လမ်းဘေးမှာ ကုန်စိမ်းရောင်းပြီး ဆင်းရဲသားတွေအတွက် ဆေးရုံဆောက်ပေးခဲ့သူ
လမ်းဘေးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ကုန်စိမ်းသည် တစ်ယောက်က ဆေးရုံကြီးတစ်ရုံဆောက်ပေးနိုင်ခဲ့တယ် ဆိုရင် ယုံကြမလား မသိဘူး။ မယုံနိုင်စရာကောင်းပေမယ့် သူ့ရဲ့အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦး အိန္ဒိယမှာ ရှိနေပါတယ်။
သူမနာမည်က ဆပ်ဘ်ဟာစီနီမစ်စ်ထရီ(subhashini mistry) ဖြစ်ပြီး အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ Hanspukur ဆိုတဲ့ရွာမှာနေထိုင်သူပါ။ သူမကြောင့် ဒီရွာဟာ နာမည်ကြီးခဲ့ပါတယ်။
သူမကို ဆင်းရဲတဲ့မိသားစု တစ်စုမှာ မွေးဖွားခဲ့ပြီး အသက် ၁၂နှစ်မှာတော့ Sadhan Chandra Mistry ဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ချပေးခဲ့ပါတယ်။ သူမရဲ့ခင်ပွန်းက ကုန်စိမ်းသည်ဖြစ်ပြီး သူမတို့နှစ်ဦးဟာ ဆင်းရဲတဲ့ဘဝကို အတူရုန်းကန်ခဲ့ကြပါတယ်။
သူမခင်ပွန်းဟာ အသက် ၃၅နှစ်မှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့ပါတယ်။ ရောဂါကြီးကြီးမားမားကြောင့်မဟုတ်ပဲ ဆေးရုံတက်ကုရင် ရနိုင်ပါလျက်နဲ့ ငွေကြေးမတတ်နိုင်လို့ ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူဆုံးသွားတဲ့အချိန်မှာ ဆပ်ဘ်ဟာစီနီ က အသက် ၂၃နှစ်ပဲ ရှိပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်သွားပြီး ကျန်ရစ်ခဲ့တဲ့ ကလေး ၄ယောက်ရဲ့ တာဝန်ဟာ သူမတစ်ယောက်တည်းအပေါ်ကို လုံးလုံးလျားလျား ကျရောက်ခဲ့ပါတယ်။ သားအကြီးဆုံးက အသက် ၈နှစ်ဖြစ်ပြီး အငယ်ဆုံးက ၄နှစ်ဖြစ်ပါတယ်။
ပိုက်ဆံမရှိလို့ သေဆုံးခဲ့ရတဲ့ ခင်ပွန်းအတွက် သူမစိတ်အနာကြီးနာခဲ့ပါတယ်။ နောက်ဆုံးတော့ သူမဆုံးဖြတ်ချက်ကြီး တစ်ခု ချလိုက်ပါတယ်။
အဲဒါကတော့ ပိုက်ဆံမရှိတဲ့သူတွေ ဆေးမကုနိုင်လို့ မသေစေရဘူး ၊ ဆင်းရဲတဲ့သူတွေအတွက် အခမဲ့ကုပေးမယ့် ဆေးရုံကြီးတစ်ရုံ ဆောက်ပေးနိုင်အောင် ကြိုးစားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။
အဲဒီဆုံးဖြတ်ချက်ကို မိတ်ဆွေတွေကို ပြောပြတဲ့အခါ ပညာလည်းမတတ် ဆင်းရဲလွန်းတဲ့ အမျိုးသမီးတစ်ယောက် ဆေးရုံတစ်ရုံဆောက်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မဲ ဆိုပြီး အားလုံးရဲ့လှောင်ပြောင်ရယ်မောခြင်းကို ခံရပါတယ်။
အဲဒီဆုံးဖြတ်ချက် ချပြီးတဲ့အချိန်က စလို့ သူမဟာ မနားမနေ အလုပ်လုပ်ပါတော့တယ်။ ပညာမတတ် အရင်းအနှီးမရှိတာကြောင့် အခြားသူတွေရဲ့အိမ်မှာ အိမ်ဖော်အလုပ် ၊ လမ်းဘေးဈေးရောင်းတဲ့အလုပ်တွေကို လုပ်ခဲ့ပါတယ်။
ဝင်ငွေအလွန်နည်းလွန်းပေမယ့် တတ်နိုင်သမျှချွေတာရင်း သူမ အိပ်မက်အတွက် နည်းနည်းချင်းစီ စုဆောင်းခဲ့ပါတယ်။
နည်းနည်းလေးစုဆောင်းမိလာတော့ စုထားတဲ့ငွေလေးနဲ့ ဟင်းသီးဟင်းရွက် ကုန်စိမ်းဆိုင်လေးဖွင့်နိုင်ခဲ့ပါတယ်။ အမြတ်နည်းနည်းပိုရလာတာကြောင့် ငွေပိုစုနိုင်ခဲ့ပါတယ်။
၀င်ငွေပိုလာခဲ့ပေမယ့် သူမအတွက်ကိုတော့ အိမ်အကူလုပ်စဉ်ကအတိုင်းပဲ အတတ်နိုင်ဆုံး ခြိုးခြံစားသောက်ခဲ့ပါတယ်။ သူမရဲ့အိပ်မက်ကိုလည်း သားသမီးတွေကိုပြောပြထားပါတယ်။
သားအကြီးဆုံးက ဟင်းသီးဟင်းရွက်စိုက်ခင်း အလုပ်သမားဖြစ်ခဲ့ပြီး သမီးနှစ်ယောက်က အိမ်ထောင်ပြုသွားကြတယ်။
Ajoy ဆိုတဲ့ အငယ်ဆုံးသားလေးကတော့ မိခင်ရဲ့ အိပ်မက်ကို ဖြည့်ဖို့ သူလည်းတစိတ်တပိုင်း ပါဝင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာကိုကြိုးစားခဲ့တယ်။ စာအလွန်တော်ပြီး ဆေးကျောင်းဝင်ခွင့်ရခဲ့တယ်။
ကျောင်းတက်ဖို့အတွက် ဂျာမန်လူမှု ကူညီမှုအဖွဲ့တစ်ဖွဲ့ရဲ့ ပညာသင်ဆုကိုရခဲ့တယ်။ နောက်ဆုံးမှာတော့ ကာလကတ္တား ဆေးကောလိပ်မှာ တက်ရောက်နိုင်ခဲ့တယ်။
ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ၁၉၉၃ခုနှစ်မှာတော့ သူမလက်ထဲမှာ ရူပီး ၈သောင်းလောက် စုနိုင်ခဲ့တယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ တိုင်ပင်ကြည့်တဲ့အခါမှာတော့ အစက သူမကိုလှောင်ပြောင်ခဲ့တဲ့မိတ်ဆွေတွေဟာ အံသြသွားကြတယ်။
သူမရဲ့ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အားလုံးဝိုင်းဝန်းကူညီလို့ ဆေးရုံဆောက်ဖို့ တစ်ဧက အကျယ်ရှိတဲ့ မြေကွက်ကိုဝယ်နိုင်ခဲ့တယ်။
ဘာမှမရှိသေးတဲ့ မြေကွက်လပ်ကို လူသားချင်းစာနာမှုဆေးရုံ လို့ ဆိုင်းဘုတ်တပ်ခဲ့တယ်။ အဲဒီနှစ်မှာပဲ သားဖြစ်သူကလည်း ဆေးကျောင်းပြီးသွားတယ်။
အဆောက်အအုံမရှိသေးတဲ့ မြေကွက်လပ်မှာ တဲထိုးပြီး ဆေးကုသခြင်းကို စလုပ်ပေးခဲ့တယ်။ သားဖြစ်သူရဲ့ကျောင်းက မိတ်ဆွေတွေကလည်း အခမဲ့လာရောက် ကူညီကြလို့ စစချင်းနေ့မှာပဲ လူနာ ၂၅၀လောက်ကို ကုသပေးနိုင်ခဲ့တယ်။
ကုန်စိမ်းသည်မတစ်ယောက် ဆေးရုံဆောက်ပြီး မတတ်နိုင်တဲ့သူတွေကို ကုသပေးနေတယ် ဆိုတဲ့သတင်းဟာ ခဏချင်း ပြန့်သွားတယ်။ သူဌေးတွေ ၊ နိုင်ငံရေးသမားတွေ ၊ မီဒီယာတွေဆီပါရောက်သွားခဲ့တယ်။
အားလုံးက အလှူငွေတွေထည့်လာတဲ့အတွက် ဆေးရုံမြေကို မူလ ၁ဧက ကနေ ၃ဧက အထိတိုးချဲ့နိုင်ပြီး အဆောက်အအုံကိုလည်း စဆောက်နိုင်ခဲ့တယ်။
နောက်ဆုံးမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ခဲ့တဲ့ ကုန်စိမ်းသည်မ တစ်ယောက်ရဲ့ အိပ်မက်ဟာ ဖြစ်လာခဲ့ပါတော့တယ်။ ဒီအတွက် ဆပ်ဘ်ဟာစီနီ မရပ်မနား ရုန်းကန်ခဲ့ရတဲ့ အချိန်က နှစ်ပေါင်း ၂၅နှစ်ဖြစ်ပါတယ်။
မပြည့်စုံတဲ့သူတွေအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့သူမဟာ အိန္ဒိယအရပ်သားများကိုပေးသော အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ ပဒမာသျှရီ ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။
သူမဦးဆောင်ဆောက်လုပ်ခဲ့တဲ့ ဆေးရုံကြီးဟာလည်း အနီးအနားဝန်းကျင်မှ မပြည့်စုံသူတွေအတွက် အားကိုးရာ ၂၄နာရီ ဝန်ဆောင်မှုပေးတဲ့ ဆေးရုံကြီးတစ်ရုံဖြစ်နေပါပြီ။
ယခုအခါ အသက် ၇၅နှစ်ရှိနေပြီဖြစ်တဲ့ ဆပ်ဘ်ဟာစီနီ ကတော့ သူမလှူခဲ့တဲ့ ဆေးရုံကြီးကို ကောင်းသထက်ကောင်းတဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုးစားနေဆဲပါ…
ပညာမတတ် ၊ ဆင်းရဲလွန်းတဲ့ ကုန်စိမ်းသည် မုဆိုးမတစ်ယောက်က သူမရဲ့အိပ်မက်ကို မမှိတ်မသုန်အကောင်အထည်ဖော်နိုင်ခဲ့ပါလျှင်….ကျွန်တော်တို့တတွေကရော…
Credit to သုတဇုန်