မိမိတို့ လူပျိုပေါက်အရွယ်က ဒဂုံဆိပ်ကမ်းဘက်မှာ တန်ဖိုးနည်းအိမ်ယာတွေပေါ်တော့ အဲ့မှာနေတဲ့သူငယ်ချင်းတစ်ယောက်ဆီ ခဏခဏသွားလည်ဖူးတယ်။ ကြာလာတော့ အဲဒီရပ်ကွက်ထဲကလူတွေနဲ့ မျက်မှန်းတန်းမိလာတာပေါ့။
ဒီကောင့် အိမ်ရှေ့မျက်နှာချင်းဆိုင်က မြေညီထပ်မှာ ကုန်စုံဆိုင်ကြီး။ ကြီးလိုက်တာမှ ဟီးထနေတာပဲ။ ဘာလိုလိုအကုန်ရတယ်။ မနက်မိုးလင်းရင်တော့ အဲဒီအိမ်က အဒေါ်ကြီးတစ်ယောက် ယောဂီဝတ်စုံနဲ့ တဘက်လေး တစ်ထည် ပုခုံးပေါ်တင်ပြီး မြို့ထဲသွားတာ အမြဲတွေ့ရတယ်။
ဘယ်သွားလဲ ဘာသွားလုပ်သလဲ ဘယ်သူမှ မသိကြဘူး။ တစ်ယောက်ယောက်က ကိစ္စတစ်ခုခုရှိလို့ ကုန်စုံဆိုင်မှာ အဒေါ်ကြီးကို လာမေးရင် အိမ်က သူ့သမီးတွေသမက်တွေက “အမေကြီးအလုပ်သွားတယ်” လို့ပဲ အမြဲပြန်ဖြေသံ ကြားရတတ်တယ်။
တရက်တော့ သူငယ်ချင်း၂ယောက်သား စာအုပ်ဆိုင်တွေ ဝင်မွှေရင်း ရွှေဘုံသာလမ်းထဲက ဖြတ်အပြန် လမ်းဘေးပလက်ဖောင်းပေါ်မှာ ယောဂီတဘက်လေးခင်းပြီး အလှုခံနေတဲ့ အမျိုးသမီးတစ်ယောက်ကို မြင်ဖူးသလိုလို ထင်လာလို့ အနားမသိမသာကပ်ကြည့်တော့မှ သူမှသူအစစ်။ ကုန်စုံဆိုင်က အဒေါ်ကြီး။ ဖြန့်ခင်းထားတဲ့ယောဂီတဘက်ပေါ်မှာ ပက်ဆံတွေမှ ဖွေးဖွေးလှုပ်ပဲ။ သူငယ်ချင်းက လက်ကုပ်ပြီး မိမိကို မသိမလိုနေဖို့ပြောတယ်။ သိပ်အံ့သြမနေနဲ့ သူတို့ရပ်ကွက်မှာ ဒါတွေက သိပ်အထူးအဆန်း မဟုတ်ဘူးတဲ့။
သူတို့တိုက်မျက်စောင်းထိုးမှာနေတဲ့ ဦးဘထူးကို သိလားတဲ့။ အေးသိတယ်လေ တီဗွီပြင်ဆိုင်ဖွင့်တဲ့ ဦးလေးကြီးမလား လို့။ အေး အဲဒါဖောက်ထွင်းဝိဇ္ဇာကြီး တဲ့။ “မင်းကဘယ်လိုသိတာလဲ” လို့မေးတော့။ သူ့ဆိုင်မှာ တီဗွီပြင်တာ မင်းဘယ်နှခါမြင်ဖူးလဲလို့ သူကပြန်မေးတယ်။ အေးတီဗွီပြင်တာတော့ တစ်ခါမှ မတွေ့ဖူးဘူး နေ့လည်နေ့ခင်းဆို ဆိုင်ထဲ သင်ဖြူးဖျာတစ်ချပ်ခင်းပြီး အိပ်နေတာတော့တွေ့တယ်လို့။
တီဗွီပြင်ဆိုင်ဖွင့်ထားပြီး တီဗွီတစ်ခါမှမပြင်ပဲ ချောင်ချောင်လည်လည်စ ားလိုက်သောက်လိုက် ၂လုံး၃လုံးထိုးလိုက်နဲ့ နှပ်နေကတည်းက ဒီလမ်းထဲကလူတွေက မြွေမြွေချင်းခြေမြင်ပြီးသားလို့ ရှင်းပြတယ်။ ထောင်ကလွတ်လာတာလဲသိပ်မကြာသေးဘူး တဲ့။
ဒါမယ့် အဲဒီကုန်စုံဆိုင်က ယောဂီဝတ်အဒေါ်ကြီးတို့ တီဗွီပြင်ဆိုင်က ဖောက်ထွင်းဝိဇ္ဇာဦးဘထူးတို့ရဲ့ ဝင်ငွေလောက်ကို ပတ်စပို့ရုံးက အူးဇင်းငမဲက ရီတယ်တဲ့။ အူးဇင်းငမဲက ဘာတုန်း ပတ်စပို့ရုံးမှာလုပ်တာလား။ မိမိကမေးတယ်။
မဟုတ်ဘူးဟ အူးဇင်းငမဲဆိုတာ အသားမည်းမည်းဂင်တိုတိုနဲ့ ငါတို့နောက်လမ်းမှာနေတဲ့ ဦးလေးကြီး။ မိန်းမနဲ့ကလေး ၅ ယောက်ရှိတယ်။ မနက်မိုးလင်းရင် သူက သင်္ကန်းရုံ သပိတ်တစ်လုံးလွယ် သူ့သား ၂ ယောက်က အင်္ကျီအဖြူလည်ဂတုံးနဲ့ ယောဂီရောင်ပုဆိုးဝတ်ပြီး ပတ်စပို့ရုံးကို ချီတက်ကြတော့တာပဲ။ ကြေးစည်တွေ ဆန်တောင်းတွေလဲ ပါတာပေါ့။
ရန်ကင်းစက်မှု ၁ နားက ပတ်စပို့ရုံးမှာ တန်းစီနေတဲ့ လူတန်းကြီးဆီ ရောက်တာနဲ့ အူးဇင်းငမဲက အရမ်းအိန္ဒြေကြီးတဲ့ စတိုင်နဲ့ စိတ်ပုတီးအလုံးကြီးကြီးလွယ် မျက်လွှာချ သပိတ်ကိုပိုက်ပြီး လူတန်းကြီးရဲ့ ဘေးကနေတစ်လှမ်းချင်းလျှောက် သူ့သား ၂ ယောက်က အူးဇင်းကြီးက ဘယ်မှာ အဓိဌာန်ဝင်ပြီး ရန်ကုန်ပြန်ကြွလာတာဖြစ်ပါတယ်နော် နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်တွေ အဆင်ပြေအောင် အူးဇင်းကြီး ဆွမ်းကွမ်းဝေယျာဝိစ္စအတွက်စေတနာသဒ္ဒါ ရှိသလောက်လှုကြပါ ဘာညာနဲ့အာရိုက်တော့
ပတ်စပို့လာလျှောက်တဲ့ လူတွေဆိုတာ နိုင်ငံခြားမှာ အလုပ်အကိုင်လေး အဆင်ပြေအောင်ဆိုတဲ့ မျှော်လင့်ချက်ကလေးအစ ပေးထားတော့ လှုလိုက်ကြတာဆိုတာ အတန်ကြီးတွေချည်းပဲ။ လူတွေက အတန်ကြီးတစ်ရွက်လောက်လှုလိုက် အူးဇင်းက ပွစိပွစိဆုပေးလိုက် နဲ့ လူတန်းကြီးလည်းဆုံး၊ တမနက်ကုန်ရင် အိမ်စရိတ်ချန်ပြီးရွှေတစ်မတ်သား ပုံမှန်ဝယ်ပြီးမှ ပြန်ကြသတဲ့။
ခုလို နိုင်ငံရပ်ခြားမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အိပ်မရတဲ့ညတွေတိုင်း ရွာကဦးဇင်း ငမဲတို့လို လူတွေအကြောင်း တွေးမိရင် နောင်တရချင်သလိုလိုတောင် ဖြစ်မိတယ်။ မြန်မာပြည်ဆိုတာ လူအကြောင်းကောင်းကောင်းသိတဲ့ လူတွေအတွက်တော့ သိပ်ကို ချိုမြိန်ပြီး လုပ်စားလို့ အင်မတန်ကောင်းတဲ့ သကာတွင်းကြီးပဲ။ (Oup Kar)