တခါတုန်းက သူဌေးကြီးတစ်ယောက်ဆီမှာ မောင်မြဆိုတဲ့ အလုပ်သမားတစ်ယောက်ရှိတယ်။ တနေ့တော့ သူဌေးကြီးက အလုပ်သမားကိုခေါ်ပြီး ရိုးသားဖို့ဆုံးမတယ်။
အဲ့ဒါကို မောင်မြက သူဌေးကြီးကိုကြိမ်းဝါးတယ်။ ဒီသူဌေး ငါလည်တာ သူသိမလားပေါ့။
နောက်နေ့ကစပြီး သူဌေးကအလုပ်သမားတွေကို မနက်စာပဲပြုတ်ထမင်းကျွေးရာမှာ သူကတမင်သက်သက်ပိုစားပစ်တယ်။
အဲ့လိုနဲ့ ပိုပိုစားလာလိုက်တာ ၃ – ၄ ပန်းကန်စားနိုင်တော့ ဝမ်းသာတယ်။ သူဌေးကြီးတနေ့တော့ ဘေးကဖြတ်သွားရင်းပြောတယ်။
“ငါမကုန်ဘူး၊ မင်းကုန်မှာ” တဲ့။
အဲ့ဒါနဲ့ မောင်မြက အလုပ်သမားတွေဝါးဖို့ ထားတဲ့ကွမ်းကို တနေ့လုံးမပြတ်ဝါးတယ်။ သူဌေးကြီးကသိတယ်ဘာမှမပြောဘူး။
မောင်မြက သူဌေးပိုက်ဆံပိုကုန်မယ့်နည်းလမ်းရှာတယ်။ နေ့လည်နဲ့ ညစာကို ၃ – ၄ ပန်းကန်စားပစ်တယ်။
သူဌေးကို ကျန်အလုပ်သမားတွေကတိုင်ကြတယ်။ သူဌေးက “ငါမကုန်ဘူး။ သူကုန်မှာ” လို့ပြောတော့ ကျန်တဲ့သူတွေက နားမလည်ဘူး။
ဒါတင်အားမရတော့ မောင်မြကဧည့်သည်တည်တဲ့ ဆေးပေါ့လိပ်ကိုယူသောက်တယ်။ သောက်တာမှ တနေ့လုံးတဟွတ်ဟွတ်နဲ့ဖွာတာ။
နောက်ဆုံးအလုပ်သမားတွေသောက်တဲ့ အကြမ်းအိုးထဲမှာတောင် လက်ဖက်ခြောက်ကို တနေ့ထက်တနေ့ ပိုတိုးတိုးပြီးခတ်တယ်။ ကျန်တဲ့သူတွေက သူနဲ့မသောက်နိုင်လို့ သူ့အတွက်အကြမ်းအိုးသပ်သပ်ထားရတယ်။
သူဌေးကြီးက “မောင်မြ … ငါမကုန်ဘူး။ မင်းကုန်မှာလို့ ပြောတယ်။”
မောင်မြက ဒီသူဌေးသူကုန်နေတာတောင်မသိဘူး။ အရူးလို့ ရယ်တယ်။
အဲ့ဒီလိုနဲ့ နှစ်အနည်းငယ်အကြာမှာ အလုပ်ထဲမှာပါအချောင်ခို ကျန်အလုပ်သမားတွေကိုပါပျက်စီးအောင်လုပ်လာတော့ သူဌေးကြီးကမောင်မြကို အလုပ်ထုတ်လိုက်ရတယ်။
အဲ့ဒီမှာ မောင်မြပြဿနာတက်တာပဲ။
၁။ ဒီလိုသူဌေးကောင်းဆီမှာ သူလုပ်ခဲ့တဲ့လုပ်ရပ်သတင်းပြန့်သွားလို့ သူ့ကိုဘယ်သူမှအလုပ်မပေးဘူး။
၂။ မနက် – နေ့လည် – ညစာကို ထမင်း ၃ -၄ ပန်းကန်မှမစားရရင် မတင်းတိမ်ဘူး။ အလုပ်မရှိရတဲ့အထဲ တနေ့လုံးဗိုက်ကဆာနေတော့တာ။
၃။ ကွမ်းနဲ့ဆေးလိပ်ကလည်း အဆက်မပြတ် မဝါးရ၊မသောက်ရရင် မနေနိုင်တော့ဘူး။ ခံတွင်းချဉ်တာ တနေ့လုံးဘယ်လိုမှနေလို့မရဘူး။
၄။ ဆန်မရှိရတဲ့အထဲ ရေပါသောက်လို့အဆင်မပြေဘူး။ လက်ဖက်ခြောက်လက်တစ်ဆုပ်နှစ်ဆုပ်မှမခတ်ရရင် ရေနွေးတောင်သောက်ရတာ အရသာမရှိတော့ဘူး။
၅။ အဆိုးဆုံးက ကွမ်း၊ ဆေးလိပ်နဲ့ ထမင်းကို တနင့်တပိုးနှစ်နဲ့ချီစားထားတော့ ရောဂါဖြစ်တာ။
အဲ့ဒီတော့မှ မောင်မြက ကိုယ့်လုပ်ရပ်ရဲ့အကျိုးဆက်ကို ကိုယ်ပြန်မြင်ပြီး “ငါမကုန်ဘူး။ မင်းကုန်မှာ”ဆိုတာကို သဘောပေါက်သွားတယ်။
ယုံကြည်မှုကိုအလွဲသုံးစားမလုပ်နဲ့။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ရင် တစ်သက်လုံးဆုံးရှုံးရတတ်တယ်။ Credit – Richard Myo Thant
Zawgyi ဖြင့်ဖတ်ပါ
“ငါမကုန်ဘူး၊ မင်းကုန်မွာ” တဲ့။