ၾကားသိရသမွ်

“အင်းစိန်ထောင်ကို အပို့ခံရပြီးနောက်. . .တစ်ချိန်က တင်ခဲ့တဲ့ Post လေးလို တကယ်ဖြစ်လာတော့မယ့် ဇေကမ္ဘာ ဦးခင်ရွှေတို့ သားအဖရဲ့ အခြေအနေ”

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားသည့် မြန်မာနိုင်ငံ၏ ထိပ်တန်းခရိုနီသူဌေးကြီးတစ်ဦးဖြစ်သူ ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့ကို ယမန်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားပြီး ၎င်းတို့၏ပိုင်ဆိုင်မှုများ ကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

အာဏာသိမ်း စစ်ကောင်စီက ဇေကမ္ဘာ ဦးခင်ရွှေမိသားစုနေအိမ်၊ အင်းယားလိပ်ဟိုတယ်ဝန်းအတွင်းရှိ Sport Bar နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုရှိ နေအိမ်တလုံးတို့ကို ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း၊ ကျန်သည့် လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကိုလည်း ဆက်လက်စိစစ်နေသေးကြောင်း ဇေကမ္ဘာကုမ္ပဏီနှင့် နီးစပ်သူများထံမှ သိရသည်။

“လက်ရှိက ရန်ကုန်က ဦးခင်ရွှေတို့အိမ်နဲ့ မွန်ပြည်နယ်က အိမ်ကို ချိတ်ပိတ်လိုက်ပြီ။ ကျန်တဲ့ ပိုင်ဆိုင်မှုတွေကို ထပ်စစ်နေတယ်။ ဇေကမ္ဘာကုမ္ပဏီရုံးကိုတော့ ချိတ်မပိတ်သေးဘူး။ သူလုပ်ထားတဲ့ ပြတိုက်နားမှာ လုံခြုံရေးတွေအပြည့် ချထားတယ်။”ဟု ဇေကမ္ဘာကုမ္ပဏီမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ မင်္ဂလာဒုံမြို့နယ်က အမှတ် ၃ လမ်းပေါ်ရှိ ဇေကမ္ဘာကုမ္ပဏီဝန်းကိုလည်း စစ်တပ်နှင့် ရဲလုံခြုံရေးများ အပြည့်ချထားသည်ကို တွေ့ရကြောင်း မင်္ဂလာဒုံမြို့ခံတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် အင်းစိန်ထောင်သို့ ပို့ဆောင်လာသဖြင့် ထောင်တွင်း၌ ဖမ်းဆီးထိမ်းသိမ်းထားကြောင်း အင်းစိန်ထောင်မှ ထောင်ဝန်ထမ်းအရာရှိတစ်ဦးက အတည်ပြုပြောဆိုသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော အမှုဖွင့်ကြေးနန်းစာအရ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ပုလဲလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ ၁၃ ဒဿမ ၇၉၄ ဧကနှင့် မြေပေါ်အဆောက်အဦးများကို ဟိုတယ် လုပ်ငန်းများ ဆောင်ရွက်ရန် ဦးခင်ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီကို စစ်ထောက်ချုပ်ရုံးက ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် ငှားရမ်းခဲ့ကြောင်း သိရသည်။

မြေအသုံးချခအဖြစ် မြေ ၁ ဧကလျှင် အမေရိကန်ဒေါ်လာ ၃ သန်းနှုန်းဖြင့် မြေ ၁၃ ဒဿမ ၇၉၄ ဧကအတွက် ၄၁ ဒဿမ ၃၈၂ သန်းနှင့် နှစ်စဉ်ကြေး ကန်ဒေါ်လာ ၁ ဒဿမ ၂ သန်းတို့ကို ဇေကမ္ဘာ ဦးခင်ရွှေက ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ထောက်ချုပ်ရုံးကို ပေးချေရန် သဘောတူညီမှု MOA ရေးထိုးခဲ့ကြောင်း သိရသည်။

ထိုသို့ လက်မှတ်ရေးထိုးထားသော်လည်း ဇေကမ္ဘာကုမ္ပဏီက စစ်ထောက်ချုပ်ရုံးကို စုစုပေါင်း ကန်ဒေါ်လာ ၁၆ ဒဿမ ၈၈၂၈ သန်းကိုသာ ပေးချေပြီး တွေ့ဆုံဆွေးနွေးခြင်း၊ ၈ ကြိမ်တိုင် စာဖြင့် အကြောင်းကြားသော်လည်း ငွေပေးသွင်းမှု မရှိကြောင်း၊ ယင်းကိစ္စအား စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အကြာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ငှားရမ်းမြေပေါ်ရှိ ရှေးဟောင်း သမိုင်းဝင် အဆောက်အဦး မြို့တော်ဝန်အိမ်ဟောင်း၊ မြို့တော်ဝန် ဧည့်ဂေဟာအပါအဝင် ရှေးဟောင်း အဆောက်အဦး ၄ လုံးကို ခွင့်ပြုချက်မရှိဘဲ ဖြိုဖျက်သည်ဟုဆိုကာ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့ကို စစ်တပ်က အမှုဖွင့်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းနှင့် ခမည်းခမက်တော်စပ်ပြီး ထိပ်တန်းခရိုနီသူဌေးကြီးတစ်ဦး ဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့ကို မတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့မရဲစခန်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုဗိုလ်မှူးကြီး အောင်ကျော်စိုးက တရားလိုပြုလုပ်ကာ ရှေးဟောင်းအဆောက်အဦများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နအဖစစ်အစိုးရလက်ထက်တွင် တဟုန်ထိုး ချမ်းသာကြွယ်ဝလာသူ ဇေကမ္ဘာ ဦးခင်ရွှေသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အစောပိုင်းအထိ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး သာသနာ့နုဂ္ဂဟအသင်းကို တည်ထောင်သူဖြစ်ပြီး နအဖစစ်အစိုးရပေးအပ်သော ဝဏ္ဏကျော်ထင်ဘွဲ့ရရှိထားသူ နာမည်ကျော် ထိပ်တန်းခရိုနီတစ်ဦးဖြစ်သည်။ သားဖြစ်သူ ဦးဇေသီဟမှာလည်း WLC အားကစားကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်၏ခင်ပွန်းဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

ထက်ခေါင်လင်း/ ဧရာဝတီတိုင်းမ်