးပါးဆိုတော့ တစ်လ ၁၀၀၀၀၀-၁၅၀၀၀၀ လောက် သက်သာမယ်။
-ခါတိုင်း ဟင်းချက်ရင် gas နဲ့အဓိက ချက်တာ။ gas စျေးက ခုတအားတက်တော့ အတော်ကုန်ပါတယ်။ အခု gas ကို အရံလောက်ပဲသုံးတော့တယ်။ နေပူတုန်း ထမင်းဟင်းချက်ပေါ့ 😀😀
– ဆိုလာက နှစ် ၂၀/၂၅ နှစ်၊ အင်ဗာတာက သူ့ kw ထက် တစ်ဝက်လောက်ပဲ သုံးရင် လေးငါးဆယ်နှစ်ခံပါတယ်။
– Lithium ဘက္ထရီက တော့ လေးငါးနှစ်ကနေ ၇/၈ နှစ်လောက်အထိ မှန်းပါတယ်။
NEC SOLAR