“သမီးကျသွားတော့ အမေဆက်တိုက်မယ်”၊ စစ်ကိုင်းက ၁၃ နှစ်သမီး၏မိခင်
စစ်ကိုင်းက ၁၃ နှစ်သမီး၏မိခင်
မိသားစုလိုက် PDF စစ်သင်တန်းတက်ခဲ့သော၊ သေနတ်အစစ်ကိုင်ပြီး ရှေ့တန်းထွက်လိုသော
၁၃ နှစ်သမီးကို ပေးထားသည့် ကတိအတိုင်း မိခင်ဖြစ်သူက တော်လှန်ရေးတွင် ဆက်လက် ပါဝင်နေသည်။
“ကျွန်မ မလျှော့ပါဘူး။ သမီးကို ကတိပေးထားသလို တတ်နိုင်သလောက် ဆက်လုပ်သွားမှာပါ”ဆိုသော အသံတွင် နာကြည်းမှုပါသည်။ အာဏာသိမ်းစစ်တပ်က အပြင်းထန်ဆုံး ဖိနှိပ်နေသည့်

မြန်မာနိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ ဝက်လက်မြို့နယ်မှ အမျိုးသမီးတစ်ဦး ပြောလိုက်ခြင်းပင်။
ရင်နှစ်သည်းချာ သမီးငယ်ကို ဆုံးရှုံးလိုက်ရသည့် ရင်ကွဲပက်လက်အဖြစ်ကို လွယ်လွယ်ကူကူ မေ့ဖျောက်နိုင်မည် မဟုတ်ပေ။
“ဘယ်တော့မှလည်း မေ့မှာမဟုတ်ဘူး။ ကမ္ဘာလည်းမကျေဘူး၊ ဥဒါန်းလည်း မကျေဘူး” ဟု ထိုအမျိုးသမီးက ထပ်ဆင့်တိုင်တည်သည်။
ဒေါ်အေးနွယ်* ဆိုသော ထိုအမျိုးသမီးမှာ အသက် ၄၁ နှစ် အရွယ်သာ ရှိသေးသည်။ ၁၂ နှစ်
အရွယ် သားတစ်ဦးနှင့် ၁၃ နှစ်အရွယ် သမီးတစ်ဦးရှိသည်။ အမျိုးသားဖြစ်သူနှင့် လွန်ခဲ့သောခြောက်နှစ်က ကွဲကွာခဲ့သည်။
လင်သားမရှိသဖြင့် အရွယ်မရောက်သေးသည့် သားနှင့် သမီးငယ်ကို ဒေါ်အေးနွယ်တစ်ဦးတည်း
ရှာဖွေ ကျွေးမွေးရသည်။ လယ်ပိုင်ယာပိုင် မရှိသူဖြစ်ရာ ဒေါ်အေးနွယ်တစ်ယောက် ကောက်စိုက်၊
ပေါင်းသင်၊ ပဲဆွတ် ကြုံရာကျပန်း အလုပ်မျိုးစုံလုပ်သည်။ မချမ်းသာသော်လည်း သားအမိသုံးဦးသား အဆင်ပြေပြေနေထိုင်နိုင်သည်။
ဒေါ်အေးနွယ်တို့ရွာလေးမှာ သာယာအေးချမ်းသည်ဟု ဆိုနိုင်သည်။ ဧရာဝတီမြစ်ကမ်းနဖူးကို
မေးတင်ထားသည်။ ရွာပတ်လည်တွင် စိမ်းစိုစို စိုက်ခင်းများ အခါရာသီအလိုက်ရှိသည်။ ရွာအတွင်း
အိမ်တိုင်းနီးပါး၌ မန်ကျည်းပင်နှင့် သရက်ပင်များ နေရာယူထားသည်။ စိုက်ပျိုးရေးထွန်းကားရာ
ရွှေဘိုလွင်ပြင်မှ ရွာလေးတစ်ရွာဖြစ်သည်နှင့်အညီ စားဝတ်နေရေးချောင်လည်သူများသည်။
အိမ်ထောင်ကွဲဖြစ်သော်လည်း ချစ်စရာ သားငယ်သမီးငယ်တို့နှင့် ဒေါ်အေးနွယ်ဘဝ သာတောင့်သာယာရှိသည်။ အရွယ်ရောက်စပြုလာသော သားသမီးရတနာလေးနှစ်ဦးနှင့် ဘဝကို ကျေနပ်ပြီးဖြစ်သည်။

သို့သော် လွန်ခဲ့သော တစ်နှစ်ကျော်အထိသာဖြစ်သည်။ စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူလိုက်ချိန်တွင်
အခြေအနေအားလုံး ကပြောင်းကပြန်ဖြစ်သည်။ ခေတ်ကာလဆိုးကြီးကို ဒေါ်အေးနွယ်တို့ သားအမိသုံးဦးသား မဖြစ်မနေ ဖြတ်သန်းရတော့သည်။
အာဏာသိမ်းစစ်တပ်က နိုင်ငံအနှံ့ရှိ ခုခံတော်လှန်သူများကို လိုက်လံနှိမ်နင်းရင်း ကျေးရွာများကို
မီးရှို့သည်။ ရွာသူရွာသားများကို ဖမ်းဆီးသတ်ဖြတ်သည်။ စစ်ကိုင်းတိုင်းတွင် အဆိုးဆုံးဖြစ်သည်။
အကြိမ်ကြိမ်ချေမှုန်းခံရသော ဝက်လက်နယ်
ခုခံတော်လှန်မှု ပြင်းထန်သော စစ်ကိုင်းတိုင်းကို စစ်တပ်က အငြိုးကြီးသည်။ ယနေ့အချိန်ထိ
လပေါင်းများ စွာ နှိမ်နင်းသည်။ ရွှေဘိုနယ်ရှိ ဝက်လက်မှာ အဆုံးရွားဆုံး နှိမ်နင်းခံရသည် မြို့နယ်တစ်ခုဖြစ်သည်။
နိုင်ငံအနှံ့တွင် ပေါ်ပေါက်ခဲ့သော အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများနည်းတူ ဝက်လက်ဒေသခံများလည်း
အပြင်းအထန် ဆန္ဒပြသည်။ စစ်တပ်ကလည်း ပစ်သတ်သည်အထိ ဖြိုခွင်းခဲ့သည်။ ထို့နောက်တွင်
စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင် ခုခံတော်လှန်မှုများ ပေါ်ပေါက်လာသည်။
ဝက်လက်နယ်တွင်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF)၊ ပြောက်ကျားအဖွဲ့များ
ပေါ်ထွက်လာသည်။ စစ်ကောင်စီစစ်ကြောင်းများကို လက်လုပ်မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်သည်။
စစ်တပ်ကလည်း အင်အားအလုံးအရင်းဖြင့် နှိမ်နင်းသည်။ လေကြောင်းဖြင့်ပါ တိုက်သည်။
ဧရာဝတီမြစ် နှင့် မူးမြစ်ကြားရှိ ဝက်လက်မြို့နယ်ကို စစ်တပ်က ရေကြောင်းဖြင့်ပါ စစ်ကြောင်းထိုးသည်။
စစ်ကောင်စီက အကြိမ်ကြိမ်စစ်ကြောင်းထိုးရင်း ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများလည်း
ဖြစ်ပွားသည်။ အရေအတွက် အတိအကျ မသိရသော်လည်း ဒေသခံနှင့် PDF အဖွဲ့ဝင် အများအပြား သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက တိုက်ပွဲတွင် ဝက်လက်မြို့နယ် ကာကွယ်ရေးအဖွဲ့ဝင် ၉ ဦးနှင့် အရပ်သား
နှစ်ဦး သေဆုံးခဲ့သည်။ ဆယ်ဂဏန်းအထက် ကျဆုံးသည့် တိုက်ပွဲများရှိသည်ဟုလည်း သိရသည်။
စစ်တပ်က စစ်ကြောင်းထိုးရင်း ရွာများကို မီးရှို့ဖျက်ဆီးသည်။ ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီ
လက်ချက်ဖြင့် မီးလောင်ပြာကျရသည့် နေအိမ်ပေါင်း ၁၄၄၈ လုံးရှိကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၏ စာရင်းများအရ သိရသည်။
စစ်ကောင်စီ၏ ဖိနှိပ်မှုများက ဒေသလူထုကို ပို၍ဒေါကထွက်စေ၊ နာကျည်းစေသည်။ လက်နက်ကိုင်
ခုခံ တော်လှန်ရေးလမ်းကြောင်းကို မလွှဲမရှောင်သာ ရွေးချယ်ကြတော့သည်။
“စစ်သင်တန်း စစ်သင်တန်း”
ရွာကိုမီးရှို့သည်၊ ဖမ်းမိသောသူကိုသတ်သည်ဆိုသော အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်ကို ဒေသခံ
တောသူတောင်သားများ နာကျည်းသည်။ ရရာလက်နက်ဖြင့် ခုခံတော်လှန်ရန် စိတ်ပိုင်းဖြတ်ကြသည်။
မလွှဲမရှောင်သာ စစ်ပြင် ကြသည်။ အနယ်နယ်အရပ်ရပ်တွင် လူငယ်များက ရှေ့ဆုံးတန်းမှဖြစ်သည်။
ဒေသအလိုက် PDF အဖွဲ့များနှင့် ပြောက်ကျားအဖွဲ့များက ဆင့်ပွားဆင့်ပွား စစ်သင်တန်းပေးကြသည်။
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်လိုသော လူငယ်များတွင် ယောကျ်ားလေးများသာမက မိန်း ကလေးများလည်းပါသည်။
ဒေါ်အေးနွယ်တို့ သားအမိသုံးဦးသား နေထိုင်ရာ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ရွာများတွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။
သမီးငယ် မပပခိုင်က စစ်သင်တန်းတက်ချင်သည်။ အသက် ၁၃ နှစ်သာရှိ သေးသော်လည်း
အရပ် ငါး ပေကျော်မျှ ထွားကျိုင်းနေသော အညာသူ ပပခိုင်တစ်ယောက် မဖြစ်မနေ
စစ်သင်တန်းတက်လိုသည်။ အမေဖြစ်သူ ဒေါ်အေးနွယ်ကို ပူဆာသည်။
စစ်သင်တန်းတက်ရေး ပပခိုင်တွင် အဖော်ရှိပြီးဖြစ်သည်။ အိမ်နီးချင်း မဝင်းအိကျော်ပင်။ ခြံချင်းကပ်
လျက် နှစ်အိမ့်တစ်အိမ် ကူးချည်သန်းချည် သူငယ်ချင်းများလည်းဖြစ်သည်။ အသက် ၁၄ နှစ်ရွယ်သာ
ရှိသေးသည့် မဝင်းအိကျော်သည် ပပခိုင်၏ ဝမ်းကွဲအစ်မလည်းဖြစ်သည်။ အကြောင်းမူ ဝင်းအိကျော်
၏အဖေနှင့် ပပခိုင်အမေမှာ မောင်နှမဝမ်းကွဲ တော်စပ်သောကြောင့်ဖြစ်သည်။
ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် လေးတန်းအောင်ဘဝဖြင့် ပညာရေးတစ်ခန်းရပ်ခဲ့ရသူ
ပပခိုင်တို့ ညီအစ်မနှစ်ယောက် စစ်အာဏာရှင်တော်လှန်ရေးအတွက် စစ်သင်တန်းကို တက်လိုသည်။
စစ်တပ်က ရွာစဉ်လှည့်မီးရှို့သည့် သတင်းကြားရတိုင်း အမေဖြစ်သူ ဒေါ်အေးနွယ်ကို တစ်မျိုးမဟုတ် တစ်မျိုးပြောကာ ပူဆာသည်။
“ပြည်သူတစ်ယောက်အနေနဲ့ နေရတာ ရှက်တယ်တဲ့။ သူတို့တတ်နိုင်တဲ့အလုပ်တွေ လုပ်ချင်တယ်သတဲ့”
ဟု စစ်သင်တန်းတက်လိုသူ သမီးအကြောင်း ဒေါ်အေးနွယ်က ဆိုသည်။
နားချမရသည့်အဆုံး ဒေါ်အေးနွယ် ခွင့်ပြုရတော့သည်။ ငယ်ငယ်ရွယ်ရွယ် သမီးကို စိတ်မချသည်နှင့်
ဒေါ်အေးနွယ်တစ်ယောက် ယောင်းမဖြစ်သူကို အပါခေါ်ကာ ပပခိုင်တို့ညီအစ်မနှစ်ဦးကို သူကိုယ်တိုင် စစ်သင်တန်းလိုက်ပို့သည်။
သင်တန်းရောက်တော့ သမီးမိန်းကလေး နှစ်ယောက်တည်း ထားခဲ့ရန် စိတ်မချနိုင်။ ဒေါ်အေးနွယ်
အကြံ ထုတ်သည်။ စစ်သင်တန်းတွင် ထမင်းချက်လုပ်ရန်ဖြစ်သည်။ တာဝန်ရှိသူများကို ခွင့်တောင်းသည်။
စစ် သင်တန်းတွင် ချက်ပြုတ်ရေးကိုလည်း အမျိုးသားများပင် တာဝန်ယူသည်ဖြစ်ရာ ဒေါ်အေးနွယ် အကြံ အိုက်လာသည်။
သမီးငယ်နှင့် တူမဖြစ်သူလည်း မထားခဲ့နိုင်သဖြင့် သူကိုယ်တိုင် စစ်သင်တန်း ဝင်တက်သည်။
သင်တန်း သား ၅၀ ကျော်တွင် မိန်းမသားဟူ၍ သူတို့တူဝရီး သားအမိတတွေ အပါအဝင် ငါးဦးသာရှိသည်။
“တောနက်လည်းဖြစ်တဲ့အတွက် ဒီလိုသင်တန်းလည်း တက်ထားမှဖြစ်မယ်ပေါ့။ ကလေးတွေနဲ့အတူ
တူပေါ့။ နောက်ပိုင်း အသက်အရွယ်အရ လုပ်နိုင်တာ မလုပ်နိုင်တာ အသာထား” ဟု
စစ်သင်တန်း တက်ဖြစ်ပုံအကြောင်း ဒေါ်အေးနွယ်ပြောသည်။
သစ်သားသေနတ်ကိုင် ၁၅ ရက်သင်တန်း
စစ်သင်တန်းမှာ ရွာမှလေးမိုင်အကွာတွင်ဖြစ်သည်။ GZ Special Task Force ဆိုသောအဖွဲ့က
ဦးစီးလုပ် ဆောင်ခြင်းဖြစ်သည်။ စစ်အာဏာရှင်တော်လှန်ရေးတွင် ရှေ့တန်းမှ ဦးဆောင်သူလူငယ်များက
အနယ်နယ်အရပ်ရပ်တွင် Generation Z ဆိုသောအဖွဲ့များဖွဲ့ကြသည်။
စစ်သင်တန်းတက်ရသဖြင့် ပပခိုင်တို့ ညီအစ်မတွေ ပျော်နေကြသည်။ နံနက်စောစော ခရာသံတုတ်ချိန်
သူတို့ညီအစ်မ အဆင်သင့်ဖြစ်နေသည်။ သင်တန်းတွင် အရွယ်နှင့်မလိုက်အောင် လိုက်နိုင်ကြသည်ဟု သင်တန်းဆရာကပင် ချီးကျူးသည်။
“လူတိုင်းက သူတို့အရမ်းငယ်သေးတော့ မလုပ်နိုင်လောက်ဘူးလို့ တွေးတာပေါ့။ ဒါပေမဲ့ မြင်တာနဲ့ လုပ်
နိုင်တာ တခြားစီဖြစ်နေတာ” ဟု မပပနိုင်နှင့် မဝင်းအိကျော်၏ သင်တန်းဆရာက မှတ်ချက်ပြုသည်။
စစ်သင်တန်းဆိုသော်လည်း အထွေအထူးတော့ မဟုတ်ပေ။ တောထဲတွင် ဖြစ်သလို သင်ကြားရခြင်းပင်။
သင်တန်းချိန်ကတော့ တစ်နေ့လုံးပင်။ မနက်ပိုင်းတွင် အပြေးလေ့ကျင့်ခန်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်း ဖြစ်သည်။
မွန်းလွဲပိုင်းမှ ညနေအထိ အခြေခံစစ်ပညာဖြစ်သည်။ အပစ်အခတ်၊ အဖွဲ့လိုက် ချီတက်ခြင်း၊ ကင်း
ထောက်ခြင်း၊ ကျည်ကွယ်မျက်ကွယ်နှင့် မတော်တဆ ဒဏ်ရာရပါက မည်သို့လုပ်ဆောင်ရမည်ကိုလည်း သရုပ်ပြလေ့ကျင့်ရသည်။
သင်တန်းချိန်မှာ နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိဖြစ်သည်။ ထမင်းစားချိန်၊ နားချိန်မှအပ တရစပ်လေ့
ကျင့်ရပြီး ညပိုင်းတွင်လည်း စစ်ရေးနှင့်ပတ်သက်၍ စာသင်ရသည်ဟု ဆိုသည်။
အခြေခံဖြစ်သော်လည်း ပင်ပန်းမှုဒဏ်ကြောင့် ပျော့ခွေသူများ၊ လဲကျသူများလည်း ရှိသည်။ မပပခိုင်နှင့် မ
ဝင်းအိကျော်တို့ ညီအစ်မကတော့ တချက်မျှ မညည်းပေ။ အမေဖြစ်သူ အသက်လေးဆယ်စွန်းစွန်း အရွယ် ဒေါ်အေးနွယ်တော့ ညည်းညူမိသည်။
“ကျွန်မတစ်ယောက်ပဲ ပထမတစ်ရက်မှာ ပြန်မယ် ပြန်မယ်၊ ဒီအလုပ်မလုပ်နိုင်ဘူး။ ဒီအစားတွေလည်း
မစားနိုင်ဘူးဆိုတော့ သမီးက အမေက ဘာပုနေတာတုန်းဆိုတော့ ကဲပါဆိုပြီး လုပ်ရင်းလုပ်ရင်းနဲ့
အပတ်စဉ်ပြီးသွားတာ” ဟု ဒေါ်အေးနွယ်က စစ်သင်တန်းအကြောင်း ပြန်ပြောပြသည်။
သမီးဖြစ်သူ ပပခိုင်၏ စစ်သင်တန်းအပေါ် စိတ်ရောက်ပုံကို ဒေါ်အေးနွယ်ကလည်း
“အမယ်လေး ပင် ပန်းတယ်လို့ တစ်ခွန်းမှမပြောဘူး ငါ့မောင်ရေ” ဟု ပြောသည်။
၁၆ ရက်မြောက်နေ့တွင် စစ်သင်တန်းဆင်ရသည်။ ယူနီဖောင်းနှင့် စစ်ချီတေး အော်နေသော
သမီးဖြစ်သူ ကို ဒေါ်အေးနွယ် မျက်တောင်မခတ်ကြည့်နေမိသည်။
ခေတ်မီ လက်နက်ကိရိယာများအပြင် လူသူလက်နက်အင်အား သာလွန်သည့် စစ်တပ်ကို ခုခံတော်လှန်
ရေး အားတက်နေမိသည်။ မိန်းမသားများပင် ဖြစ်လင့်ကစား အခြေခံစစ်ပညာ သင်ပြီးပြီဟု မှတ်ယူမိ သည်။
ရက်စက်ကြမ်းကြုတ်လှသော အာဏာသိမ်းစစ်တပ်ကို ရင်ဆိုင်ရန်သာရှိတော့သည်။
စစ်သင်တန်းဆိုသော်လည်း ရပ်ရွာအလိုက်ဖြစ်သလို ဖန်တီးရသည်ဖြစ်ရာ သေနတ်အစစ် မပါပေ။
သစ် သားတုတ်ကို သေနတ်အမှတ်ဖြင့် ၁၅ ရက်လုံးလုံး လေ့ကျင့်ရခြင်းဖြစ်သည်။ သင်တန်းဆင်းပွဲနေ့တွင်
တော့ သေနတ်အစစ်မြင်ရသည်။ တစ်ယောက်တစ်လှည့် ပစ်ကြည့်ခွင့်ရသည်။ ကျည်ဆန်တစ်တောင့်စီ သာဖြစ်သည်။
စစ်တပ်လာတိုင်း ပြေးမနေချင်တော့
စစ်သင်တန်းပြီးသော်လည်း မပပခိုင်တို့ ညီအစ်မ စစ်မတိုက်ရ၊ တိုက်ပွဲမဝင်ရပေ။ သင်တန်းပြီးသည်နှင့်
ရွာပြန်ရသည်။ အာဏာသိမ်းစစ်တပ်ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း ရွာများကို စစ်ကြောင်းထိုး
နေချိန်ဖြစ်သည်။ ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်သည်လည်းရှိသည်။
ရွာပြန်ရောက်သော်လည်း မပပခိုင်တို့ အေးအေးဆေးဆေး မနေရပေ။ စစ်ကောင်စီက မကြာခဏ စစ်
ကြောင်းထိုးလာသဖြင့် ပြေးရလွှားရသည်။ စစ်သင်တန်းတက်ပြီး ပြေးလွှားပုန်းအောင်နေရသည်ကို လူ ငယ်ပီပီ မပပခိုင် ရှက်မိသည်။
တစ်ခုခုကို လုပ်ချင်သည်။ အသက်ဆုံးရှုံးနိုင်သော တိုက်ပွဲဖြစ်စေဦးတော့ နဖူးတွေ့ဒူးတွေ့ ကြုံချင် သည်။
အေးအေးမနေနိုင်။ အမေဖြစ်သူကို တစ်မျိုးမဟုတ် တစ်မျိုးပူဆာပြန်သည်။
“သင်တန်းတက်ထားပြီး ဒီလိုပြေးနေရတာ အရမ်းရှက်တာပဲ။ သူများတွေကို ကာကွယ်ဖို့ သင်တန်း တက်ထားတာ၊
ကိုယ့်အတွက်ကိုယ် ကာကွယ်ပြီးပြေးနေရတာ၊ အချင်းချင်း ရှယ်တယ်တဲ့။ အမေတို့ ဘာလုပ်ပေးမလဲတဲ့”
ဟု တဂျီဂျီပူဆာသူ သမီးအကြောင်း ဒေါ်အေးနွယ်ပြောသည်။
စစ်သားလာတိုင်း ရွာလုံးကျွတ်ထွက်ပြေးနေရသည့်အဖြစ်ကို မပပခိုင်တို့ ညီအစ်မတွေ စိတ်ကုန်လာ သည်။
ရွာဘက်ရောက်လာတတ်သည့် သင်တန်းဆရာကို တိုက်ပွဲတွင် လက်တွေ့ပါဝင်လို ကြောင်းပြောသည်။
“သူတို့အိမ်ကိုသွားရင် သူတိုက်ပွဲ တိုက်ချင်တယ်ပေါ့။ တိုက်ပွဲရှိရင်ခေါ်ပေါ့။ သူတို့ကလည်း သေနတ်
အစစ်ပဲကိုင်ချင်ကြတာ။ သူတို့ကိုယ်တိုင်လည်း ရှေ့ကနေ တိုက်ချင်ကြတာ” ဟု မပပခိုင်တို့အကြောင်း သင်တန်းဆရာက ပြောသည်။
လက်နက်အင်အား မပြည့်စုံသည့်အပြင် အသက်အရွယ် ငယ်ရွယ်လွန်းသည့် မိန်းကလေးများဖြစ်သ ဖြင့် ရှေ့တန်းကိုတော့ မခေါ်ဖြစ်ပေ။
သေနတ်ကိုင်မည့်အစား ဒဏ်ရာရရဲဘော်များကို စောင့်ရှောက်နိုင်ရန် အပ်ကိုင်သင့်ကြောင်း၊
ဒဏ်ရာရ သူများကို ကူညီခြင်းသည် ရှေ့တန်းမှရဲဘော်များနည်းတူ တော်လှန်နေခြင်းဖြစ်ကြောင်း
သင်တန်းဆရာ က နားချသည်ဟု ဒေါ်အေးနွယ်က ပြောသည်။
ဆေးသင်တန်းသို့
ဇွန်လကုန်ပိုင်းရောက်လာသည်။ အရာတော်မြို့နယ်ဘက်တွင် ဆေးသင်တန်းရှိသည်ဟု ကြားရသည်။
ပပခိုင်တို့ ညီအစ်မသွားတက်လိုသည်။ နယ်ခြားမြေဝေးဖြစ်သဖြင့် မိဘများက စိတ်မပါပေ။ သားအမိ ချင်းတွေ စကားများကြသည်။
သမီးများက ထပ်တလဲလဲပြောသည်။ အမေတွေကလည်း တားသည်။ သင်တန်းသွားဖို့ ရက်နီးကပ်လာ သည်။ .
အဖြေကားမထွက်။ သားအမိတွေ တစ်ယောက်ကိုတစ်ယောက် စကားမပြောကြတော့။ မအေ ကလည်း မျက်နှာထားတင်းကာ မသိယောင်ဆောင်နေသည်။ သမီးဖြစ်သူကလည်း အိမ်ထဲဝင်ကာ အသံတိတ်ဆန္ဒပြသည်။
ပြင်းပြလွန်းသော သမီးဖြစ်သူ၏ဆန္ဒကို ဒေါ်အေးနွယ် လိုက်လျောဖြစ်သည်။ ထို့နေ့သည် ဇွန်လ
၂၉ ရက်နေ့ဖြစ်သည်။ သမီးဖြစ်သူကို သင်တန်းတက်ခွင့်ပြုကြောင်း သွားရမည့်နေ့မှ အနီးကပ်ပြောခြင်း
ဖြစ်သည်။ နံနက် ၁၀ နာရီတွင် စုရပ်ကို အရောက်သွားရမည်ဖြစ်သည်။
“ညည်းဘာလုပ်နေတာလဲ၊ (ကျောပိုးအိတ်ထဲ) ထည့်စရာရှိတာ မထည့်ဘူးလားဆိုမှ ပျော်သွားတာ”
ဟု ဆေးသင်တန်းတက်ခွင့်ပြုသည့်နေ့က အကြောင်း ဒေါ်အေးနွယ် ပြန်ပြောသည်။
စုရပ်ကို ဒေါ်အေးနွယ်ကိုယ်တိုင် လိုက်ပို့သည်။ ရွာအပြင်လမ်းဆုံတွင်ဖြစ်သည်။ ဆေးသင်တန်းသွား
တက်မည့်သူများ အရံသင့်စောင့်နေကြသည်။ အမျိုးသားငါးယောက်၊ အမျိုးသမီးလေးယောက် ဖြစ်သည်။
မဝင်းအိကျော်၏ အမေသည်လည်း သမီးဖြစ်သူကို ကိုယ်တိုင်လိုက်ပို့ဖြစ်သည်။
“သူက အစ်မကိုဘာမှကို နှုတ်ဆက်မသွားဘူး။ ဘာမှကိုပြောမသွားဘူးတော်။ အစ်မကတော့လေ၊
သူ့ကျောပိုးအိပ်လေးကိုင်လို့ သူ့ဖုန်းအိတ်လေးကိုင်လို့။ လာခေါ်တဲ့ ဆိုင်ကယ်နောက်ကနေ လိုက်သွားတာ”
ဆေးသင်တန်းတက်ရန် သမီးဖြစ်သူထွက်သွားသည့်နေ့ကအကြောင်း မဝင်းအိကျော်၏ အမေ့က အသံဆွဲ
ပြောခြင်းဖြစ်သည်။ ပြောနေရင်း သူ့အသံက တချက်တချက်တိမ်ဝင်သွားသည်။ ဆို့နစ်ကြေကွဲနေခြင်း ဖြစ်သည်။
ထိုနေ့ သည် သူ့သမီးကို နောက်ဆုံးတွေ့လိုက်ရခြင်းဖြစ်သည်။
“အမေ သမီးသွားတော့မယ်လို့ တစ်ခွန်း နှုတ်မဆက်ဘူး။ အစ်မကတော့ နေပူကြီးထဲရပ်ပြီး သူတို့ဆိုင် ကယ်ကို မျက်စိတစ်ဆုံး ကြည့်ပြီနေခဲ့ရတာ”
မြီးကောင်ပေါက်အရွယ် သမီးငယ်လေးများ ထာဝရခွဲခွာသွားခြင်းဖြစ်သည်ကို ကြိုတင်မသိခဲ့ကြပေ။
နေပူကြဲတဲမှာ ရပ်နေရင်း သမီးအရိပ်ကို လိုက်ကြည့်နေမိသည်သာ။
သတင်းဆိုး ရောက်လာသောနေ့
မပပခိုင်တစ်ယောက် အဖော်အပေါင်းများနှင့်အတူ ဆေးသင်တန်းတက်ရန် ထွက်သွားပြီး
နောက်တစ် ရက်တွင် ဒေါ်အေးနွယ်ထံ သတင်းဆိုးရောက်လာသည်။ နေ့ခင်း ၂ နာရီအချိန်ခန့်ဖြစ်သည်။
ပပခိုင်အပါ အဝင် ဆေးသင်တန်းတက်ရန် သွားနေသူအားလုံး အဆက်အသွယ်ပြတ်သွားပြီဟု ဆိုသည်။
ဒေါ်အေးနွယ် ရင်ထိတ်သွားသည်။ သမီးဖြစ်သူကို ဖုန်းခေါ်ကြည့်သည်။ မရ။ အတူပါသွားသူများကို လည်း ဖုန်းခေါ်ကြည့်သည်။ လုံးဝ ဆက်မရတော့။
လမ်းတဝက်တွင် အဖမ်းခံရသည်ဟုလည်း သတင်းများကြားလာရသည်။ ရင်တွေပူလာသည်။
မဟုတ် ပါစေနဲ့ဟု ဆုတောင်းနေမိသော်လည်း အဖမ်းခံရသည်မှာ သေချာသလောက်ရှိသည်ကို
စိတ်ထဲက သိနေသည်။ ရာနှုန်းပြည့်က လက်မခံနိုင်သေးပေ။
ရွာမြောက်ပိုင်းရှိ ဘုရားကို အပြေးအလွှားသွားသည်။ နောက်ဆုံးအားကိုးရာဖြစ်သည်။ သပြေပန်းနှင့်
ရေချမ်းကပ်သည်။ ပါးစပ်မှလည်း တတွတ်တွတ်ဆုတောင်းသည်။
ထိုအချိန်တွင် သင်တန်းဆရာထံမှ ဖုန်းဝင်လာသည်။
“ကျွန်တော်တို့ ကလေးတွေ ဖမ်းခံလိုက်ရပြီ။ ကျွန်တော်တို့လိုက်နေတယ်။ ဘယ်လိုမှ အစအန
ရှာမတွေ့ ရသေးဘူး။ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးနှစ်ယောက်ကတော့ အဲနားမှာတင်
ပစ်သတ်ခံ လိုက်ရတယ်ကြားတယ်” ဟု ပြောကာ ဖုန်းချသွားသည်။
ဖုန်းချသွားသလား၊ ဖုန်းကျသွားသလား ဒေါ်အေးနွယ် သတိမထားမိလိုက်။ ထူပူနေသည်။ စိတ်ထဲမှာ
လောင်မြိုက်နေသည်။ နားထဲမှာကြားသလို မျက်လုံးထဲမှာ မြင်သလိုလို ဘာကိုမှ သဲသဲကွဲကွဲ မရှိတော့။
ဆွေးမျိုးသားချင်းများ ရောက်လာကြသည်။ စုရုံးအားပေးကြသည်။ အကြံပေးသူပေး၊ ဖေးမသူဖေးမ၊
သူ့ဟာနှင့်သူ အလုပ်များနေကြသည်။ ရွာထုံးစံ ဗေဒင်သွားမေးသူ၊ ယတြာချေသူလည်းလည်းရှိသည်။
နောက်တစ်ရက်တွင် သင်တန်းဆရာကိုယ်တိုင်လာသည်။ ရွာအဝင်ကတည်းက ရွာစောင့်ကြိုနေသူများ
ရင်တထိတ်ထိတ်ပင်။ အခြားအိမ်တစ်အိမ်တွင် အရင်ဝင်သွားသည်။ ငိုသံများ ဆူဆူညံညံထွက်လာ သည်။
ဒေါ်အေးနွယ် အပြေးအလွှားရောက်သွားချိန်တွင် သမီးဖြစ်သူ၏အလောင်းကို ရိုက်ထားသည့် ဓာတ်ပုံများ ဆီးကြိုနေသည်။
စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်များတွင် တွေ့ရသည့် ဓာတ်ပုံများဖြစ်သည်။ ဆေးသင်တန်းတက်မည့်
လူငယ်ကိုးဦးလုံး စစ်တပ်နှင့်တွေ့ကာ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်။
အဖမ်းခံရပါက ယောက်ျားလေးအားလုံး သတ်ဖြတ်ခံရနိုင်သည်ကို တစ်ထစ်ချတွေးထားပြီးဖြစ်သည်။
မိန်းကလေးများကိုတော့ ငယ်လည်းငယ်လွန်းသည်မို့ မသတ်လောက်ပါဘူးဟု တွေးထင်ခဲ့မိသည်။ လွဲလေစ။
အလောင်းကိုပင် ပြန်မရပေ။ ပလိုင်းရွာမှာ သင်္ဂြိုလ်သလိုလို ရွှေဘိုကိုသယ်သွားပြီး မြှုပ်လိုက်သည်လို
လိုနှင့် အဆုံးသတ်သွားသည်။ လက်စလက်နပင် မကြားရတော့။
“တစ်ယောက်တည်းနေလေလေ ပိုဆွေးလာလေလေ။ ဒီစစ်အာဏာရှင်ကြီးကို ပိုပြီးတော့ မုန်းတီးလာ
လေလေ။ အသက်မပြည့်မပြည့်သေးတဲ့ ငါ့သမီးလေးကို ဘယ်လိုများ ရက်ရက်စက်စက် သတ်နိုင်ကြ
တာတုန်း၊ သတ်ရက်လိုက်တာဟယ်ဆိုတဲ့အတွေးကြီးက အမြဲတမ်းကို ဦးနှောက်ထဲဝင်နေတာ” ဟု မဝင်းအိကျော့်အမေ့က ရင်နာနာဖြင့်ပြောသည်။
လင်သားမရှိ သားနှင့်သမီးသာရှိသော ဒေါ်အေးနွယ်တစ်ယောက်အတွက်မူ မည်သို့မျှ ဖြေမဆည်နိုင်။
သွားလည်းဒီစိတ်၊ စားလည်းဒီစိတ်၊ အချိန်ပြည့် သမီးလေးဆီကိုသာ စိတ်ရောက်နေသည်။ သမီးကျရင်
အမေဆက်တိုက်မယ်၊ အမေကျရင် သမီးဆက်တိုက်မယ်ဆိုသည့် သားအမိနှစ်ဦးကြား ကတိစကားကိုသာ ကြားယောင်နေသည်။
“ကျွန်မကတော့ ဆက်လုပ်မယ်။ လက်နက်ကိုင်ပြီး ရှေ့တက်ရမယ်ဆိုလည်း လိုအပ်ရင်လုပ်မှာပဲ” ဟု ဒေါ်အေးနွယ်က ပြောလိုက်သည်။



