လွန်ခဲ့တဲ့ (၃) လကျော်လောက်က ကိုယ်သောက်နေကြ လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးက ကိုယ့်ကို လာတိုင်ပင်ဖူးတယ်။
“အစ်ကို…. ကျနော် ဒီဆိုင်မှာ မနေချင်တော့ဘူး.. အလုပ်ထွက်တော့မယ်.. ဒီမှာလုပ်တာ မတိုးတက်ဘူး.. လစာနည်းတယ်..” တဲ့
ကိုယ်ကလဲ ဆေးလိပ်တလိပ်ကို မီးညှိလိုက်ပြီး..

”ရော့.. ညီလေး ဒီစာအုပ်ကို ပြီးအောင်ဖတ်” ဆိုပြီး မင်းသိင်္ခရဲ့ ဝတ္ထုတစ်အုပ်ကို ပေးဖတ်လိုက်တယ်။ နောက်တစ်ရက် ဆိုင်ရောက်တော့…
”အကို ပေးတဲ့စာအုပ်က ကောင်းတယ်ဗျာ..
ကျနော် အားတွေရှိသွားပီ။ မနက်ဖြန် အလုပ်ထွက်တော့မယ်။ ဒါပေမယ့် ဘယ်ကစ လုပ်ရမှန်းမသိဘူး”လို့ပြောလာတယ်။
ကိုယ်က လက်ဖက်ရည်ဆိုင်က ခပ်ညံ့ညံ့ဂျုံသားနဲ့လုပ်ထားတဲ့ သကြားပလာတာကို ကောက်ဝါးလိုက်ရင်း…
“မင်း မနက်ဖြန် ကာကီဘောင်းဘီဝတ်”
“ဗျာ… ကျနော့်မှာ ကာကီဘောင်းဘီ မရှိဘူးဗျ ”
“အေး.. ကာကီဘောင်းဘီ မရှိရင် ဂျေဂျေဘောင်းဘီဝတ်”
“ဟုတ် , … ပြီးတော့ရော”
“လမ်းထိပ်ကနေ တွေ့ရာလိုင်းကား စီး.. ဂိတ်ဆုံးအထိ လိုက် ဂိတ်ဆုံးတာနဲ့ ဆင်းတော့ အဲ့မှာ မင်းဘဝ စပြီကွာ”
စားပွဲထိုးကလေးရဲ့ မျက်နှာမှာ ပီတိတွေဖြာလို့…
” အကို့ စာအုပ်တွေထဲကလို ပညာရှိအဘိုးကြီးတွေ တကယ်ရှိလားဟင်”
ကိုယ်လဲ နှုတ်ခမ်းလေး ကွေးရုံမျှ ပြုံးလိုက်ပြီး…
” မင်း.. သိလာမှာပေါ့ကွာ” လို့ ပြောရင်းနဲ့ သူ့ပုခုံးကိုကိုင် အားပေးပြီး ထွက်လာခဲ့ပါတယ်။ နောက်ရက်က စပြီး အဲ့ဒီ စားပွဲထိုးကောင်လေးကို မတွေ့ရတော့ပါဘူး။ ဘယ်ရောက်သွားမှန်းလဲ မသိဘူး။ ကြာခဲ့ပါပြီ။ ဟိုး.. တလောက သူ့လုပ်ခဲ့တဲ့ လက်ဘက်ရည်ဆိုင်ပိုင်ရှင်နဲ့ တွေ့လို့ မေးကြည့်တော့ သူ ဘုရားကြီးဘက်မှာ တောင်းစားနေတယ် ဆိုလား…ဘာဆိုလား။ ဘာပဲဖြစ်ဖြစ် တိုးတတ်ချင်တဲ့ လူငယ်အတွက် ဝမ်းသာခြင်း ဖြစ်မိပါတယ်။ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ပိုင် အလုပ်အကိုင်လေးနဲ့ အတည်တကျ ဖြစ်သွားလို့ 😍😍 Crd



