တလောက သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ အရေးတော်ပုံအစမှာ ပါဝင်ခဲ့ပြီး အဆုံးထိ မပါဝင်နိုင်ဘဲ Normal Life ထဲမှာ နေသားကျသွားသူတစ်ယောက် ဆိုပါတော့။
ကိုယ်တွေလည်း အရင်တုန်းက ဖြတ်သန်းခဲ့ဖူးတဲ့ Bar သွား KTV သွား သောက်ကြစားကြ ပျော်ကြပါးကြ ပုံရိပ်တွေလည်း အမြဲမြင်ရပါတယ်။ အရင်ကလို အသဲလေးပေး၊ ကောမန့်ရေးချင်ပေမယ့် သူတို့လန့်မှာစိုးလို့ ကြည့်ရုံပဲ ကြည့်ဖြစ်တယ်။
စကားပြောတယ်ဆိုတာကလည်း ဒီအတိုင်း နေကောင်းလား၊ သတိရတယ်ဆိုတာလောက်ပါပဲ။ ဒီကာလမှာ ကိုယ်ဟာ မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ့်ဘက်က စစကားမပြောမိအောင် နေပေးခဲ့တယ်။ သူတို့စိတ်ထဲမှာ ကိုယ့်ကြောင့် ထိပ်လန့်မနေစေချင်။
ပျော်ရွှင်နေကြတာမြင်တော့ ဝမ်းသာတယ်လို့ ပြောလိုက်တာ သူကရွဲ့ပြောတယ် ထင်သွားလားပဲ။ အတင်းငြင်းတယ်။ မပျော်ပါဘူး၊ အခုကာလမှာ အခက်အခဲတွေကြားမှာ ရှင်သန်အောင်နေနေရတယ်ဆိုတာပေါ့။
ကိုယ်ပြောတဲ့ ဝမ်းသာတယ်ဆိုတဲ့စကားဟာ စိတ်ရင်းနဲ့ပါပဲ။ အခုအချိန်မှာ ကိုယ်မပျော်နိုင်ပေမယ့် ကိုယ်ချစ်ရသူတွေ ပျော်ရတာလည်း ဝမ်းသာစရာကိစ္စပဲ မဟုတ်လား။ ကိုယ်ချစ်ခင်ရသူတွေ ဒုက္ခတွေ့နေရင် ကိုယ့်မှာ ပူပန်ရဦးမယ်။ ပျော်ရွှင်နေတာ မြင်ရင် ဝမ်းသာတယ်။ ပျော်စေချင်တယ်။ တကယ်ကို ပျော်နေကြစေချင်တယ်။
ခရီးတွေ ထွက်နေတဲ့သူငယ်ချင်းကို အားကျလိုက်တာလို့ပြောတော့ သူက ရွဲ့တယ်ထင်ပြန်တယ်။ ဘယ်လို မပျော်ရွှင်ကြောင်း၊ ဘယ်လိုစိတ်ဒုက္ခရောက်ကြောင်း ပြောပြန်တယ်။ တကယ်ကို အားကျရုံသက်သက်ပါပဲ။ ငါမပျော်ရရင် မပျော်စေချင်ဘူးဆိုတာလည်း အဓိပ္ပါယ်မှ မရှိတာ။
ကိုယ့်အနေနဲ့ ကိုယ်ပြောတဲ့စကားတွေကို အခုအခံတစ်ခုနဲ့ သွယ်ဝိုက်မြင်နေတာ သဘောမကျဘူး။ ကိုယ့်သူငယ်ချင်းဆို ကိုယ်ပြောတဲ့စကားကို စိတ်ချယုံကြည်စေချင်တယ်။ ကိုယ့်ဘဝမှာ ပျော်ရွှင်စရာတွေဟာ ထိုင်ငေးနေရရုံပဲလို့ ခံယူထားပြီးပြီ။
ကိုယ် ဒီမှာ ပျော်အောင် နေလို့ရပါတယ်။ မနေချင်တာ။ ဒါဟာ ကိုယ်ယူထားမိတဲ့ ကိုယ်ပိုင်ဒုက္ခပါပဲ။ ဒီလိုရေးလို့လည်း ဒီနိုင်ငံအတွက် အရမ်းပေးဆပ်ချစ်နေတယ် မထင်ပါနဲ့။ ကိုယ့်စိတ်ထဲမှာ အမုန်းတရားတွေကလွဲရင် ဘာချစ်ခြင်းမေတ္တာမှ ခံစားလို့ မရတော့တာ။ ဒီကမ္ဘာကြီးကိုလည်း မချစ်ဘူး၊ ဒီဘဝကြီးကိုလည်း မချစ်ဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း မချစ်ဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် မချစ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ပျော်အောင် မထားချင်တော့တာ။ ဒီလောက်ပဲ။
ကိုယ့်ဘဝမှာ ရည်ရွယ်ချက်တွေ Road Map တွေ စောက်ကြီးစောက်ကျယ်တွေ မရှိခဲ့သလောက်ပဲ။ ရလာတဲ့ဘဝမှာ ပျော်သလိုနေခဲ့တယ်။ ဒါပေမယ့် လက်ရှိဒီဘဝလောက် လမ်းဆက်လျှောက်လို့ မရတာ မရှိဘူး။ ဒါ့ကြောင့် လက်ရှိအသက်ရှိနေရုံကလွဲရင် ရှေ့ရေးအတွက် ဘာကိုမှ မတွေးဖြစ်တော့တာ။ လက်ရှိမှာ ဘာစိတ်နဲ့ အသက်ရှင်နေလဲဆိုတော့ MaALoe တွေကို အမြစ်ဖြတ်ဖို့ပဲ။ ဒါသည် လက်ရှိအသက်ရှင်နေရခြင်းရဲ့ အကြောင်းရင်းပဲ။ အရှုံးပေးပြီး သေမသွားချင်ဘူး။ ဒါ့ကြောင့် ဆက်ရှင်တယ်။
ဒါကြီးပြီးသွားရင် ဒီနှစ်အပိုင်းအခြားတွေဟာ ဘဝမှာ တကယ်မရှိခဲ့ဖူးသလို မေ့ပစ်ချင်တယ်။ ဒါပေမယ့် ဒါကြီးပြီးလည်း ကိုယ်ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်မရနိုင်တော့ဘူး။ ဘယ်အရာက ကိုယ့်ကို ပြန်လည်ပျော်ရွှင်စေမလဲ မသေချာတော့ဘူး။
ဒီအရေးတော်ပုံကာလမှာ ဘဝပျက်သွားသူတွေ အများကြီးပဲ။ စိတ်ဓါတ်ကျကြတယ်။ ပြီးရင် ပြန်တည်ဆောက်ကြတယ်။ အချို့ဆို ပြန်တည်ဆောက်နိုင်နေကြပြီ။ ကိုယ့်မှာ သူတို့ကိုလည်း အားကျရတယ်။ ကိုယ့်ကတော့ အာဏာသိမ်းတဲ့နေ့ကစပြီး ဒီနေ့ထိ စိတ်ဓါတ်လုံးလုံးကျသွားတာ မရှိသေးဘူး။ ပြန်စဖို့လည်း မတတ်နိုင်သေးဘူး။ ကိုယ့်စိတ်က ထမ်းထားတဲ့ ဝန်ထုပ်တွေဟာ ကိုယ့်ကို ဘယ်မှ မရောက်စေနိုင်တော့ဘူး။
ပျော်ရွှင်နေတာတွေ မြင်ရင် အစပိုင်းမှာ မနာလိုဖြစ်မိသလိုတော့ ရှိခဲ့တယ်ဆိုတာ ဝန်ခံရမှာပဲ။ ဒါပေမယ့် တဆင့်ချင်းနားလည်လာတာက ဒါတွေကို လက်ခံနိုင်မှ ရှေ့ဆက်လို့ရမယ်ဆိုတာပဲ။ အခုဆိုရင် တကယ်ကိုပဲ ပျော်ပျော်ရွှင်ရွှင် ဝင်ကြည်နူးလာနိုင်ခဲ့ပြီ။
လိပ်ပြာမလုံသလို မပျော်ပါဘူး မငြင်းဆိုပါနဲ့။ ပျော်လို့ရပါတယ်။ ပျော်စေချင်ပါတယ်။ ပျော်နေကြစေချင်ပါတယ်။ အဓမ္မဘက်က မရပ်မချင်း ကိုယ်တွေရဲ့ ချစ်ခြင်းတရားဟောင်းတွေဟာ ပျက်သုဉ်းသွားစရာ မရှိပါဘူး။ မတရားမှုကို တရားတယ် မြင်မသွားသရွေ့ ကိုယ်တွေဟာ သူငယ်ချင်းဆက်ဖြစ်လို့ ရပါတယ်။
ပျော်နိုင်သူတွေ ပျော်ကြစေချင်သလို မပျော်နိုင်ရှာသူတွေလည်း ပျော်လာနိုင်ဖို့ လိုအပ်နေတယ် မဟုတ်လား။ ပျော်နိုင်သူမို့ ပျော်တယ်ဆိုတာမျိုးထက် မပျော်နိုင်သူတွေ ပျော်ဖို့ နိုင်သမျှလေး ကူမယ်ဆိုရင် အားလုံးပျော်နိုင်ကြမှာမလား။
အမုန်းတရားတွေနဲ့ အသက်ရှင်နေရပေမယ့် ရှိဖူးခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကိုတော့ ဆက်ဆုပ်ကိုင်ထားဖြစ်ဦးမှာ။
အားပေးစကားတွေ မပြောပါနဲ့။ အားငယ်မနေပါဘူး။ ဒီကောင်တွေ ဇာတ်မသိမ်းသေးသရွေ့ ကိုယ်ဘာမှဖြစ်သွားမှာ မဟုတ်ဘူး။
ရန်သူက သေစေချင်တဲ့အခါ ရှင်အောင်နေရမယ်။ ရှင်ပြနေရမယ်။
ဖတ်ဖူးတဲ့ ကဗျာလေးထဲကလို
“ငါတို့ဟာ သရဲတွေ၊ ငါတို့သာ သေပြီးသား” 🙂
credit; ပန်ဆယ်လို