အေထြအေထြဗဟုသုတ

တန်ဆောင်မုန်းလပြည့်ညမှာ သုတ်စားဖြစ်ကြတဲ့ မယ်ဇလီဖူး သုပ်နည်း ၂ နည်း

တန်ဆောင်မုန်းလပြည့်ညမှာ သုတ်စားဖြစ်ကြတဲ့ မယ်ဇလီဖူး သုပ်နည်း ၂ နည်း..

တန်ဆောင်မုန်းလပြည့်နေ့ရောက်တော့မယ်ဆိုတော့ မယ်ဇလီဖူးသုပ်လေးကြိုလေ့လာထားကြမယ်။ ညီအစ်ကိုမောင်နှမတွေကို တန်ဆောင်မုန်း လပြည့်ညနက္ခတ်တွေစုံတဲ့အချိန်မှာ

မယ်ဇလီဖူးသုပ်လေးကို စားရင် ဆေးပေါင်းခတယ်လို့ လူကြီးတွေ ပြောစကားနဲ့အညီ အချိန်မီလေး သုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

မယ်ဇလီဖူးသုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ မယ်ဇလီဖူး၊ ပုစွန်ခြောက်၊ မြေပဲ၊ နှမ်း၊ ကြက်သွန်နီ၊ ဆီ၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့လိုအပ်ပါမယ်။

ဈေးထဲမှဝယ်လာတဲ့ မယ်ဇလီဖူးကို သန့်စင်အောင် ရေနဲ့ ဆေးကြောပေးပါ။ ပြီးရင်တော့ မီးဖိုပေါ်မှာ အိုးတစ်လုံးတင်၊ ရေတစ်ဝက်သာသာလောက်ထည့်ပါမယ်။ ပြီးနောက် မယ်ဇလီဖူးတွေထည့်ပြီး ပြုတ်ပါ။

ပထမတစ်ရည် ပွက်ပွက်ဆူလာရင် အဲ့ဒီရေတွေကို သွန်ပစ်ပြီးတော့မှ နောက်တစ်ရေ ထပ်ထည့်ပြီး ထပ်တည်ပေးပါ။

သုံးကြိမ်မြောက်ရေလဲပြီးတဲ့အခါကျရင်တော့ မယ်ဇလီအဖူးတွေကို နူးအောင် ပြုတ်ပေးပါ။ (ခါးတာကြိုက်ရင်တော့ ၂ ကြိမ်မြောက်ရေလဲပြီးတဲ့အခါ နူးအောင်ပြုတ်လို့ရပါပြီ)

မယ်ဇလီဖူးပြုတ်ထားတဲ့အချိန်မှာ ကြက်သွန်နီကို အခွံနွှာ၊ အလုံးလိုက်ရေဆေး၊ ထက်ခြမ်းခြမ်း ပါးပါးလှီးပေးထားပါ။ ပြီးလျှင် မြေပဲနဲ့ နှမ်းကို လှော်ပေးထားပါ။

မယ်ဇလီဖူးပြုတ် ပြီဆိုရင်တော့ ရေတွေငှဲ့ပစ်ပြီး မယ်ဇလီဖူးတွေကို ဇကာနဲ့ ရေစစ်ပေးထားပါ။ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးထည့်၊ ကြက်သွန်နီတွေထည့်ပြီး မီးအသင့်အတင့်နဲ့ ကြော်ပါ။

တဖြည်းဖြည်း မွှေနေရင်းနဲ့ ကြက်သွန်လေးတွေ ရွှေဝါရောင် ပြောင်းလာပြီဆိုရင် မီးဖိုပေါ်ကနေ ဒယ်အိုးချပြီး ကြက်သွန်နီဖတ်လေးတွေကို အမြန်ဆယ်ယူပါ။ ဆီကိုတော့ ဒယ်အိုးထဲမှာပဲ အအေးခံထားပါ။ ပြီးလျှင် ပုစွန်ခြောက်ကို မညက်တညက်ထောင်းပါ။

၎င်းနောက် မြေပဲနဲ့ နှမ်းကိုလည်း မညက်တညက်လေးတွေ ဖြစ်အောင်ထောင်းပေးပါ။ မယ်ဇလီဖူးလေးတွေကိုလည်း ငရုတ်ဆုံထဲ ထည့်ပြီး ကြေသွားအောင် နည်းနည်းထောင်းလိုက်ပါ။ (ညက်စရာမလိုပါဘူး)

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို မယ်ဇလီဖူး၊ ပုစွန်ခြောက်မှုန့်၊ မြေပဲ၊ နှမ်း၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ ကြက်သွန်နီဆီချက်တို့ကိုထည့်ပြီး အားလုံးသမအောင်

ရောနယ်ပေးပါ။ ပြီးနောက် အပေါ့အငံမြည်းပြီး လိုအပ်တာကို ထပ်ဖြည့်ပါ။ အစပ်ကြိုက်တတ်ရင်တော့ ငရုတ်သီးစိမ်းလေးတွေပါ ပါးပါးလှီးထည့်ပြီး ရောသုပ်နိုင်ပါတယ်။

အဲ့ဒါဆိုရင်တော့ ဆေးပေါင်းခတဲ့ညမှာ စားသုံးနိုင်တဲ့ ခါးဆိမ့်သက် အရသာလေးနဲ့ မယ်ဇလီဖူးသုပ်လေး ရပါပြီ။ မယ်ဇလီဖူုးသုပ်လေးကို ရေနွေးကြမ်းလေးပဲဖြစ်ဖြစ်၊

မယ်ဇလီဟင်းခါးနဲ့ပဲဖြစ်ဖြစ် တွဲဖက်သုံးဆောင်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ည ၁၂ နာရီတိတိမှာ ပြည့်ဝန်းဝိုင်းစက်စွာ လင်းလက်နေတဲ့ လမင်းကြီးကို ကြည့်ပြီး မယ်ဇလီဖူးသုပ်ကို စားရင်း လိုချင်တဲ့ဆုလေးကိုလည်း တောင်းနိုင်ပါတယ်နော်။ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေလို့။

ဒါကတော့ ဒုတိယနည်းပါမယ်ဇလီဖူးကို အခါးအရသာ သက်သာစေရန် ရေသုံးခါလဲပြီး ပြုပ်ပေးပါ။ လိုအပ်သောအစာများ အားလုံးထဲ့ပြီး သုပ်ထားသော မယ်ဇလီဖူးသုပ်။

ဒီနေ့က တန်ဆောင်မုန် းလပြည့်နေ့ပါ တန်ဆောင်မုန်း လပြည့်နေ့ ညအခါ သမယတွင် မယ်ဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆ပါးသော ရောဂါကို ပျောက်ကင်းသက်သာစေပြီး အသက်ကို

ရှည်စေပါတယ်လို့ သာရကောမုနိ ဆေးကျမ်းက ဆိုထားပါတယ်။ တန်ဆောင်မုန်း လပြည့်ည အခါသမယမှာ ဆေးပင်တို့ကိုစောင့်ရှောက်ကြတဲ့ နတ်အပေါင်းတို့က

မယ်ဇလီပင်စောင့်နတ်မင်းကို တစ်ချိန်တည်းမှာ တစ်ညီတညွတ်တစ်ညွတ်ထဲ လာရောက်ခစားကြတဲ့အတွက် ဆေးပေါင်းခတယ်လို့လည်းဆိုပါတယ်။

တန်ဆောင်မုန်း လပြည့်ညက ကြယ်တာရာနတ္ခအစုံ ထွက်ပေါ်ချိန်လရိပ်က ရေရဲ့အလယ်ကျနေချိန် ဖြစ်တဲ့အတွက် အဲဒီအချိန်ခူးဆွတ်မိတဲ့ ဆေးပင်ဆေးရွက်တို့ဟာ ဆေးအာနိသင်

အပြည့်အ၀ ပြတယ်လို့လဲ ဆိုကြပါတယ်။ ညသန်းခေါင် မွန်းတည့်ချိန်ရောက်သော အချိန်မှာ ရရာသစ်မြစ်တို့ကို နူတ်ယူသိမ်းဆည်းကာ ဆေးဝါးအဖြစ်သုံးစွဲတတ်ကြပါသေးတယ်။

ထိုကဲ့သို့ဘဲ လက်လှမ်းမှီရာ အသီးအရွက်တို့ကို ခူးယူကာ သုပ်စားခြင်းဖြင့်လဲ ဆေးပေါင်းခတယ်လို့ဆိုကြပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့ည လမွန်းတည့်ချိန်မှာ ဆေးပေါင်းခအောင် စားရမဲ့ မယ်ဇလီဖူး သုပ်နည်းလေးကိုမာမာပြင်ဆင်ထားတဲ့အတိုင်း မျှဝေပေးစလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများမယ်ဇလီဖူး လက်တစ်ဆုတ်စာ နှစ်စည်း၊ ကြက်သွန်နီ -အနေတော် တစ်လုံး၊ ခရမ်းချဉ်သီး – အနေတော် တစ်လုံး ပဲအကျက်မှုန့် – ထမင်းစားဇွန်း တစ်ဇွန်း၊ ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း တစ်ဇွန်း

ငရုတ်သီး အကျက်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ငါးငံပြာရည် – ထမင်းစားဇွန်း တစ်ဇွန်း၊ အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ၊ ကြက်သွန်နီ ဆီချက် – ထမင်းစားဇွန်း နှစ်ဇွန်း၊ သံပုရာရည် – ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ..

ဇောက်နက်သော အိုးထဲမှာ မယ်ဇလီဖူးကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ။ ပထမ တစ်ရည်နှင့် ပြုပ်ပြီးပါက ရေကိုသွန်ပေးပြီး နောက်တရည် ထပ်ထည့်ပြီး ပြုပ်ပေးပါ။

ရေပွက်ပွက်ဆူပြီး မယ်ဇလီဖူးများ နူးအောင်ပြုပ်ပေးကာ အိုးထဲမှာ ကျန်နေသော ရေကိုသွန်ပေးကာပြီးတာနဲ့ ရေစစ်ပေးကာ ငရုတ်ဆုံထဲမှာထည့်ပြီး မညက်တစ်ညက် ထောင်းထားပါ။

ကြက်သွန်နီကိုအခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ။ ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။

အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများကို ထည့်ပေးပါ။ ပြီးတာနဲ့ အရသာ ဝင်အောင် ခပ်ဖွဖွ နယ်ပေးကာ အရသာ မြည်းပေးပါ။ အရသာ သမသွားတာနဲ့ အရသာ ပြင်ပေးပြီး ဆေးပေါင်းခမဲ့ မယ်ဇလီဖူးသုပ်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Credit မူရင်းရေးသားသူ