ၾကားသိရသမွ်

စစ်ကောင်စီအရာရှိများက ကိုယ်ချင်းမစာဘဲ တိုက်ခိုင်းနေ၍ သေနတ်ပြောင်းနောက်ပြန်လှည့်ရန် စဉ်းစားခဲ့ကြရဟု CDM စစ်သားပြော

စစ်ကောင်စီအရာရှိများက ကိုယ်ချင်းမစာဘဲ တိုက်ခိုင်းနေ၍ သေနတ်ပြောင်းနောက်ပြန်လှည့်ရန် စဉ်းစားခဲ့ကြရဟု CDM စစ်သားပြော

” သေတွင်းထဲကို လုံး၀တွန်းပို့တာမဟုတ်ဘူး။ တစ်ခါတည်း ကန်ချတာ။ အကြောက်တရားနဲ့လုံး၀ အုပ်ချုပ်တာ”

သန်းဆင့်/People’s Spring

စစ်ကောင်စီ၏ အရာရှိများအနေဖြင့် ရှေ့တန်းရောက် စစ်သည်များအား မဖြစ်နိုင်သည့် စစ်ရေးအခြေအနေတွင် ရှေ့အတင်းတက် တိုက်ခိုင်း၍ သေနတ်ပြောင်း နောက်ပြန်လှည့်ရန်ပင် စဉ်းစားခဲ့ကြရကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ CDM ပြုလုပ် လာသည့် တပ်သားဟိန်းစိုးက ပြောသည်။

စစ်ကောင်စီ၏ တပ်မ ၄၄) ခမရ(၂)မှ တပ်သား ဟိန်းစိုးက စစ်ကောင်စီတပ်တွင်း အခြေအနေများ ပြောကြားချက်ကို Salewen Press က ယနေ့ဖော်ပြခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ကော်ဘရာစစ်ကြောင်း လှုပ်ရှားရာဒေသ ရှေ့တန်းနယ်မြေသို့ ရောက်လာသည့် ၎င်းတို့ စစ်ကြောင်းအနေဖြင့် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ၍ တည်နေရာ မသိရှိစေရန် သေနတ်ပင် မဖောက်ရဲဟု တပ်သားဟိန်းစိုးက ပြောသည်။

” ဘယ်လိုမှကို လှုပ်လို့မရဘူး။ ကျွန်တော်တို့ရောက်တာနဲ့ကို ကွက်တိ ဗုံးသီးကလိုက်ချတာ။ သူက မတရားကြီးပဲ။ အဲဒီလို လိုက်ချနေလို့ အဘကျွန် တော်တို့တော့ အဆင်မပြေတော့ပါဘူး။နောက်ကို ပြန်ဆုတ်ရအောင် ။

ငတ်ပြတ်နေပါပြီ ပြောလည်းဟင့်အင်း တက်ဆိုတာချည်းပဲ။ မတရားကြီးခိုင်းတာ။ သေတွင်းထဲကို လုံး၀ တွန်းပို့တာမဟုတ်ဘူး။ တစ်ခါတည်း ကန်ချတာ။

အကြောက်တရားနဲ့လုံး၀ အုပ်ချုပ်တာ”ဟု တပ်သား ဟိန်းစိုးက ပြောသည်။

ထို့ကြောင့် သေနတ်ပြောင်းက ရှေ့တိုးမရ၍ နောက်ပြန်လှည့်မှပဲရတော့မည်ဟု ပြောဆိုမှုများ ရှိခဲ့သည်ဟု ၎င်းက ဖွင့်ဟသည်။

“အရှေ့ကိုတော့ မရတဲ့ဟာ မလုပ်ဘူး။ ကိုယ့်အသက်တော့ အသေမခံနိုင်ဘူး။ သူတို့ဘက် ပြန်လှည့်မှာ ။အရာရှိကအစ။

အခု ထွက်ပြေးသွားတဲ့ အရာရှိနှစ်ယောက်ဆိုရင် တစ်ယောက်ဆိုရင် တော်တော်ကြီးကို ပြောတာပါ။ ကျွန်တော်လိုပဲ ။ ဖုန်းထဲကနေ ဗျူဟာမှူးတို့၊ တပ်မမှူးတို့ကို တော်တော်ကြီးကို ပြောပစ်တာ။ ပြောပြီးတော့မှ သူက ပြေးတာ။

ကျွန်တော်တို့ ပြောင်းက ရှေ့တိုးလို့မရတော့ဘူးတဲ့ နောက်ပဲ လှည့်မှ ရတော့မယ်တဲ့။ ဘယ်လိုမှ တက်လို့မှ မရတော့တာ။ ကိုယ်ချင်းစာနာမှုဆိုတာ သူတို့မှာမရှိဘူး”ဟု တပ်သား ဟိန်းစိုးက ပြောသည်။

တစ်နိုင်ငံတည်းနေပြီး အချင်းချင်းပြန်တိုက်ခိုင်းသည်ကိုလည်း လုံး၀မကြိုက်ဟု တပ်သား ဟိန်းစိုးက ပြောသည်။

တပ်သား ဟိန်းစိုးက ရှေ့တန်းစစ်မြေပြင်တွင် တပ်ဖွဲ့ဝင်များ ဆင်းရဲငတ်ပြတ်မှုများ ကြုံနေရသကဲ့သို့ နောက်တန်း၌ ကျန်နေသည့် မိသားစုဝင်များလည်း အခက်အခဲများစွာ ကြုံခဲ့ကြရပြီး အနိုင်ကျင့်မှုများ ခံနေရကြောင်းကိုလည်း ပြောကြားခဲ့သည်။

ရုပ်သံ – Salewen Press

လူထုနွေဦး

LuduNwayOo

People’sSpring