ကမ္ဘာပေါ်မှာ ကြောင်နဲ့ ခွေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခဲ့တာဟာ နှစ်ပေါင်း ထောင်နဲ့ချီပြီး ကြာမြင့်နေပါပြီ။ ဒါပေမယ့် သူတို့ရဲ့အမူအရာတွေဟာ တစ်ခါတရံမှာ ထူးထူးဆန်းဆန်းဖြစ်နေပြီး လူသားတွေ နားမလည်နိုင်အောင်ပါပဲ။
၁။ ဖိနပ်အနံ့
ကြောင်လေးတွေက သင့်ရဲ့ဖိနပ်ပေါ်မှာ တက်နေတတ်တာကို တွေ့ဖူးမှာပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေက ဖိနပ်ရဲ့အနံ့ကို သဘောကျကြပါတယ်။ ကြောင်လေးတွေ၊ ခွေးလေးတွေက ညစ်ပတ်တဲ့ဖိနပ်ကို ဆော့နေတယ်ဆိုတာ ဖိနပ်အနံ့ကို သဘောကျလို့ပါ။
၂။ မအိပ်ခင်အပြုအမူ
ခွေးတွေက မအိပ်ခင်မှာ သူတို့အိပ်မယ့်နေရာကို စက်ပိုင်းပုံပတ်ပြီးမှ အိပ်လေ့ရှိပါတယ်။ ဒီလိုစက်ဝိုင်းပုံပတ်တာက မြွေ၊ ပိုးမွှားကောင်တွေနဲ့ သူတို့ကို အန္တရာယ်ပြုနိုင်မယ့် သတ္တဝါတွေကို ခြောက်လွှတ်တဲ့သဘောပါ။ ဒါပေမယ့် ခွေးတွေက အိမ်မှာအိပ်ရင်လည်း အိပ်ရာကို စက်ဝိုင်းပုံစံ ပတ်နေတုန်းပါပဲ။
၃။ နဖူးကို ပွတ်သပ်ပေးခြင်း
ကြောင်လေးတွေက သင့်ရဲ့နဖူးကို ပွတ်သပ်ပြီး ကပ်ချွဲတတ်ကြပါတယ်။ ဒီလိုပွတ်သပ်တာကတော့ ကြောင်တွေရဲ့အုပ်စုထဲမှာ သင်လည်း တစ်ယောက်အပါအဝင်ဖြစ်ကြောင်း သင့်ကို အသိပေးတာပါ။
အဲဒီလိုပွတ်သပ်ပေးတဲ့အခါ ကြောင်တွေဆီကနေ ရနံ့ထွက်ပါတယ်။ ဒါ့အပြင် သခင်ကို ချစ်ခင်ကြောင်း၊ ယုံကြည်ကြောင်းပြသတဲ့လက္ခဏာလည်း ဖြစ်ပါတယ်။
၄။ သခွားသီး
ကြောင်တွေက သခွားသီးတွေကို အရမ်းကြောက်ကြပါတယ်။ သခွားသီးကိုမြင်တာနဲ့ လန့်ဖြန့်ပြီးတော့ ပြေးကြပါတယ်။ သခွားသီးကို ကြောင်တွေရဲ့စိတ်ထဲမှာ မြွေလို့ထင်တာကြောင့် မြင်မြင်ချင်းပဲ ထွက်ပြေးကြပါတယ်။ ဒါပေမယ့် ကြောင်ကိုတော့ သခွားသီးနဲ့ မစနောက်သင့်ပါဘူး။
၅။ မြေကြီးတူးခြင်း
ခွေးတွေက မြေကြီးတူးရတာကို အရမ်းသဘောကျကြပါတယ်။ ခွေးတွေက တောထဲမှာ နေတဲ့အရိုင်းဘဝတုန်းက သူတို့ရဲ့အစားအစာကို မြေကြီးထဲမှာ မြှုပ်ထားတတ်ကြပြီး စားချိန်တန်မှ ပြန်ဖော်စားတတ်ကြပါတယ်။ အဲဒီအကျင့်က ယခုခေတ် အိမ်မွေးခွေးတွေအထိ ပါလာပြီး မြေကြီးတူးရတာကို အလွန်နှစ်သက်နေကြပါတယ်။
၆။ စက္ကူပုံး
ကြောင်တွေက နွေးထွေးလှပတဲ့အိပ်ရာနဲ့ စက္ကူပုံးဆိုရင်တောင် စက္ကူပုံးကိုပဲ ပိုရွေးချယ်တတ်ကြပါတယ်။ ကြောင်တွေရဲ့ စိတ်ထဲမှာ စက္ကူပုံးက ပိုပြီး လုံခြုံတယ်၊ စိတ်ချရတယ်လို့ ယူဆကြပါတယ်။ သူတို့အတွက် စက္ကူပုံးက သီးသန့်နေရာလေးလိုဖြစ်တာကြောင့်လည်း သဘောကျကြပါတယ်။
၇။ မြေကြီးပေါ်လူးလှိမ့်ခြင်း
ခွေးလေးတွေက မြေကြီးပေါ်မှာ၊ ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေတဲ့အမူအရာကို မကြာခဏတွေ့ရတတ်ပါတယ်။ ခွေးတွေက ပျော်ရွှင်တဲ့အခါ၊ လုံခြုံစိတ်ချရတဲ့နေရာလို့ ယူဆတဲ့အခါမှာ မြေကြီးပေါ်မှာ လူးလိမ့်နေတတ်ပါတယ်။
၈။ မျက်နှာပေါ် လာအိပ်ခြင်း
ကြောင်လေးတွေက မျက်နှာပေါ်မှာ လာအိပ်တတ်တာကို ကြောင်ပိုင်ရှင်တွေ ကြုံတွေ့ရတတ်ပါတယ်။ ကြောင်လေးက သင့်ကို အရမ်းချစ်ပြီး မျက်စိအောက်က အပျောက်မခံနိုင်တဲ့အခါ၊ သင်နဲ့ရှိတဲ့အချိန်တိုင်း လုံခြုံစိတ်ချရတယ်လို့ ခံစားရတဲ့အခါ၊ သင့်ကို ကာကွယ်ပေးချင်တဲ့အခါ သင့်မျက်နှာပေါ်မှာ လာအိပ်တတ်ကြပါတယ်။
ကြောင်လေးတွေက သူတို့ရဲ့မောင်နှမတွေနဲ့ အတူတူအိပ်လေ့ရှိပေမယ့် သင့်အနားကို လာအိပ်တာက လူသားတွေရဲ့နှလုံးခုန်သံကို နားထောင်ရတာ သဘောကျတာကြောင့်ပါ။
Zombie (lovemedia)