သူယုတ်မာသလို _ပြန်မယုတ်မာပါနဲ့
ဖတ်ကြည့်နော် …
ရပ်ကွက်တစ်ခုမှာပေါ့ …အိမ်နှစ်အိမ်ဘေးချင်းကပ် နေထိုင်ကြတဲ့လူနှစ်ယောက်ရှိပါတယ် ။
တစ်အိမ်မှာအဘွားအိုတစ်ယောက်တည်းနေထိုင်သလို ..
နောက်တစ်အိမ်မှာ က သက်လတ်ပိုင်းအရွယ်လူငယ်တစ်ယောက် နေထိုင်သတဲ့ …
လူရွယ်က နောက်ရင်းပြောင်ရင်းအဘွားအိုကို တွေ့တိုင်း ပြောတယ်။
အဘွား …အသက်ကလည်း ကြီးပြီအဘွားအိမ်လေး ရောင်းချင်ရင်ပြောနော် …
မရောင်းပါဘူးကွယ် …အဘွားသေရင်အဘွားမြေးတွေ ရှိပါတယ်။
ဘေးအိမ်မှာနေတဲ့ လူငယ်ကအဲဒါကို မကျေနပ်တာ။သူက တစ်အိမ်တည်း ၊တစ်ဆက်တည်း လိုချင်နေတာ။
အခု အဘွားအိုက မရောင်းဘူးဆိုတော့အမုန်းတွေပွားပြီးအမြဲပြဿနာ ရှာသတဲ့ …
အဘွား မနေနိုင်အောင်ငရုတ်သီးတွေ လှော်တယ်။
အဘွားကစောင်ခြုံပြီးနေတယ်။
အဘွား မအိပ်နိုင်အောင်ကာရာအိုကေတွေ ဆိုတယ်။
အဘွားကတရားမှတ်နေတယ်။
အဘွားကိုစောင်းမြောင်းဆဲတယ်။
အဘွားကမကြားသလို ပြုံးနေတယ်။
မုန်းနေသူတစ်ယောက်ဟာပြုံးပြတဲ့ဒဏ်ကို မခံနိုင်ပါဘူး။
သူမျှော်လင့်ထားတာကအမုန်းတရားကိုအမုန်းနဲ့ တုံ့ပြန်လိုက်ရင်ရန်ပွဲတွေ ဆင်နိုင်ပြီပေါ့။
ဒါပေမယ့် …မမုန်းတတ်တဲ့နှလုံးသား ကိုမပြုံးအောင် တားဖို့ဆိုတာကလည်းမဖြစ်နိုင်ဘူးပဲ။
ဘယ်လောက်တောင်အမုန်းစိတ်တွေ ပြင်းထန်လာသလဲဆိုရင်
တစ်နေ့တော့…သူ့အိမ်က အမှိုက်ပုံးကိုအဘွားအို အိမ်ထဲမှာသွားချထားတဲ့အထိ လွန်ကျူးမိတယ်။
စိတ်ထဲမှာ …
ဒီအဘွားကြီး ဘုရားမရှိခိုးနိုင်တော့ဘူးလို့တွက်ဆပြီး ပျော်နေတယ်။
ဒါပေမယ့် …နံနက်မိုးလင်းလို့ အိမ်ပြင်ကိုထွက်လိုက်တဲ့ အခါအမှိုက်ပုံးကို တွေ့လိုက်တဲ့ အဘွားကြီးကဘာလုပ်တယ်ထင်လဲ .. ??
အမှိုက်တွေကို ထုတ် ၊မြေမြှုပ်သင့်တာ မြှုပ်မီးရှို့သင့်တာကို ရှို့ လိုက်တယ်။
ပြီးတော့အမှိုက်ပုံးကို ရေ နဲ့ပြောင်အောင်ပွတ်တိုက်ဆေးကြောလိုက်တယ်။
“ဒေါက် … ဒေါက်”
“ဘယ်သူလဲ” ?
“အဘွားပါကွယ်”
သူကစိတ်ဆိုးမာန်ဆိုးနဲ့ တံခါးဖွင့်ပေးလိုက်တယ်။
သားရေ…သားအမှိုက်ပုံးက ခွေးဆွဲလာပုံရတယ်။အဘွားအိမ်ဘက်ကို ရောက်လာတယ်။သားက အလုပ် အရမ်းများတာပဲ။
အမှိုက်မပစ်နိုင်ဘူးထင်တယ် … အဘွား အမှိုက်တွေ ပစ်လိုက်ပြီ သိလား။အမှိုက်ပုံးလည်း ဆေးပေးထားတယ်။
နောက်တစ်ခါအမှိုက်မပစ်အားလို့ရှိရင်အဘွားခြံရှေ့မှာ လာချထား။အဘွားပစ်ပေးမယ်။
အဘွားက လှည့်ထွက်မယ်လုပ်ပြီးမှ
သားရေ…ဓမ္မဒါနပါ။စာအုပ်လေးတစ်အုပ် လှူခဲ့ပါရစေ။
အဘွားက သူ့ကို စာအုပ်လေးတစ်အုပ်လက်ဆောင်ပေးသွားတယ်။
(ဤလောက၌အချို့သော ပုဂ္ဂိုလ်တို့သည်အမျက်ထွက်တတ်၏။ပြင်းစွာ ပင်ပန်းခြင်းများ၏။
အနည်းငယ်ပြောဆိုရုံမျှဖြစ်သော်လည်းကပ်ငြိတတ်၏။အမျက်ထွက်တတ်၏။စိတ်နာတတ်၏။ခက်ထန် တတ်၏။
အမျက်ထွက်ခြင်းကိုလည်းကောင်း၊ပြစ်မှားခြင်းကိုလည်းကောင်း၊မနှစ်သက်ခြင်းကိုလည်းကောင်းထင်စွာပြုတတ်၏။
ဤသို့သဘောရှိသော ပုဂ္ဂိုလ်တို့ကိုလျစ်လျူရှုထိုက်၏။
မမှီဝဲထိုက်၊မဆည်းကပ်ထိုက်၊မချဉ်းကပ်ထိုက်။
မှီဝဲထိုက်၊ ဆည်းကပ်ထိုက်၊ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း
သီလရှိသောပုဂ္ဂိုလ်
ကောင်းသောသဘောရှိသောပုဂ္ဂိုလ်တို့ကိုမှီဝဲဆည်းကပ်သင့်သည်။
ထိုမှီဝဲသောသူ၏ ကျော်စောသတင်းသည်ပျံ့နှံ့၍ထွက်၏)
(အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ပုဂ္ဂလဝဂ်၊ ဇိဂုစ္ဆိတဗ္ဗသုတ်)
သူဟာ အဘွားအိုပေးသွားတဲ့စာအုပ်လေးထဲကစာတစ်ပိုဒ်ကို ဖတ်လိုက်တယ်။
စာဖတ်တတ်တာပဲသူ နားလည်တာပေါ့။
အဘွားကသူယုတ်မာသလိုပြန်ပြီး မယုတ်မာတတ်ဘူးဆိုတာပြောင်စင်နေအောင် ဆေးပေးထားတဲ့အမှိုက်ပုံးလေးကိုကြည့်ရင်သိသာပါတယ်။
ဒါကြောင့်…သူဟာ သူလုပ်ခဲ့တဲ့ အပြုအမူအတွက်ရှက်နေမိပါတော့တယ် ။ ။
( Credit )
𝑼𝑪_ဦးစည်