ၾကားသိရသမွ်

“ပူတင်က “ချာတိတ်၊ အချဉ်ကောင်လေး” လို့ သဘောထားခဲ့တဲ့ ယူကရိန်း သမ္မတ ဇလန်စကီး ရဲ့ အံ့မခန်း စွမ်းဆောင်မှုများ”

Leadership 101 သင်ခန်းစာဝမ်းအိုဝမ်း

ဆိုဗီယက်ကေဂျီဘီဘိုးအေပူတင်က ဇလန်စကီးကို ချာတိတ်အချဉ်ကောင်လေးလို့ သဘောထားခဲ့တယ်။

၂၀၂၁ တနှစ်လုံး ယူကရိန်းပြည်သူတွေကို မျိုးစုံကျပ်ပေးတယ်။ ဘက်စုံကနေခြိမ်းခြောက်တယ်။ နယ်စပ်တစ်လျှောက် တပ်တွေချလိုက်ရုပ်လိုက်နဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တယ်။

ယူကရိန်းစစ်တပ်ကိုလည်း အာဏာသိမ်းဖို့မြှူဆွယ်တယ်။ ညီအကိုတွေဘာတွေနဲ့ ကျပ်ပေးတယ်။ သွေးထိုးပေးတယ်။ ခြိမ်းခြောက်အကျပ်ကိုင်တာလည်းလုပ်တယ်။

ဇလန်စကီးကိုဖြုတ်ချပြီးအစားထိုးဖို့ ၂၀၁၄ တော်လှန်ရေးမှာပြုတ်ကျသွားတဲ့ အရင်အာဏာရှင် Viktor Yanukovych သူ့လက်ထဲမှာအသင့်ရှိတယ်။

ဇလန်စကီးပြုတ်ကျသွားပြီး သူ့ရုပ်သေးအစိုးရတက်လာဖို့၊ စစ်မတိုက်ရပဲအနိုင်ရဖို့ နည်းမျိုးစုံနဲ့ ကေဂျီဘီဉာဏ်နဲ့ ကြိုးစားတယ်။

နောက်ဆုံးငပေါကြီးဖြစ်မှာစိုးလို့ ထပြီးကျူးကျော်စစ်ဆင်နွှဲတယ်။

ယူကရိန်းကိုအဖက်ဖက်ကနေ ရော့ကတ်တွေ၊ တင့်ကားတွေ၊ သင်္ဘောတွေ၊ မစ်တိုက်လေယာဉ်တွေနဲ့ အင်အားသုံးပြီး တိုက်တယ်။

၂ ရက်လောက်နဲ့ ယူကရိန်းမြို့တော်ကီယက်ဗ်ကို သိမ်းနိုင်မယ်။ ယူကရိန်းတွေကြောက်ပြီးလက်နက်ချအညံ့ခံမယ်ထင်ထားခဲ့တယ်။

အင်အားချင်းကဘယ်လိုမှမယှဉ်သာတာကိုး။ ဒီပွဲကယူကရိန်းကျိန်းသေရှုံးရမယ့်ပွဲ။

ဒါပေမဲ့ ရက် ၂၀ သာကျော်လာတယ်။ ယူကရိန်းရဲ့အကြီးဆုံးမြို့ကြီးတွေကို မသိမ်းနိုင်ဘူး။

ရက်ကြာလာတာနဲ့အမျှ ရိက္ခာပြဿနာတက်လာတယ်။ ရိက္ခာပြဿနာတက်လာတာနဲ့ ရုရှားစစ်သားတွေစည်းကမ်းပိုမဲ့လာလေ၊ စိတ်ဓာတ်ပိုပျက်ပြားလာလေပဲ။

ရုရှားဘက်က ဗိုလ်ချုပ်အဆင့်အတန်းတပ်မမှူးတွေ (၄) ယောက်အပါအဝင် ရာထူးကြီး (၁၃) ယောက်ကျထားတယ်။

ပူတင်တရုတ်ဆီကနေ စစ်သုံးရိက္ခာထောက်ပံ့ရေးအကူအညီတောင်းရကြောင်းသတင်းထွက်လာတယ်။

ဆီးရီးယားက ရုရှားတပ်တွေပြန်ခေါ်ဖို့လုပ်ရတယ်။ ဆီးရီးယား ၂၀၀၀၀ လောက်ဗော်လန်တီယာလုပ်မယ် သတင်းထွက်လာတယ်။

ရှင်းရှင်းလေးပါ။ ပူတင်ကဆီးရီးယားကိုကူတုန်းက အလကားကူခဲ့တာမှမဟုတ်တာ။

အခုတော့ ပူတင်က ဆီးရီးယားသမ္မတအာဆတ်ကိုပြောပြီပေါ့။

“ဒီကမ္ဘာကြီးမှာ ဘယ်အရာမှအလကားမရဘူး ရဲဘော်” တဲ့။

ပူတင်ဆီကယူထားသူတွေ အချိန်တန်ရင်ပြန်ပေးရစမြဲပဲ။ ဘယ်အရာမှပူတင်ဆီကအလကားမရဘူး။

ဆိုဗီယက်ခေတ်ကလက်သုံးစကားရှိတယ်။

“In this world, nothing is free comrade. ” တဲ့။

ပူတင်ဟာ စစ်ရေးအရရော၊ နိုင်ငံရေးအရရော၊ စီးပွားရေးအရရောရှုံးနေတယ်။

ယူကရိန်းကိုရခဲ့ရင်တောင် ရေရှည်မှာ ရုရှားဟာအရှုံးကြီးရှုံးသွားပြီ။

ပြဿနာကဒီမှာမပြီးဘူး။ ပူတင်ဟာ ရုရှားစစ်သားတွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုအားလုံးကို သူခေါင်းခံဖို့တာဝန်ရှိတယ်။

သူ့တသက်လုံး ဒီစစ်ရာဇဝတ်မှုအရိပ်မည်းကြီးကလိုက်နေမှာ။ လူဆိုတာကျချိန်ဆိုတာရှိတယ်။

ရာဇဝင်မှာလည်း သူဟာဟစ်တလာနဲ့တတန်းတည်းဖြစ်သွားပြီ။

ဘယ်ဘက်ကတွေးတွေး သူရှုံးတယ်။

အခုနေနိုင်ငံတကာပွဲတွေမှာ ဇလန်စကီးနဲ့သူယှဉ်ပြီးတက်ကြည့် လူတွေဆက်ဆံပုံလုံးဝကွာသွားပြီ။

ယူရိန်းစစ်ပွဲစတာနဲ့ ဇလန်စကီးကို လူထုထောက်ခံမှု အပြတ်အသတ်ထိုးတက်သွားတယ်။

ယူကရိန်းကရုရှားကိုခုခံစစ်ဆင်တာ မှားတယ်မှန်တယ်ဆိုတာ ကျနော်တို့ဘေးကနေပြောလို့မရဘူး။

ယူကရိန်းပြည်သူတွေ သူတို့အကြောင်းသူတို့အသိဆုံး။ ရုရှားရဲ့ခြိမ်းခြောက်မှုအောက်မှာ တသက်လုံးနေလာရတဲ့ဘဝကို သူတို့အသိဆုံး။

ပူတင်ခြိမ်းခြောက်သမျှပေးလို့ ပြီးမယ်ထင်သလား? စစ်အာဏာရှင်တွေဟာ ရလေလိုလေအိုတစ္ဆေတွေချည်းပဲ။

ယူကရိန်းကိစ္စမှာ ကိုယ်တွေက မှားတယ်မှန်တယ်ပြောနေတာက အသုံးမဝင်ဘူး။

ဇလန်စကီးရဲ့လူထုထောက်ခံမှု (၉၁) ရာနှုန်းအထိထိုးတက်သွားတာက အဓိကကျတာ။

သူ့နိုင်ငံသူ့ခေါင်းဆောင်နဲ့ #သူတို့သတ္တိသွေး – သူတို့ရာဇဝင်သူတို့ရေးပုံကအဓိက။

အရေးကြုံမှ #နိုင်ငံတစ်ခုမှာခေါင်းဆောင်တစ်ယောက်ဘယ်လောက်အရေးပါလဲဆိုတာကို သိရတယ်။

ဇလန်စကီးဆိုရင် ကမ္ဘာ့လူငယ်တွေရဲ့ Role Model ဖြစ်နေပြီ။

တိုင်းပြည်အတွက် သေရေးရှင်ရေးအရေးကြီးချိန်မှာ ဖဲမရိုက်ဘူး။ အရက်မသောက်ဘူး။ နှာဘူးမထဘူး။

ရိုးသားပွင့်လင်းခြင်း၊ မနေမနားအလုပ်လုပ်ခြင်း၊ ခေါင်းဆောင်ကောင်းအဖြစ်စံနမူနာနေပြခြင်းတွေပဲ သူ့ဆီမှာရှိတယ်။

စစ်အင်္ကျီတီရှပ်အစိမ်းလေးဝတ်ပြီး နေ့မအိပ်ညမအိပ်အလုပ်လုပ်နေတယ်။

ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံကြီးတွေရဲ့ လွှတ်တော်ကြီးတွေကို ရဲရဲတောက်မိန့်ခွန်းတွေနဲ့ နိုင်ငံ့သမိုင်းကြည့်ပြီး အညှာကိုင်ပြောနေတယ်။

သူ့စစ်သားတွေနဲ့ အတူသွားတယ်။ အတူစားတယ်။

သူ့စစ်တပ်အတွက် နိုင်ငံတကာကဗော်လန်တီယာတွေခေါ်ပြီး အားဖြည့်ပေးခဲ့တယ်။

သူ့စစ်တပ်အတွက် လက်နက်ရအောင်နိုင်ငံစုံက သူတောင်းစားတောင်းသလိုတောင်းတယ်။

နားငြီးနားပူလောက်အောင် မခံသာလောက်အောင်ဆွပေးပြီးတောင်းတယ်။

နိုင်ငံတကာက ရံပုံငွေရအောင်မနေမနားကြိုးစားတယ်။

ငါ့မိန်းမနဲ့ကလေးတွေရော ငါရော ကီယက်ဗ်မြို့တော်မှာရှိတယ်ဆိုပြီး သမ္မတရုံးကနေ လမ်းပေါ်ကနေ Live တွေလွှင့်ပြခဲ့တယ်။

ရုရှားကပြန်ပြေးဆွဲသွားတဲ့ မြို့တော်ဝန်ကို ရအောင်ပြန်ရွေးယူပေးခဲ့တယ်။ ဟိုက #အခုလိုပစ်မထားတဲ့အတွက်ကျေးဇူးတွေတင်ကြောင်းပြောနေတာ။

စစ်ပွဲအတွင်းရူးနေအောင် ဘက်စုံထောင့်စုံကလိုက်စဉ်းစားပေးနေတာ။ သူ့မြို့တော်ဝန်ကို ရန်သူစစ်သားငယ် (၉) ယောက်ပေးပြီး ပြန်ရွေးယူတာ။

ငါ့လူတွေအဖမ်းခံရရင် ငါဘယ်တော့မှပစ်မထားဘူးလို့ ပြောနေတာ။

ဒီလိုစံပြခေါင်းဆောင်မျိုးအောက်မှာ ဘယ်သူမဆို နိုင်ငံအတွက်အသေခံတိုက်ပွဲရဲတယ်။

သင်္ဘောတစ်စင်းမှာ မာလိန်မှူးအရေးကြီးတယ်။ လေယာဉ်တစ်စင်းမှာကပ္ပတိန်အရေးကြီးတယ်။ တိုင်းပြည်တစ်ပြည်အတွက်ခေါင်းဆောင်အရေးကြီးတယ်။

အောင်မြင်မှု၊ ကျရှုံးမှုက သူတို့ရဲ့ဦးဆောင်မှုအရည်အချင်းပေါ်မူတည်တာ။

ခေါင်းဆောင်မကောင်းရင်တလှေလုံးနစ်တတ်တယ်။

#RichardMyoThant

18-March-2022