ၾကားသိရသမွ်

လျှပ်စစ်ရထားး လျှပ်စစ်ကားဆိုပြီး ပါးစပ်က မချသော်လည်း ဆီနဲ့မောင်းရတဲ့ မော်တော်ယာဉ်လိုင်းတွေတောင် ရပ်နားရတော့မယ် …

လျှပ်စစ်ရထားး လျှပ်စစ်ကားဆိုပြီး ပါးစပ်က မချသော်လည်း ဆီနဲ့မောင်းရတဲ့ မော်တော်ယာဉ်လိုင်းတွေတောင် ရပ်နားရတော့မယ် …

ဆီဈေးကြောင့် ရန်ကုန် – ပဲခူး ယာဉ်လိုင်းပြေးဆွဲမှု ယာယီရပ်နားမည်

ပြီးခဲ့သည့် ၅ လ လောက်က စပြီး ပြေးဆွဲလျှက်ရှိသည့် ရန်ကုန် – ပဲခူး ယာဉ်လိုင်း Yangon – Bago Smart City Bus Line By Daewoo Bus အား လာမည့် ဇွန်လ ၁၀ ရက်က စပြီး ခေတ္တ ရပ်နားမည်ဟု အဆိုပါ ယာဉ်လိုင်းက ယနေ့တွင် အသိပေးသည်။

ဆီစျေး တက်လာသည့်အတွက် ကားတစ်စီးလျှင် ကျပ်တစ်သိန်းခန့် အရူံး ပေါ်နေသဖြင့် ရေရှည် ဆက်မတောင့်ခံနိိုင်၍ ရပ်နားရခြင်း ဖြစ်သည်ဟု ယင်းယာဥ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“တတ်နိုင်သလောက် အထိတော့ တောင့်ခံသေးတယ်။ အခုက ဘယ်လိုမှ အဆင်မပြေတော့တာ။ ဆီထည့်မယ် ဆိုရင်တောင် ကိုယ်တွေထည့်မယ့် ဆီက ကုန်နေလို့ ဆိုတာမျိုးတွေပါ ကြုံရတယ်” ဟု ၎င်းက လူငယ့်ခေတ်ကို ပြောသည်။

အဆိုပါယာဥ်လိုင်းမှာ တစ်ရက်လျှင် ကား ၅ စီးနှုန်းဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလယ် ပိုင်းက စတင် ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

“ (၅) လလုံးမှာ ပြည်သူများ အဆင်ပြေစေရေးအတွက် အရှုံးခံ ပြေးဆွဲခဲ့သော်လည်း ယခုအခါမှာ စက်သုံးဆီစျေး ထပ်မံ မြင့်တက်လာမှုကြောင့်ယာဉ်လိုင်းပြေးဆွဲမှု ခေတ္တ ရပ်နားပါမည် ” ဟု ယာဉ်လိုင်းက လူမှုကွန်ရက် စာမျက်နှာထက်မှနေ၍ အသိပေးထားသည်ကို တွေ့ရသည်။

ဇွန်လ ၉ ရက်နေ့ အထိ ယခင် ယာဉ်ထွက်ချိန်အတိုင်း ပြေးဆွဲပေးမည်ဟုလည်း သိရသည်။

ရန်ကုန် – ပဲခူး(ကလိ) အထိ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် အဆိုပါယာဉ်လိုင်းက ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

ရန်ကုန်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက “ ပေချ့်မှာ ကြေညာထားတဲ့ အတိုင်းပါပဲ။ မရပ်ဖို့တော့ ကြိုးစားနေပါတယ်။ ပြန်ထွက်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။။

အဓိကကတော့ ဆီဈေးရယ်။ စီးနင်းတဲ့သူ နည်းလို့ပါ။ ဆီက အသွားအပြန် တစ်ကြောင်းကို ၁ သိန်းခွဲ အထိ ထည့်ရတယ်။စီးတဲ့သူက ၁၅ ယောက်၊၂၀ လောက်ပဲ ဆိုတော့ ရှုံးတာပေါ့” ဟု ပြောသည်။

ထိုသို့ စတင် ပြေးဆွဲစဥ်က ယင်းကားများတွင် ထည့်ရသည့် ပရီမီယံဒီဇယ်မှာ တစ်လီတာ ကျပ် ၁၃၀၀ ခန့် ရှိပြီး လက်ရှိတွင်း ယင်းကာလကထက် နှစ်ဆခန့် မြင့်တက်နေသည်ဟု ၎င်းက ဆိုသည်။

လက်ရှိ ကားတစ်စီးလျှင် စက်သုံးဆီ ကျပ် တစ်သိန်းခွဲဖိုးခန့် ထည့်ရပြီး ယာဥ်မောင်းစရိတ်၊ ဝန်ထမ်းစရိတ်အပါ ယာဥ်တစ်စီးကုန်ကျစရိတ်မှာ ကျပ်နှစ်သိန်းခန့်ရှိကြောင်း သိရသည်။

သို့သော် ယာဥ်တစ်စီး တစ်ရက် ရရှိသည့် ယာဥ်စီးခမှာ ကျပ်တစ်သိန်း ဝန်းကျင်သာရှိ၍ အရှုံးပေါ်မှု နေ့စဥ် ရှိနေသည်ဟုအထက်ပါ ယာဥ်လိုင်း တာဝန်ရှိသူကဆိုသည်။

ထိုသို့ စက်သုံးဆီစျေး မြင့်တက်လာခြင်းကြောင့် ရန်ကုန်မှ ပဲခူးသို့ ပြေးဆွဲနေသည့် ဒီဇယ်ဆီသုံး မီနီဘတ်စ်ယာဥ် အချို့လည်း ပြေးဆွဲမှု ရပ်နားခြင်းများ ရှိလာကြောင်း ယင်းယာဥ်လိုင်းများထံမှ သိရသည်။

“အဲဒီလိုင်းက စီးရတာ အဆင်ပြေလို့ အဲကွန်းကားကြီးကို အမြဲ စောင့်စီးဖြစ်တယ်။ မီနီဘတ်စ်တွေက မောင်းတာလည်း ကြမ်းတယ်။ ယာဥ်စီးခလည်း တောင်းချင်သလို တောင်းတယ်။ ကားကြီးက မဆွဲတော့ဘူးဆိုရင် မီနီဘတ်စ်ကားတွေ ကားခတောင် ပိုတောင်းလာမယ် ထင်တယ်။

ခရီးသည်တွေ အခက်အခဲ ဖြစ်သွားမှာ သေချာတယ်” ဟု ပဲခူးမြို့တွင် တာဝန် ကျ​နေသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ အဲကွန်း ဘတ်စ်ကားမှာ ခရီးစဥ်အပိုင်းလိုက် ကျပ် ၁၀၀၀နှင့် ခရီးစဥ် အစ၊ အဆုံး ကျပ် ၃၀၀၀ သတ်မှတ်ထားကာ မီနီဘတ်စ်ကား အများစုမှာ ကျပ် ၅၀၀၀ အထိ တောင်းယူမှုများ ရှိနေကြောင်း သိရသည်။

Credit … Lungekhit