ၾကားသိရသမွ်

ဝိသမလောဘသားတွေရဲ့ မြေပဲဆီအတု၊ နှမ်းဆီအတုလုပ် ပြုလုပ်နည်း (အများသိအောင် ရှယ်ပေးကြပါ)

စားအုန်းဆီကို ဓါတုဆေးအနံ့ ထည့်ပြီး မြေပဲဆီအတု၊ နှမ်းဆီအတုလုပ်… အစစ်ထက် ဈေးလျော့ရောင်းတော့ တောင်သူစီးပွားရေးကော၊ စားသုံးသူကျန်းမာရေးကော နာပြီးရင်းနာ၊ အသက်တွေ တိုပြီးရင်းတို တာပါပဲ။ ( ရေးသင့်ပြီ ထင်လို့ ရေး လိုက်ရပါတယ် ခင်ဗျာ… )

မြန်မာနိုင်ငံရဲ့ စားသုံးဆီလောကထဲကို ဓာတုအနံ့ မြေပဲဆီ၊ နှမ်းဆီရောက်တာ 2012/13 ခုနှစ် ကတည်းကပါ။ တရုတ်နိုင်ငံသား လူငယ်တယောက် ဘာသာပြန်နဲ့ အတူ အိမ်ရောက်လာပြီး နမူနာ ပုလင်းလေးတွေပြပြီး ရှင်းပြပါတယ်။

ကျနော့်အနေနဲ့ ဒါသည် စားသုံးသူကို လိမ်လည်တာဘဲဖြစ်တယ်… မလုပ်သင့်ဘူးလို့ ပြောပြပါတယ်။ နောက်… ဓာတုအနံ့ ဖြစ်လို့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်… အနံ့က ပြင်းလွန်းတယ်လို့ ပြောပြ ပါတယ်၊ သူ့ကတော့ နမူနာ ပုလင်းငယ် ၄ပုလင်းထားပြီး ပြန်သွားခဲ့ပါတယ်။

ကျနော်လည်း FDA မှ တာဝန်ရှိ သူတဦးကို ပြောပြပြီး… နမူနာ ပုလင်းငယ်များကို FDA ရန်ကုန်ရုံးခွဲကို ပို့ပေးခဲ့ပါတယ်။ ခုတော့ ဓာတုအနံ့ မြေပဲဆီအတု၊ နှမ်းဆီအတုက တနိုင်ငံလုံး ပြန့်လို့နေပါပြီ၊

စားသုံးသူရေးရာမှာ ကျနော် စတင်ပါသည့် 2014 ခုနှစ် ကတည်းက အစည်းအဝေးတက်တိုင်း ဒီဓာတုအနံ့ ရဲ့ ဈေးကွက်ကို လွှမ်းမိုးမှုက တဖြေးဖြေးကြီး လာပါပြီ… အချိန်မီ တားဆီးပေးဖို့ ပြောရင်းနဲ့ကို 2016/17 မှာ ဈေးကွက်ရဲ့ 80% ဖြစ်သွားပါပြီ။

မြန်မာနိုင်ငံရဲ့ စားသုံးဆီဈေးကွက်မှာ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုတ်ဆီတွေ၊ ပြန်ကြော်ဆီ တွေကို ဓာတု အနံ့ပေး မြေပဲဆီအတု၊ နှမ်းဆီအတု လုပ်ရောင်းနေတာကို မတားမြစ်နိုင်တာ ကစပြီး…

တိုင်းပြည်ရဲ့ အခြေခံလယ်ယာ ဆီထွက်သီးနှံ စိုက်ပျိုးရေး၊ မွေးမြူရေး အလုပ်အကိုင်အခွင့်အလမ်း၊ စားသုံးသူ ကျန်းမာရေး၊ သွင်းကုန်အစားထိုး ပို့ကုန် မြှင့်တင်ရေး၊ ဆီစက်များ စဉ်ဆက်မပြတ် တိုးတက်ရေး တွေကိုပါ ထိခိုက်သွာပါပြီ။

အချိန်က 2012- 2016 ဆိုတာလေးပါ။ အမှိုက်ကစ ပြဿဒ် မီးလောင်… အပ်နဲ့ ထွင်းရမှာ ပုဆိန်နဲ့ထွင်းတဲ့အလုပ် ဖြစ်နေရပြီ။ မကြာခင် မြေပဲဆံ၊ နှမ်းတွပေါ်လာပါတော့မယ်။ တောင်သူတွေ ငိုရပါဦးမယ်။

စိုက်စရိတ်ထက်နိမ့်သော သီးနှံဈေးတွေနဲ့ ရောင်းရ ပါဦးတော့မယ်။ မြေပဲဆီ တပိဿာ ၃၀၀၀ကျပ် ၊ နှနှမ်းဆီ တပိဿာ၂၅၀၀ကျပ် ရောင်းတာတောင် မြန်မာတွေက ဓာတုအနံ့ မြေပဲဆီတု ၂၂၀၀ကျပ်၊ နှမ်းဆီတု ၂၀၀၀ကျပ်တန်လောက် ရှာစား နေကြချိန်မှာ…

ဒီအချိန်မှာ တရုတ် ကုန်သည်တွေက မြေပဲလုံးဆန် အကောင်း၊ နှမ်းတွေကို အောက်ဈေးနဲ့ဝယ် သူ့နိုင်ငံမှာ မြေပဲဆီ တပိဿာ တသောင်းကျော်၊ နှမ်းကို ဆန်ကာချ အဆင့်မြှင့်စက်ကိရိယာသုံး… ဂျပန်ကို ရောင်းဖို့ ပြင်နေကြပြီဆိုတာ လူကြီးတွေသိစေချင်ပါတယ်။

CODEX STANDARD ကြောင့် FDA က ဓာတုအနံ့ကို အရေးယူလို့ မရဘူးလား… စားသုံးသူရေးရာ ဥပဒေထဲမှာ ဓာတုအနံ့ကို အရေးယူဖို့ ဥပဒေ မပါဘူးလား…။

မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွား တခုလုံးကို ဝိသမသမား လက်တဆုပ်စာ ဓာတုအနံ့ရောင်းတဲ့ ၂၆လမ်း၊ ၂၇လမ်း ကုန်ဈေးတန်းလမ်း၊ သိမ်ကြီးဈေး (A) ရုံမှာ ရှိတဲ့ ဆိုင်၆၀လောက်က ချယ်လှယ် နေတာ ကိုတော့ အံ့သြနေမိ ပါတယ်။

ကျနော်ပြောသင့်လို့ ပြောခဲ့ပေါင်းလည်း များခဲ့ပါပြီ… ခုရေးသင့်လို့ ရေးလိုက် ရပါတယ်။ မြန်မာပြည်သူ ပြည်သား အပေါင်း လိမ်ညာမှုဘေးမှ ကင်းဝေးပါစေ။

တိုင်းပြည်ရဲ့ အခြေခံကုန်ထုတ်လုပ်သူ တောင်သူလယ်သမား၊ မွေးမြူရေးသမား၊ စက်သမားများလည်း ကြီးပွား ချမ်းသာကြပါစေ။

တနိုင်ငံလုံး၇၀% အခြေခံ လူတန်းစားများ ပြည့်စုံချမ်းသာပြီး ကျန်၃၀% လူတန်းစားများ တိုးတက်ကြပါစေ။ ကောင်းမွန်တိုးတက်သော အနာဂါတ် မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံး ဖြစ်တည်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။