Knowledge

အိမ်ထောင်ပြုရာမှာ အထူးရှောင်ရှားသင့်တဲ့ “ကွာ သုံးကွာ၊ ချာ သုံးချာ၊ ပါ သုံးပါ” ဆိုသည်မှာ

အိမ်ထောင်ပြုရာမှာ အထူးရှောင်ရှားသင့်တဲ့ “ကွာ သုံးကွာ၊ ချာ သုံးချာ၊ ပါ သုံးပါ” ဆိုသည်မှာ..

“အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည် စုပ်ထိုး၊ ကျောင်းထိုင်ပင့်၊ မြတ်သံဃာ၊ စာချုပ်ရန်ခက်သည့်အမျိုး” ဆိုတဲ့ ရှေးပညာရှိများဆိုမိန့်စကားရှိပါတယ်။

အရွယ်ရောက်လာကြသူ အမျိုးသား အမျိုးသမီးတိုင်း (အပျိုကြီး၊ လူပျိုကြီးကလွဲရင်) အိမ်ထောင်ပြုကြမှာ ဖြစ်ပါတယ်။

အိမ်ထောင်ပြုကြတဲ့ အခါမှာလည်း မိဘပေးစားလို့ အိမ်ထောင်ပြုခြင်း၊ ကိုယ်အချင်းချင်း မေတ္တာမျှကြလို့ အိမ်ထောင်ပြုခြင်းဆိုပြီး နှစ်မျိုး ရှိပါတယ်။

ဘယ်လိုပုံစံမျိုးဖြင့် အိမ်ထောင်ပြုပြု အထူးဆင်ခြင်သင့်၊ ရှောင်ရှားသင့်သည့် “ကွာသုံးကွာ၊ ချာသုံးချာ၊ ပါသုံးပါ” ကိုတော့ အထူးရှောင်ရှားကြပါလို့ ရှေးပညာရှိများက သတိပေးပြောဆို ဆုံးမခဲ့ကြပါတယ်။

ဘာလို့လဲဆိုရင် အိမ်ထောင်ရေး အဆင်မပြေမှုတွေ ဖြစ်မှာ စိုးသည့် အတွက်ကြောင့်ပါ။ ဒါကြောင့် အိမ်ထောင်ပြုတဲ့အခါမှာ “ကွာသုံးကွာ၊ ချာသုံးချာ၊ ပါသုံးပါ” ကို သတိထား လိုက်နာကြဖို့ လိုပါတယ်။

ကွာသုံးကွာ ဆိုတာ..

၁။ လူမျိုး ကွာခြားခြင်း – လူမျိုးကွာခြားခြင်း ဆိုတာ လူမျိုးခြားကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိတဲ့ မိန်းကလေး၊ ယောက်ျားလေးတွေဟာ ကိုယ့်မွေးဖွားလာမယ့် ရင်သွေးငယ်လေးတွေက လူမျိုးခြားစိတ် ပေါက်သွားရင် ကိုယ့်လူမျိုး တဖြေးဖြေးတုံးပြီး ပျောက်ကွယ်သွားနိုင်လို့ပါ။

၂။ အယူဘာသာ ကွာခြားခြင်း – အယူဘာသာကွာခြားသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိတဲ့ သူများဟာ ကိုယ်ကဗုဒ္ဓဘာသာ ကိုယ့်အိမ်ထောင်ဖက်က အခြားဘာသာ ဖြစ်နေရင် အိမ်ထောင်ရေး အဆင်မပြေမှုတွေ အနည်းနဲ့အများ ဖြစ်တတ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ကိုယ်က ဗုဒ္ဓဘာသာ ဖြစ်သည့် အားလျော်စွာ ဒါန သီလ ဘာဝနာတရားများကို ကျင့်ကြံနေတဲ့ သမ္မာဒိဋ္ဌိ အယူမှန်နေသူ ဖြစ်လင့်ကစား ထိုကောင်းမှုများကို ပြုလုပ်ခြင်း ရှင်ပြု ရဟန်းခံခြင်းစတဲ့ ဗုဒ္ဓဘာသာနှင့် ဆိုင်တဲ့ ကုသိုလ်အလုပ်တို့ကို လုပ်ပေမယ့်လို့ ကိုယ့်အိမ်ထောင်ဖက်က အယူဘာသာ မတူညီသောကြောင့် ဝိုင်းဝန်းဆောင်ရွက်ပေးခြင်း မရှိနိုင်ပါဘူး။

ကိုယ်က နေ့ထူးနေ့မြတ်၊ ကိုယ့်ရဲ့မွေးနေ့တို့မှာ ဘုရားသွားကျောင်းတတ် ကုသိုလ်ရေစက်တွေ လုပ်ခြင်တယ်။ ကိုယ့်အိမ်ထောင်ဖက်က ဘာသာခြား ဖြစ်နေသည့်အတွက် လိုလားနှစ်သက်မှာ မဟုတ်ပါဘူး။

ဒီလိုဆိုရင် ရေရှည်မှာ ကိုယ့်အိမ်ထောင်ဖက်နဲ့ ကိုယ်ဟာ ဘာသာရေးနဲ့ ပတ်သက်လို့ အဆင်မပြေမှုတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

၃။ စိတ်နေသဘောထား ကွာခြားခြင်း – စိတ်သဘောထား ကွာခြားသူဆိုတာ ကိုယ်က လှူချင် တန်းချင်၊ သီလစောင့်ချင်၊ ဘာဝနာတရားပွားများ အားထုတ်ချင်သော်လည်း ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်လိုစိတ်ထားမျိုး မရှိဘူးဆိုရင် ထိုကုသိုလ် အလုပ်များကို ကိုယ့်အနေနဲ့ ပြုလုပ်ဖို့ မလွယ်ကူနိုင်တော့ပါဘူး။

ထိုကုသိုလ်ကောင်းမှုများ ပြုလုပ်ခွင့် မရလျှင် ကိုယ်ရဲ့ဘဝသံသရာအတွက် ဘာမှ အားကိုးစရာ ရှိတော့မှာ မဟုတ်တော့ပါဘူး။

လက်ရှိဘဝမှာလည်း စိတ်ချမ်းသာမှုတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါကြောင့် ဖော်ပြပါ “ကွာသုံးကွာ” ကို အိမ်ထောင်ဖက်အဖြစ် အရွေးချယ်ကြဖို့ ရှေးပညာရှိများဆုံးမထားခဲ့ခြင်း ဖြစ်ပါတယ်။

ချာသုံးချာ ဆိုတာ..

၁။ အသိဉာဏ်နုံချာသူ – အသိဉာဏ် ဗဟုသုတ အတွေးအခေါ် နုံချာနေသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိပြီဆိုရင် ကိုယ့်ရဲ့အိမ်ထောင်ဖက်ဟာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ဘာသာရေး၊ မိသားစုအရေး စတဲ့ အရေးတွေမှာ အဆင်ပြေချောမွေ့အောင် တိုးတက်ကြီးပွားအောင် မကြံစည်နိုင်၊ မဆောင်ရွက်နိုင်တော့ပါဘူး။

အကောင်းအဆိုး အကြောင်းအကျိုးတွေကို ကိုယ်တိုင် စဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိတော့ဘဲ သူများပြောတာ အဟုတ်ထင်ပြီး လုပ်မိလုပ်ရာ အကျိုးမဲ့စေမယ့် အလုပ်တွေကိုသာ လုပ်ကိုင်ဆောင်ရွက်တတ်ပြီး ကိုယ့်ရဲ့အရေး မိသားစုအရေး စတာတွေကို နိမ့်ကျသထက် နိမ့်ကျအောင် လုပ်နေတတ်ပါတယ်။

၂။ စာရိတ္တနုံချာသူ – အကျင့်စာရိတ္တမရှိတဲ့ သူမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိရင်လည်း အိမ်ထောင်ရေး အဆင်မပြေနိုင်ပါဘူး။ ဆင်းရဲဒုက္ခမျိုးစုံတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ၊ မိသားစု အရှက်တကွဲ အကျိုးနည်းမှုတွေ ဖြစ်စေပါတယ်၊ ပတ်ဝန်းကျင်ရဲ့အထင်မြင်သေးမှု၊ သံသယမျက်လုံးတွေနဲ့ ကြည့်ခံရမှု၊ ရွံရှာမုန်းတီးမှုတွေကိုပါ လက်ရှိဘဝမှာ ခံရနိုင်သလို ထိုသူအတွက်လည်း တမလွန်ဘဝမှာ အပါယ်လေးပါး ကျရောက်နိုင်ပါတယ်။

၃။ ဘဝပေးနုံချာသူ – မွေးလာကတည်းက မျက်လုံးကန်းသူ၊ ခြေပြတ်၊ လက်ပြတ်၊ ဆွံ့အ နားမကြားသူများကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိရင်လည်း ရေရှည်မှာ အိမ်ထောင်ရေး အဆင်ပြေနိုင်ဖို့ မလွယ်ပါဘူး။

တချို့ ဇနီးမောင်နှံတွေ ဖူးစာလို့ ပြောရမလား၊ သနားတယ်လို့ ပြောရမလား၊ အိမ်ထောင်ဖက် ရွေးချယ်တာမျိုးလည်း ရှိတတ်ကြပါတယ်။

ဒါမျိုးဆိုရင်လည်း နေနှင့်လ ရွှေနှင့်မြဆိုတာမျိုး မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ရှေးပညာရှိများက အိမ်ထောင်ဖက် ရွေးချယ်ကြတဲ့အခါ ထို ”ချာသုံးချာ” ကို ရှောင်ကြပါလို့ ဆုံးမခဲ့တာ ဖြစ်နိုင်ပါတယ်။

ပါသုံးပါ ဆိုတာ..

၁။ အနာရောဂါပါလာသူ –

နာတာရှည် အနာရောဂါ ပါလာသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုက်ရင်လည်း သူ့ကို ဆေးကုပေးရမယ်၊ ဓာတ်စာ ကောင်းကောင်း ဝယ်ကျွေးရမယ်၊ တိုင်းရင်းဆေး၊ နိုင်ငံခြားဆေး မျိုးစုံနဲ့ ဆေးကုပေးရမယ်၊ ဆေးရုံ ဆေးခန်း ကောင်းကောင်းတတ်ပြီး ဆေးကုပေးရမယ်။

ကိုယ်အိမ်ထောင်ဖက်ကို ဆေးကုပေးနေရတာနဲ့တင် စီးပွားရေးကောင်းကောင်း မလုပ်နိုင်တော့ဘဲ စီးပွားရေးနယ်ပယ်မှာ အနုတ် လက္ခဏာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

၂။ အကြွေးပါလာသူ – အကြွေးပါလာသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိရင် သူ့မှာတင်နေတဲ့ အကြွေးကို ကိုယ်က လိုက်ဆပ်ပေးရပါတော့မယ်။ အိမ်ထောင်ပြုခါစ ထိုထိုအိမ်ထောင်ဖက်ရဲ့ အကြွေးများကို လိုက်ဆပ်နေရမည်ဆိုလျှင် စီးပွားရေး နလံထူဖို့ရာ အတော် ခက်ခဲသွားပါလိမ့်မယ်။

၃။ အပိုစားမည့်သူ (လူပိုတွေ) ပါလာသူ – ထိုသူမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရင်လည်း ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ စီးပွားရေးနယ်ပယ်မှာ ကုန်ဈေးနှုံးတွေက အရမ်းကြီးပါတယ်။

ဒါ့အပြင် ကိုယ့်အိမ်ထောင်ဘက်နဲ့ အဆင်မပြေပြန်ရင်လည်း လူမှုရေး ခြေအနေ မကောင်းနိုင်ပါဘူး..။

လူမှုရေး အခြေအနေ မကောင်းရင်တော့ ထိုဒဏ်ကို သည်းမခံနိုင်ကြတော့သည့်အဆုံး လင်မယားခန်း ပြတ်စဲတာတွေပါ ဖြစ်နိုင်ပါတယ်။

ဒါမို့ကြောင့် အိမ်ထောင်ပြုမည်ဆိုလျှင် မိမိရဲ့ အိမ်ထောင်ဖက်မှာ “ကွာသုံးကွာ၊ ချာသုံးချာ၊ ပါသုံးပါ” ထဲတွင် ပါမပါ သုံးသပ်ပြီးတော့မှ

ထို”ကွာ၊ချာ၊ပါ” သုံးမျိုးကို ရှောင်ပြီးတော့ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ကြဖို့.. ရှေးပညာရှိများက အလေးအနက် ညွှန်ကြားဆုံးမခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက် အထက်ပါ စာစုသည် ဘုရားဟော ဒေသနာ မဟုတ်သည့်အတွက် အချို့သူတွေအတွက် မှန်ချင်မှန်မယ်၊ အချို့သူတွေအတွက် မှားကောင်း မှားနိုင်ပါတယ်။

Credit – Tin Maung Hlaing